တပ်မတော်က မဲကိစ္စများတွင်ပါဝင်နေသော်လည်း USDP နှင့် မသက်ဆိုင်ဟုဆို

တပ်မတော်အနေဖြင့် ရွေးကောက်ပွဲဖြစ်စဉ်များနှင့်ပတ်သက်ပြီး မဲစာရင်းအချက်အလက်များကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)ထံမှ တောင်းခံနေခြင်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)နှင့် မသက်ဆိုင်ကြောင်း ပါတီထိပ်ပိုင်းခေါင်းဆောင်များက ဆိုသည်။

11 Dec 2020

Photo - Union Solidarity and Development Party Page

ခင်သရဖီဦး | DMG
ဒီဇင်ဘာ ၁၁ ၊ စစ်တွေ

တပ်မတော်အနေဖြင့် ရွေးကောက်ပွဲဖြစ်စဉ်များနှင့်ပတ်သက်ပြီး မဲစာရင်းအချက်အလက်များကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)ထံမှ တောင်းခံနေခြင်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)နှင့် မသက်ဆိုင်ကြောင်း ပါတီထိပ်ပိုင်းခေါင်းဆောင်များက ဆိုသည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့ကကျင်းပခဲ့သော ရွေးကောက်ပွဲနှင့်ပတ်သက်၍ နေပြည်တော်ရှိ USDP ဌာနချုပ်တွင် ဒီဇင်ဘာ ၁၁ ရက်နေ့မှာပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“တပ်မတော်ကို ကျနော်တို့အနေနဲ့ သီးခြားပြောစရာအကြောင်းမရှိပါဘူး။ တပ်မတော်သည့် သူရဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပေးထားတဲ့လုပ်ငန်းတာဝန်တွေအရ လုပ်နေတာဖြစ်ပါတယ်။ ကျနော်တို့နဲ့ ဆွေးနွေးတိုင်ပင် ရမယ့်အဖွဲ့အစည်းမဟုတ်ပါဘူး” ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)တို့သည် မဲကိစ္စများနှင့် အငြင်းပွားနေကြသည့်အချိန်တွင် တပ်မတော်အနေဖြင့် ရွေးကောက်ပွဲဖြစ်စဉ်များတွင် ပါဝင် ပတ်သက်နေခြင်းမှာ USDP နှင့် တပ်မတော်တို့ ချိတ်ဆက်မှုများရှိနေသည်ဟု ဝေဖန်မှုများရှိနေသည်။

တပ်မတော်အနေဖြင့် လွတ်လပ်၍တရားမျှတမှုရှိသော ရွေးကောက်ပွဲတစ်ခုအဖြစ် သံသယကင်းရှင်းစွာ အသိအမှတ်ပြုနိုင်ရေးအတွက် ရွေးကောက်ပွဲဖြစ်စဉ်များအား စိစစ်သုံးသပ်ရာတွင် လိုအပ်သည့်စာရွက်စာတမ်း များကို ကူးယူခွင့်တောင်းခံရာတွင် သက်ဆိုင်ရာကော်မရှင်အဖွဲ့(ခွဲ) အဆင့်ဆင့်အား ညွှန်ကြားပေးနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံသို့ နိုဝင်ဘာလ (၃၀)ရက်နေ့က မေတ္တာရပ်ခံကြောင်းထုတ်ပြန်ခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကမူ ရွေးကောက်ပွဲစာရွက်စာတမ်းများကို မိတ္တူကူးယူခွင့်ပြုရမည် ဆိုခြင်းကို သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေနှင့် နည်းဥပဒေများမှာ ပြဋ္ဌာန်းထားခြင်းမရှိကြောင်း ဒီဇင်ဘာလ ၇ ရက်နေ့မှာ တပ်မတော်အားတုန့်ပြန်ခဲ့သည်။

ထို့အပြင် ဒေါက်တာနန္ဒာလှမြင့်က “USDP အနေဖြင့် မည်သူ့ကိုအားကိုးရမှန်းမသိဘူး”ဟု ပြောဆိုခဲ့ခြင်းသည် ကော်မရှင်၏ လုပ်ဆောင်ချက်နှင့်ပတ်သက်ပြီး တိုင်ကြားမှုများရှိခဲ့သော်လည်း အစိုးရအနေဖြင့် တစ်စုံတစ်ရာ ဆောင်ရွက်ပေးခြင်းမရှိသည့်အတွက် ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲ၌ ရှင်းပြခဲ့သည်။

“နိုင်ငံရေးပါတီအားလုံးအတွက် သမာသမတ်ကျကျဆောင်ရွက်ပေးရမယ့် ကော်မရှင်ဟာ ဘက်လိုက်နေတဲ့ အချိန် ကျနော်တို့နိုင်ငံရေးပါတီတွေကို တရားဝင်စောင့်ရှောက်ကူညီပေးရမယ့် ကော်မရှင်ကိုယ်တိုင်က မမှန်မကန် ဖြစ်နေတဲ့အချိန်မှာ ကျနော်တို့ ဘယ်သူကိုဘာပြောရမလဲ။ နိုင်ငံတော်အစိုးကို တင်ပြတော့လည်း အကြောင်း ပြန်ကြားချက်တစ်စုံတစ်ရာမရှိခဲ့တဲ့အတွက် ဒီသဘောကိုပေါ်လွင်စေချင်လို့ ပြောတာဖြစ်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေဖြင့် ယခုကဲ့သို့ မဲရလဒ်များနှင့်ပတ်သက်ပြီး ပြောဆိုနေခြင်း မှာလည်း ပြည်သူများအနေဖြင့် အမှန်တရားကိုသိသင့်သည့်အတွက် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် တာဝန်ရှိသူများက ပြောဆိုခဲ့ကြသည်။

ဗီဒီယိုများ