NLD အားကောင်းခဲ့သော ရခိုင်တောင်ပိုင်းကို USDP က ပိုမိုစည်းရုံးလာနိုင်

USDP ပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့် ရခိုင်ပြည်နယ် USDP ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ တို့သည် ရခိုင်ပြည်တောင်ပိုင်းက ကျောက်ဖြူ၊ သံတွဲ၊ အမ်း၊ တောင်ကုတ် စသည့် (၇)မြို့နယ်တို့မှ ပါတီဝင် (၈၀)ဦးနှင့် မတ်လ ၁၁ ရက်နေ့က တွေ့ဆုံခဲ့သည်။

By Admin 13 Mar 2023

USDP ပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့် ပါတီဝင်များ သံတွဲမြို့နယ်ပါတီရုံးတွင် တွေ့ဆုံခဲ့စဉ်။ ဓာတ်ပုံ - USDP
USDP ပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့် ပါတီဝင်များ သံတွဲမြို့နယ်ပါတီရုံးတွင် တွေ့ဆုံခဲ့စဉ်။ ဓာတ်ပုံ - USDP

DMG ၊ မတ် ၁၃

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) အင်အားကောင်းသည့် ရခိုင်ပြည်တောင်ပိုင်း မြို့နယ်များကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)က စည်းရုံးရေးတည်ဆောက်မှု ပိုမိုလုပ်ဆောင်လာနိုင်ကြောင်း နိုင်ငံရေးအကဲခတ်တို့က သုံးသပ်ကြသည်။ 

USDP ပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့် ရခိုင်ပြည်နယ် USDP ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ တို့သည် ရခိုင်ပြည်တောင်ပိုင်းက ကျောက်ဖြူ၊ သံတွဲ၊ အမ်း၊ တောင်ကုတ် စသည့် (၇)မြို့နယ်တို့မှ ပါတီဝင် (၈၀)ဦးနှင့် မတ်လ ၁၁ ရက်နေ့က သံတွဲမြို့နယ်ပါတီရုံးတွင် တွေ့ဆုံခဲ့သည်။

လက်ရှိမှာ NLD ပါတီသည် ပျက်သုဉ်းနေသည့် အနေအထားဖြစ်သဖြင့် ၎င်းတို့ သြဇာအာဏာလွှမ်းမိုးခဲ့သော နေရာများ၌ USDP ပါတီက အခွင့်အရေးယူပြီး ဒေသခံပြည်သူများကို စည်းရုံးရေးလုပ်ဆောင်နေခြင်း ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဆိုသည်။

“စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတယ်။ အဲဒီအထဲမှာမှ USDP ပါတီကို အဓိကထားပြီးတော့ မဲအနိုင်ရအောင်၊ အာဏာရအောင် လုပ်ဆောင်မယ့်သဘောရှိတယ်။ အဲဒီတော့ NLD ပါတီ သြဇာအာဏာရှိခဲ့တဲ့ နေရာတွေမှာ အခုသူတို့(NLD)က ဘာမှမလုပ်နိုင်တော့ဘူး။ ဆိုတော့ အဲဒီနေရာတွေမှာ သူတို့(USDP)က မက်လုံးတွေ၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေပေးပြီး စည်းရုံးရေးတွေ လုပ်ဆောင်မယ်။ နည်းမျိုးစုံနဲ့လုပ်မှာဖြစ်တဲ့အတွက် မနိုင်လည်း နိုင်ရမယ်ဆိုတဲ့ အနေအထားသဘောရှိတယ်” ဟု ၎င်းက ဆိုသည်။

USDP ပါတီဥက္ကဌနှင့် ရခိုင်ပြည်တောင်ပိုင်းမှ ပါတီဝင်များ တွေ့ဆုံရာတွင် ခေတ်အဆက်ဆက် ဖြတ်သန်းခဲ့ရသည့် သမိုင်းဖြစ်ရပ်များ၊ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုများ၊ ဒုတိယရက် ၉၀ ကာလ ဆောင်ရွက်ရန်ကိစ္စရပ်များ၊ မှန်ကန်မှုမရှိသော သတင်းဌာနအချို့၏ မီဒီယာထောင်ချောက်များ စသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု ရခိုင်ပြည်နယ် USDP ပါတီ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

