နုတ်ထွက်စာတင်ခဲ့သည့် ကျေးရွာအုပ်ချုပ်ရေးမှူးများ ULA/AA တိုက်တွန်းချက်ကြောင့် ပြန်လည်တာဝန်ထမ်းဆောင်တော့မည်

အုပ်ချုပ်ရေးမှူးများ နုတ်ထွက်စာ တင်ထားသည့်အတွက် ဒေသအတွင်းပြည်သူများမှာ အလုပ်ကိစ္စ၊ အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်များပြုလုပ်ရာတွင် အခက်အခဲများ ဖြစ်ပေါ်နေကြသည်။

By Admin 03 Jan 2023

နုတ်ထွက်စာတင်ခဲ့သည့် ကျေးရွာအုပ်ချုပ်ရေးမှူးများ ULA/AA တိုက်တွန်းချက်ကြောင့် ပြန်လည်တာဝန်ထမ်းဆောင်တော့မည်

 

DMG ၊ ဇန်နဝါရီ ၃

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်မှ နုတ်ထွက်စာတင်ခဲ့ကြသည့် ကျေးရွာအုပ်ချုပ်ရေးမှူး ၉၀ ခန့်မှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA ၏ တိုက်တွန်းချက်ကြောင့် ပြန်လည်တာဝန်ထမ်းဆောင်တော့မည်ဟု ကာယကံရှင်များထံမှ သိရသည်။

အုပ်ချုပ်ရေးမှူးများ နုတ်ထွက်စာ တင်ထားသည့်အတွက် ဒေသအတွင်းပြည်သူများမှာ အလုပ်ကိစ္စ၊ အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်များပြုလုပ်ရာတွင် အခက်အခဲများ ဖြစ်နေရသဖြင့် ပြန်လည်တာဝန်ထမ်းဆောင်ရန်အတွက် ULA တာဝန်ရှိသူတို့က ဇန်နဝါရီလ ၂ ရက်နေ့တွင် အစည်းအဝေးခေါ်ယူကာ တိုက်တွန်းပြောဆိုခဲ့ကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက “ နုတ်ထွက်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေကို မနေ့က အကုန်လုံးခေါ်ပြီးတော့ ပြန်လည်တာဝန်ဆောင်ဖို့ ညွှန်ကြားထားတယ်။ အဓိကတော့ ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးငယ်ထောက်ပံ့ငွေတွေ၊ ကျေးရွာလျှပ်စစ်မီးလင်းရေး စတဲ့ ကိစ္စတွေမှာ အုပ်ချုပ်ရေးမှူးရှိမှဖြစ်မယ်။ နောက်ပြီးတော့ ကျေးရွာသားတွေ အခက်အခဲဖြစ်နေတဲ့ ထောက်ခံစာယူတာတွေ၊ မှတ်ပုံတင်လုပ်တာတွေ အဆင်ပြေဖို့ တွက် တာဝန်ထမ်းဆောင်ပေးဖို့ ပြောတာပါ ” ဟု ဆိုသည်။

အစည်းအဝေးကို နုတ်ထွက်စာတင်ထားသည့် ပုဏ္ဏားကျွန်းမြို့နယ်မှ အုပ်ချုပ်ရေးမှူး ၇၀ ခန့်နှင့် ရသေ့တောင် ကူတောင်တိုက်နယ်ကျေးရွာ (၁၉) ရွာမှ အုပ်ချုပ်ရေးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး ၇၀ ကျော်မှာ ပြီးခဲ့သည့် နိုဝင်ဘာလ တတိယအပတ်အတွင်းနှင့်  ရသေ့တောင်မြို့နယ်မှ အုပ်ချုပ်ရေးမှူး ၁၉ ဉီးတို့မှာ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၆ ရက်နေ့က သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့သွားရောက်ကာ နုတ်ထွက်စာ တင်ခဲ့ကြခြင်းဖြစ်သည်။

၎င်းတို့မှာ ပြီးခဲ့သည့် တကျော့ပြန်စစ်ရေး ကာလအတွင် မြန်မာစစ်တပ်က ဒေသခံအုပ်ချုပ်ရေးမှူးတို့ကို AA နှင့် ဆက်စပ်သည်ဟု သံသယဝင်ဖမ်းဆီးမှုအချို့နှင့်  AA ဘက်ကလည်း ၄င်းတို့ကို စစ်ကောင်စီက ခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူးများဟုဆိုကာ နှစ်ဖက်ကြားညှပ်နေရသည့်အတွက် နှုတ်ထွက်ရခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ပြန်လည်တာဝန်ထမ်းဆောင်ရန် ULA/AA က တိုက်တွန်းထားသော်လည်း မြန်မာစစ်တပ်ဘက်က မည်သို့ ဆောင်ရွက်လာမည်ကို မသိရသေးကြောင်းလည်း ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ဆိုသည်။

