စစ်ကောင်စီတပ်က ကျေးရွာအတွင်းမှ ယာယီထွက်သွားခိုင်း၍ ဘူးသီးတောင်ဒေသခံ ၂၀၀ ခန့် နေရပ်စွန့်ခွာ

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ ဖရုံချောင်းကျေးရွာနှင့် ငှက်ပျောချောင်းကျေးရွာ ဒေသခံများကို ကျေးရွာအတွင်းမှ ယာယီထွက်သွားကြရန် စစ်ကောင်စီတပ်က ပြောဆိုမှုကြောင့် ကျေးရွာသားများမှာ နေရပ်စွန့်ခွာပြီး နီးစပ်ရာတွင် ခိုလှုံနေထိုင်နေရသည်။

By Admin 04 May 2023

ရခိုင်တိုက်ပွဲပြင်းထန်ချိန်က နေရပ်စွန့်ခွာထွက်ပြေးနေကြသော ဘူးသီးတောင်ဒေသခံများ။
ရခိုင်တိုက်ပွဲပြင်းထန်ချိန်က နေရပ်စွန့်ခွာထွက်ပြေးနေကြသော ဘူးသီးတောင်ဒေသခံများ။

DMG ၊ မေ ၄

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ ဖရုံချောင်းကျေးရွာနှင့် ငှက်ပျောချောင်းကျေးရွာ ဒေသခံများကို ကျေးရွာအတွင်းမှ ယာယီထွက်သွားကြရန် စစ်ကောင်စီတပ်က ပြောဆိုမှုကြောင့် ကျေးရွာသားများမှာ နေရပ်စွန့်ခွာပြီး နီးစပ်ရာတွင် ခိုလှုံနေထိုင်နေရသည်။

စစ်ကောင်စီ ခြေမြန်တပ်မ (၂၂) က တပ်သားလေးဦးခန့် ပျောက်သွားခြင်းနှင့်ပတ်သက်၍ ကျေးရွာသားများအား စုံစမ်းမေးမြန်းမှုများ ပြုလုပ်ပြီးနောက် ကျေးရွာမှ ယာယီထွက်သွားကြရန် ဧပြီလ ၃၀ ရက်နေ့တွင် ပြောဆိုလာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောကြသည်။

“သူတို့မှာ စစ်သားသုံးလေးယောက် တပ်ထဲက ပျောက်သွားတယ်လို့ ပြောတယ်။ အဲဒါကို ရွာကလူတွေကိုမေးတော့ မသိဘူးပြောတယ်။ ပြီးတာနဲ့ ရွာသားတွေကို ‘ဒီမှာမနေနဲ့တော့’ လို့ပြောတယ်။ အရင်ဆုံး ရွာကလူတွေကို ထွက်သွားခိုင်းပြီး၊ သက်ကြီးရွယ်အိုနဲ့ မသန်စွမ်းတွေကို ထားခဲ့ဖို့ပြောတယ်။ နောက်နှစ်ရက်လောက်ကြာတော့ သက်ကြီးရွယ်အိုနဲ့ မသန်စွမ်းတွေကိုပါ ခေါ်ယူသွားဖို့ ထပ်ပြောတယ်။ အဲဒါကြောင့် ကျနော်တို့လည်း ရွာကမထွက်ချင်ဘဲ ထွက်လာရတယ်” ဟု ဖရုံချောင်းကျေးရွာ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

ဖရုံချောင်းကျေးရွာတွင် အိမ်ခြေ ၁၈ ဆောင်နှင့် လူဦးရေ ၈၀ ကျော်ရှိပြီး၊ ငှက်ပျောချောင်းကျေးရွာတွင် အိမ်ခြေ ၂၃ ဆောင်နှင့် လူဦးရေ ၁၀၀ ကျော်ရှိသည်။ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA) တို့ ယာယီအပစ်ရပ်စဲပြီးနောက် ခြေမြန်တပ်မ (၂၂) က ၎င်းကျေးရွာများအတွင်း တပ်စွဲနေထိုင်လျက်ရှိသည်။

ငှက်ပျောချောင်းကျေးရွာ ရပ်မိရပ်ဖတစ်ဦးက “ကျနော်တို့ကို သုံးပတ်လောက်ထိ ရွာမှာမနေဖို့ ပထမဆုံးပြောတယ်။ ကျနော်တို့က ‘ဘာလို့မနေခိုင်းတာလဲ’ မေးတော့ ‘အဲဒါတွေကို မမေးနဲ့၊ နှစ်ပတ်လောက်ပဲ မနေရင်ရပြီ’လို့ပြောတယ်။ နောက်ဆုံးမှာတော့ ရွာမှာ တစ်ပတ်လောက်ပဲ မနေဖို့ ထပ်ပြောလာတယ်။ အဲဒါနဲ့ရွာကလူတွေ ထွက်သွားကြရတာပဲ။ ဘာကြောင့်အခုလိုလုပ်တာလဲ ဆိုတာကို ကျနော်တို့ မသိရဘူး” ဟု ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းအား DMG က ဆက်သွယ်ခဲ့ရာ တပ်ပိုင်းဆိုင်ရာကိစ္စများကို စစ်ကောင်စီတပ်ကို ဆက်သွယ်မေးမြန်းရန် ဖြေဆိုသည်။ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပေ။

ရွာမှထွက်လာကြသော ဒေသခံများမှာ ဘူးသီးတောင်မြို့ပေါ် အပါအဝင် ညောင်ချောင်း၊ သေကံခွဆုံ၊ သေကံ စသည့် ကျေးရွာများရှိ ဆွေမျိုးများနေအိမ်၌ ခိုလှုံနေထိုင်လျက်ရှိသည်။

သေကံခွဆုံကျေးရွာတွင်ခိုလှုံနေသည့် ဖရုံချောင်းကျေးရွာသားတစ်ဦးက “အဆင်မပြေပေမယ့်လည်း ဆွေမျိုးတွေအိမ်မှာ ကပ်ခိုနေကြရတာပေါ့။ ကိုယ့်အိမ်လိုမှ အဆင်မပြေတာလေ။ စားသောက်ဖို့ ဘာမှမပါလာတဲ့အတွက် ဆွေမျိုးတွေအိမ်ကပဲ ယူစားနေရတယ်” ဟု ပြောသည်။

ဖရုံချောင်းကျေးရွာနှင့် ငှက်ပျောချောင်းကျေးရွာတွင် နေထိုင်ကြသူများမှာ စစ်ကောင်စီတပ်နှင့် AA တို့၏ တကျော့ပြန်တိုက်ပွဲအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် နှစ်ဖက်နားလည်မှုဖြင့် အပစ်အခတ်ရပ်စဲပြီးနောက် ကျေးရွာအတွင်း ပြန်လည်နေထိုင်လျက်ရှိစဉ် ယခုတစ်ကြိမ် ပြန်လည် နေရပ်စွန့်ခွာရခြင်းလည်း ဖြစ်သည်။

#R005

ဗီဒီယိုများ