ရခိုင်တွင် ရွေးကောက်ပွဲရလဒ်ကို ကန့်ကွက်ရန်မရှိကြောင်း USDP ပြော

နိုဝင်ဘာလ ၈ နေ့ကကျင်းပခဲ့သည့်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ ရွေးကောက်ပွဲရလဒ်များအပေါ် ကန့်ကွက်လွှာတင်သွင်းရန်မရှိကြောင်း ရခိုင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေက ပြောသည်။

12 Dec 2020

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝန်းရံသူများအား ရွေးကောက်ပွဲမဲဆွယ်ကာလတွင် တွေ့ရစဉ်

ခင်သရဖီဦး | DMG
ဒီဇင်ဘာ ၁၂ ၊ စစ်တွေ

နိုဝင်ဘာလ ၈ နေ့ကကျင်းပခဲ့သည့်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ ရွေးကောက်ပွဲရလဒ်များအပေါ် ကန့်ကွက်လွှာတင်သွင်းရန်မရှိကြောင်း ရခိုင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေက ပြောသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲရလဒ်များမှာ တရားမျှတမှုမရှိဟုဆိုကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တိုင်းနှင့်ပြည်နယ်တချို့တွင် ကန့်ကွက်လွှာများဖြင့် ပြည်ထောင်စုကော်မရှင်ထံ တိုင်ကြားမှုများ ပြုလုပ်လျက်ရှိကြောင်း ယင်းပါတီထံမှ သိရသည်။

သို့သော် ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲကျင်းပခဲ့သည့် မြို့နယ်များ၏ မဲရလဒ်များနှင့်ပတ်သက်ပြီး ကန့်ကွက်လွှာတင်သွင်းရန်မရှိကြောင်း ရခိုင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေက ဆိုသည်။

“ပထမတစ်ချက်က တိုင်မယ့်အချက်အလက်ကလည်း တိကျခိုင်မာရမယ်။ ဒုတိယတစ်ချက်ကတော့ အများစု နိုင်တဲ့ပါတီကလည်း ကိုယ့်တို့ရခိုင်အမျိုးသားပါတီတွေ ဖြစ်နေတာကြောင့် အဲဒါတွေကိုသုံးသပ်ပြီးတော့ မတင်ဖြစ် တာပါ” ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင်မူ ရခိုင်ပြည်နယ်၌ ရမ်းဗြဲ၊ အမ်း၊ မြေပုံမြို့နယ်တွင် ပြိုင်ဖက် ကိုယ်စားလှယ်များ တရားမဲ့ပြုကျင့်မှုရှိကြောင်း အထောက်အထားများနှင့် ချင်းတိုင်းရင်းရေးရာဝန်ကြီးနေရာများ အတွက် ကန့်ကွက်လွှာ တင်သွင်းမှုများရှိခဲ့ကြောင်း ရခိုင်ပြည်နယ် USDP ထံမှ သိရသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပွင့်လင်းမြင်သာမှုမရှိဘဲ တရားမျှတမှုအားနည်းကြောင်း၊ ရွေးကောက်ပွဲ ဆိုင်ရာ တရားမဲ့ပြုကျင့်မှုများကိုလည်း သက်သေအထောက်အထားများရရှိထားကြောင်း ဒီဇင်ဘာ ၁၁ ရက်က နေပြည်တော်ရှိ USDP ပါတီဌာနချုပ်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် USDP ပါတီ ထိပ်ပိုင်း ခေါင်းဆောင်များက ရှင်းလင်းပြောဆိုထားသည်။

ယခုရွေးကောက်ပွဲတွင် လွှတ်တော်အဆင့်ဆင့်၌ ရခိုင်အမျိုးသားပါတီ ANP မှ ၁၅ ဦး၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD မှ ၈ ဦး၊ ရခိုင့်ဦးဆောင်ပါတီ AFP မှ ၃ ဦးနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၂ ဦး စုစုပေါင်း ၂၈ ဦး အနိုင်ရရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အတည်ပြုထုတ်ပြန်ထားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)အနေဖြင့် ယခု ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ အမျိုးသားလွှတ်တော်တွင် ၅ ဦး၊ ပြည်သူ့လွှတ်တော်နေရာတွင် ၈ ဦး၊ ပြည်နယ် လွှတ်တော်တွင် ၁၄ ဦး၊ စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ် ၂၇ ဦး ဝင်ပြိုင်ခဲ့ရာ ပြည်နယ်လွှတ်တော် ၂ နေရာသာ အနိုင်ရရှိခဲ့သည်။

ဗီဒီယိုများ