မေယုတောင်တွင် ဝါးခုတ်သွားသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ ခြေတစ်ဖက်ဆုံးရှုံး

လက်ရှိတွင် မိုင်းထိလူနာအား စေတီပြင်တိုက်နယ်ဆေးရုံ၌ ဆေးကုသပေးထားပြီး ဒဏ်ရာပြင်းထန်သဖြင့် စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်ရမည်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

By Admin 01 Mar 2023

ဓာတ်ပုံ - Citizen Journalist
ဓာတ်ပုံ - Citizen Journalist

DMG ၊ မတ် ၁

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ မယူကမ်းဒေသ စေတီပြင်ကျေးရွာမှ အမျိုးသားတစ်ဦးမှာ ဝါးခုတ်သွားစဉ်  ယနေ့နံနက် ၉ နာရီကျော်အချိန်ခန့်က မိုင်းနင်းမိသောကြောင့် ဘယ်ခြေတစ်ဖက်ဆုံးရှုံးလိုက်ရပြီး ညာခြေမှာလည်း ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

အသက် ၃၈ နှစ်အရွယ် ဦးအောင်စံဌေးမှာ စေတီပြင်ကျေးရွာမှ ၅ မိုင်ခန့်ဝေးသည့် မေယုတောင်တန်းတွင်  ဝါးခုတ်သွားစဉ် နင်းမိသွားခြင်းဖြစ်ကြောင်း စေတီပြင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးထွန်းလှိုင်က ပြောသည်။

“မယူတောင်ကို သူက ဝါးခုတ်ဖို့သွားတာ။ တောင်ထဲမှာ မြန်မာစစ်တပ်က စခန်းချထားတာရှိတယ်။ ဝါးခုတ်ဖို့သွားတော့ မိုင်းနင်းမိပြီး ခြေတစ်ဖက် လုံးဝပြတ်သွားတယ်။ နောက်တဖက်ကလည်း ဒဏ်ရာပြင်းတဲ့အတွက် ဖြတ်ရမယ့်အခြေအနေရှိတယ်” ဟု သူကပြောသည်။  

လက်ရှိတွင် မိုင်းထိလူနာအား စေတီပြင်တိုက်နယ်ဆေးရုံ၌ ဆေးကုသပေးထားပြီး ဒဏ်ရာပြင်းထန်သဖြင့် စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်ရမည်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

စေတီပြင်နှင့် အနီးတဝိုက်မှ ဒေသခံကျေးရွာသားများမှာ မေယုတောင်ပေါ်တွင် သစ်ခုတ်၊ ဝါးခုတ်၊ ဟင်းရှာပြီး အသက်မွေးလုပ်ငန်းများ နေ့စဉ်လုပ်ကိုင်နေကြရသဖြင့် ယခုကဲ့သို့ တောတောင်အတွင်း မိုင်းနင်းမိမှုကြောင့် စိုးရိမ်စိတ်များ ရှိနေကြသည်။

“ကျနော်တို့ရွာ ဒေသခံတွေက တောင်ပေါ်သွားပြီး ဝါးခုတ်ထင်းရှာကြတယ်။ အခုတောင်ပေါ်မှာ မိုင်းနင်းမိတယ် ဆိုတော့ ဒေသခံတွေအနေနဲ့ စိုးရိမ်ပူပန်မှုတွေတော့ ရှိကြတယ်” ဟု စေတီပြင်ကျေးရွာသား ဦးလှမောင်က ပြောသည်။

ရခိုင်ပြည်နှင့် ပလက်ဝဒေသမှ ပြည်သူများမှာ အသက်မွေးဝမ်းကျောင်းရန် တောတောင်ထဲသို့သွားရာတွင် မိုင်းထိမှန်မှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိခြင်း အန္တရာယ်များကို မကြာခဏ ရင်ဆိုင်ကြုံတွေ့နေကြရသည်။ 

ထို့ကြောင့် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက် အန္တရာယ်များ လျှော့ချနိုင်ရေးအတွက် AA ထိန်းချုပ်ရာဒေသများတွင် မိုင်းရှင်းလင်းမှုများ၊ အသိပညာပေးဆောင်ရွက်ခြင်းများ လုပ်ဆောင်နေကြောင်း ဖေဖော်ဝါရီ ၂၇ ရက်နေ့က ပြုလုပ်ခဲ့သည့် ULA/AA ၏ သတင်းစာရှင်းလင်းပွဲတွင် ဦးခိုင်သုခက ပြောဆိုခဲ့သည်။

“ပြည်သူတွေ အန္တရာယ်ကင်းရှင်းရေးအတွက် ကျနော်တို့ ထိန်းချုပ်မှုနယ်မြေတွေမှာ မိုင်းပေါက်ကွဲမှုတွေ လျော့ချနိုင်အောင် လုပ်ဆောင်နေတာရှိတယ်။ လက်လှမ်းမီလောက် နေရာတွေမှာ မိုင်းရှင်းလင်းတာတွေ ရှိတယ်” ဟု ဦးခိုင်သုခက DMG ၏ မေးမြန်းမှုကို ဖြေဆိုထားသည်။ 

သို့သော်လည်း တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည့်  မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ အမ်းမြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် မိုင်းပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပေါ်နေသည်။  

ထို့ကြောင့် တိုက်ပွဲရပ်ထားသည့်ကာလတွင် ဒေသခံများလုပ်ကိုင်စားသောက်နေသော တောတောင်ဥယျာဉ်များရှိ မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်များကို ရှင်းလင်းပေးရန် နှစ်ဘက်လက်နက်ကိုင်အဖွဲ့များအား တောင်းဆိုနေကြသည်။

DMG မှ ကောက်ယူထားသောစာရင်းအရ ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တကျော့ပြန်တိုက်ပွဲရပ်တန့်ခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့မှ ၂၀၂၃ ခုနှစ် မေလ ၁ ရက်နေ့အထိ မိုင်းနှင့် စစ်ကျန်လက်နက် ပေါက်ကွဲမှုများကြောင့် သေဆုံးသူ ၆ ဦးနှင့် ဒဏ်ရာရရှိသူ ၁၄ ဦး အထိ ရှိလာနေသည်။

သေဆုံးသူများထဲတွင် ဘူးသီးတောင်မြို့နယ်မှ ၁ ဦး၊ မောင်တောမြို့နယ်မှ ၂ ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ၂ ဦးနှင့် မင်းပြားမြို့နယ်မှ ၁ ဦးတို့ဖြစ်ပြီး ဒဏ်ရာရရှိသူထဲတွင် ဘူးသီးတောင်မြို့နယ်မှ ၅ ဦး၊ မောင်တောမြို့ နယ်မှ ၁ ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ၄ ဦး မြောက်ဦးမြို့နယ်မှ ၁ ဦး၊ အမ်းမြို့နယ်မှ ၁ ဦး၊ ကျောက်တော်မြို့နယ်က ၁ ဦးနှင့် ရသေ့တောင်မြို့နယ်မှ ၁ ဦး တို့ဖြစ်သည်။ 

#I001

ဗီဒီယိုများ