နယ်မြေ မတည်ငြိမ်မှုကြောင့် ရေးဒေသခံ ကလေးငယ် ၅၀၀၀ ကျော် ပညာသင်ကြားခွင့် ဆုံးရှုံးနေ

မွန်ပြည်နယ် ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးအဖွဲ့ (PDF) တို့ကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံ ကလေးငယ် ၅၀၀၀ ကျော် ပညာသင်ကြားခွင့် ဆုံးရှုံးနေရကြောင်း သိရသည်။

By Admin 17 Dec 2022

နယ်မြေ မတည်ငြိမ်မှုကြောင့် ရေးဒေသခံ ကလေးငယ် ၅၀၀၀ ကျော် ပညာသင်ကြားခွင့် ဆုံးရှုံးနေ

ဓာတ်ပုံ- CJ

DMG | ဒီဇင်ဘာ ၁၇

မွန်ပြည်နယ် ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးအဖွဲ့ (PDF) တို့ကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံ ကလေးငယ် ၅၀၀၀ ကျော် ပညာသင်ကြားခွင့် ဆုံးရှုံးနေရကြောင်း သိရသည်။

ရေးမြို့နယ် မြောက်ဘက် မော်ကနင်၊ ကနင်ကမော်၊ သာယာအေး စသည့် ကျေးရွာများ၌ ပြီးခဲ့သည့် နိုဝင်ဘာလမှ ဒီဇင်ဘာလအတွင်း စစ်ကောင်စီနှင့် ဒေသခံကာကွယ်ရေးအဖွဲ့ကြား ထိတွေ့တိုက်ပွဲ ပေါင်း (၅၃) ကြိမ်အထိ ဖြစ်ပွားခဲ့ပြီး လက်ရှိတွင် ဒေသခံကလေးငယ် ၅၀၀၀ ကျော်မှာ ပညာသင်ကြားခွင့် ဆုံးရှုံးနေရခြင်းဖြစ်ကြောင်း မွန်လူ့ အခွင့် အရေးအဖွဲ့ (HURFOM) တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ နိုဝင်ဘာလကနေ အခု ဒီဇင်ဘာလထဲအထိ နှစ်လအတွင်းမှာ စစ်တပ်နဲ့ ဒေသခံ ကာကွယ်ရေးအဖွဲ့တိုက်ပွဲ (၅၃) ကြိမ် အထိ ရှိခဲ့တယ်။ ဒါကြောင့် စစ်တပ်က အသွားအလာ ပိတ်ပင်တာနဲ့ နောက် ကာကွယ်ရေးအဖွဲ့တွေရဲ့ သတိပေးချက်တွေ ထုတ်တဲ့အခါမှာ ဒေသခံတွေက စိုးရိမ်ကြတယ်။ ကလေးတွေကို ကျောင်းတွေကို မပို့ရဲကြဘူး။ ကျောင်းနေ ရွယ်ကလေးငယ် (၅၀၀၀)လောက်က ပညာသင်ကြားခွင့် ဆုံးရှုံးနေပါတယ် ” ဟု ၄င်းကပြောသည်။

ထို့အပြင် ကျေးရွာအနီးတွင် မကြာခဏ မိုင်းဆွဲခံရမှုနှင့် ထိတွေ့တိုက်ပွဲများကြောင့် ဒေသခံများမှာ မိမိတို့၏ ကလေးငယ်များကို စာသင်ကျောင်းများသို့ ပို့ဆောင်ရန် စိုးရိမ်ထိန့်လန့်နေရကြောင်း ဒေသခံများက ဆိုသည်။

“ရွာသားတွေကြားမှာ စိုးရိမ်မှုတွေ ရှိတယ်။ စိုက်ခင်းကို ဘယ်သူမှ မသွားရဲကြသလို ဘယ်သူမှလည်း ကျောင်းမတက်ရဲကြဘူး။ အားလုံးက အခြေအနေကို စောင့်ကြည့်နေကြတယ် ” ဟု မော်ကနင်ကျေးရွာသားတစ်ဦးက ဆိုသည်။

လက်ရှိတွင် ရေးမြို့နယ်ရှိ ကျေးရွာ စာသင်ကျောင်း( ၂၀) မှာ လုံခြုံရေးအခြေအနေအရ ပိတ်ထားရဆဲ ဖြစ်ကြောင်း ဒေသခံ ပညာရေးဝန်ထမ်းများထံက သိရသည်။

“နယ်မြေ မတည်ငြိမ်တာနဲ့ လုံခြုံရေးကြောင့် စာသင်ကျောင်း (၂၀) က အခုအထိ ပြန်မဖွင့်နိုင်သေးဘူး။ ၆ လ လောက်ရှိနေပြီ။ မြို့နဲ့နီးတဲ့ ကျောင်းတွေပဲ ဖွင့်နိုင်တယ်။ အခုက ကလေးတွေ ပညာသင်ကြားရေး အတွက် ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်နေတယ် ” ဟု ရေးမြို့နယ်မှ ပညာရေးဝန်ထမ်းတစ်ဦးက ပြောဆိုသည်။

ထို့အတူ လက်ရှိတွင်လည်း ရေးမြို့နယ်သို့ စစ်ကောင်စီတပ်မှ အင်အားဖြည့်တင်းနေမှု ရှိသည့်အတွက် ဒေသကာကွယ်ရေးအဖွဲ့များမှ တိုက်ခိုက်မှုများ အရှိန်မြှင့်တင်ရန် လုပ်ဆောင်မည်ဖြစ်သဖြင့် မော်လမြိုင်- ရေးကားလမ်း အနီးတဝိုက်တွင် ဒေသခံများအား သတိဖြင့်သွားလာကြရန် အသိပေးထားသည်။

ဗီဒီယိုများ