“ ULA/AA ဖက်ကတော့ ပြန်ပြီးတော့ တာဝန်ထမ်းဆောင်ပေးဖို့ ပြောထားတယ်။ စစ်ကောင်စီဖက်ကိုတော့ မသိရသေးဘူး။ အဓိက ကျနော်တို့ နုတ်ထွက်စာတင်ထားတာကလည်း နှစ်ဖက်ကြားညှပ်တဲ့အတွက် နုတ်ထွက်တာဖြစ်တယ်။ ULA ဖက်က ပြန်ပြီးတော့ တာဝန်ဆောင်ဖို့ပြောထားပေမယ့် စစ်ကောင်စီဖက်က ဘယ်လိုဆောင်ရွက်သွားမယ် ဆိုတာတော့ မသိရသေးဘူး ” ဟု ရသေ့တောင်မြို့နယ်မှ အုပ်ချုပ်ရေးမှူးတစ်ဦးက ဆိုသည်။

လက်ရှိအချိန်တွင် အုပ်ချုပ်ရေးမှူးမရှိသည့်အတွက် ဒေသခံများမှာ မှတ်ပုံတင်ပြုလုပ်ရန်နှင့် ခရီးသွားလာရာတွင် အုပ်ချုပ်ရေးမှူးထောက်ခံစာ မရသည့်အတွက် အခက်အခဲများရှိနေသဖြင့် ပြန်လည်တာဝန် ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ပုဏ္ဏားကျွန်းမြို့နယ်မှ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

“ အခုဆိုရင် ရွာတွေမှာ ရွာသားတွေက ထောက်ခံစာတွေ ယူလို့မရဘူး။ နုတ်ထွက်စာတင်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေက တံဆိပ်တုံးတွေကို အကုန်လုံးအပ်ထားခဲ့ပြီ။ မှတ်ပုံတင်မရှိတဲ့ သူတွေဆိုရင်လည်း မှတ်ပုံတင်လုပ်ဖို့အတွက် အုပ်ချုပ်ရေးမှူးထောက်ခံစာ မရှိတဲ့အတွက် လုပ်လို့မရဘူး။ အဲဒါကြောင့် ပြန်ပြီးတော့ တာဝန်ထမ်းဆောင်သွားမှာပါ ” ဟု ၎င်းကဆိုသည်။

ယခုကဲ့သို့ အုပ်ချုပ်ရေးမှူးများ ပြန်လည်တာဝန်ထမ်းဆောင်မည့် ကိစ္စနှင့်ပတ်သက်ပြီး ပုဏ္ဏားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမောင်စံဝင်းနှင့် ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဉီးနိုင်လင်းထက် တို့ကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရရှိသေးပေ။

ထိုသို့  အုပ်ချုပ်ရေးမှူးများကို ULA/ AA ဖက်က ပြန်လည်တာဝန်ထမ်းဆောင်ရန် တိုက်တွန်းခြင်းမှာ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားကို ULA ၏ အုပ်ချုပ်ရေးအဖြစ် ပုံဖော်စေလိုခြင်းအပြင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးကိစ္စများကို သိရှိစေရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်းလည်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက ပြောသည်။

“အုပ်ချုပ်ရေးမှူးတွေက ဟိုဖက်၊ ဒီဖက်ဆက်စပ်တဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်။ စစ်ကောင်စီဖက်က အုပ်ချုပ်ရေးယန္တရားဖြစ်တဲ့ အုပ်ချုပ်ရေးမှူးတွေကို ULA/AA အနေနဲ့ သုံးဖို့ လိုအပ်တယ်။ ဒါကြောင့် ULA/AA အတွက်လည်း ဒီအုပ်ချုပ်ရေးမှူးတွေဟာ သူတို့နဲ့ ဆက်စပ်ဖို့လုပ်ငန်းမှာ သုံးဖို့လိုတဲ့အတွက် ပြန်လည်တာဝန်ထမ်းဆောင်ဖို့ ခိုင်းတယ်လို့ပဲမြင်တယ် ” ဟု ဉီးဖေသန်းက သုံးသပ်သည်။

ပြီးခဲ့သည့် ၂၀၁၈ -၂၀၂၀ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲကာလကလည်း မြန်မာစစ်တပ်က အုပ်ချုပ်ရေးမှူးများကို ဖမ်းဆီးမှုများရှိခဲ့သဖြင့် ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ ရသေ့တောင်၊ မင်းပြား စသည့်မြို့နယ်များမှ ကျေးရွာအုပ်ချုပ်ရေးမှူး အများအပြား နုတ်ထွက်မှုများရှိခဲ့ဖူးသည်။ 

ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား လူသားချင်းစာနာထောက်ထားမှုကို အခြေခံကာ အပစ်အခတ်ရပ်စဲထားသည်မှာ တစ်လကျော်အထိ ကြာမြင့်လာနေပြီဖြစ်သည်။

#R007

ဗီဒီယိုများ