ယင်းသို့တွေ့ဆုံမှု အသေးစိတ်ကိုသိရှိနိုင်ရန် ရခိုင်ပြည်နယ် ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဒေါက်တာစန်းရွှေကို DMG က ဆက်သွယ်ခဲ့ရာတွင် မအားသေးကြောင်း ပြောဆိုသည်။

ရခိုင်ပြည်တောင်ပိုင်းမှ သံတွဲ၊ တောင်ကုတ်၊ ဂွမြို့နယ်များသည် ယခင်ကျင်းပခဲ့သော ရွေးကောက်ပွဲများတွင် NLD ပါတီက အနိုင်ရရှိခဲ့သည့် ဒေသများဖြစ်သည်။

USDP ပါတီအနေဖြင့် ရခိုင်တောင်ပိုင်းတွင် စည်းရုံးရေး လုပ်ဆောင်နေသော်လည်း စစ်တပ်ထောက်ခံသူမှလွဲ၍ ထောက်ခံမှုအားနည်းသဖြင့် အောင်မြင်မည့်အနေအထား မရှိဟု ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက ပြောသည်။

“NLD ပါတီမရှိတဲ့ အနေအထားမှာတော့ စစ်တပ်နောက်ခံပါတီအနေနဲ့တော့ အဲဒီအခွင့်အရေးတွေကိုယူပြီး အခုအချိန်မှာ ပြည်သူတွေကို ထောက်ခံဖို့စည်းရုံးမယ်။ ဒါပေမယ့် ပြည်သူလူထုအများစုကတော့ အခုအချိန်မှာ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ တစ်ပြည်နယ်လုံးက စိတ်ဝင်စားမှု မရှိကြဘူး။ ပြည်သူတွေဟာ ပါတီနိုင်ငံရေးထက် လက်နက်ကိုင်တော်လှန်ရေးကို ပိုပြီးစိတ်ဝင်စားနေကြတာ။ မလွဲသာ၊ မရှောင်သာလို့ ရွေးကောက်ပွဲဖြစ်ရင်တောင် ပြည်သူတွေကတော့ သူတို့(USDP)ပါတီကို စိတ်ဝင်စားမှာ မဟုတ်ဘူး” ဟု ဦးဖေသန်းက ဆိုသည်။

ကြံ့ခိုင်ရေးပါတီသည် စစ်ကောင်စီကကျင်းပမည့် ရွေးကောက်ပွဲကိုဝင်ရောက်ရန် ပထမဆုံး မှတ်ပုံတင်ထားပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းက ရခိုင်ပြည်က မြို့နယ်တချို့တွင် ရွေးကောက်ပွဲတွင်ကျင့်သုံးမည့် အချိုးကျကိုယ်စားပြု(PR)စနစ်အကြောင်း၊ ပါတီရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပါတီဝင်များနှင့် တွေ့ဆုံရှင်းလင်းမှုများ ရှိခဲ့သည်။

ကြံ့ခိုင်ရေးပါတီသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာ အမ်းမြို့နယ်တွင် ပြည်သူ့လွှတ်တော် (၁)နေရာနှင့် ပြည်နယ်လွှတ်တော်(၁)နေရာ အနိုင်ရရှိခဲ့သည်။

လက်ရှိတွင် ဒေါက်တာအေးမောင်ဦးဆောင်သည့် ရခိုင့်ရှေ့ဆောင်ပါတီ(AFP)ကလည်း ရွေးကောက်ပွဲဝင်ရန် မှတ်ပုံတင်ထားပြီး အင်အားကြီး ရခိုင်အမျိုးသားပါတီ(ANP)ကလည်း မှတ်ပုံတင်ရန် ရှိနေသည်။ သို့သော် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)ပါတီအနေဖြင့် စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်ကြောင်း ပြောဆိုထားသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသာမာမှုပြုလုပ်ခဲ့သည် ဆိုသည့် အကြောင်းပြချက်နှင့် စစ်ကောင်စီက နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပြီး ရွေးကောက်ပွဲ ပြန်လည်ပြုလုပ်ပေးမည်ဟု အသံပြုထားသည်။

စစ်ကောင်စီက ယခင်ရွေးကောက်ပွဲများတွင် အသုံးပြုခဲ့သည့် အနိုင်ရအကုန်ယူ(First Past the Pose-FPTP) စနစ်အစား အချိုးကျကိုယ်စားပြု (Proportional Representation –PR)စနစ်ဖြင့် ရွေးကောက်ပွဲပြုလုပ်ရန် စီစဉ်နေသည်။

#R010

ဗီဒီယိုများ