- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
ရခိုင်တွင် ရေကြီးမှုကြောင့် စာသင်ကျောင်း တစ်ရာကျော် ယာယီပိတ်ထားရ
ယခုရက်ပိုင်းအတွင်း မိုးရွာအဆက်မပြတ်ရွာသွန်းမှုကြောင့် ရခိုင်က မြို့နယ်တချို့တွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေပြီး ဒေသခံသောင်းနှင့်ချီ ရေဘေးသင့်နေရကာ ရေကြီးမှုကြောင့် လူသေဆုံးမှုများလည်း ရှိနေသည်။
07 Aug 2023

DMG ၊ ဩဂုတ် ၇
ရခိုင်ပြည်က ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မောင်တော၊ ဘူးသီးတောင်မြို့နယ်တို့တွင် ရေကြီးရေလျှံမှုကြောင့် စာသင်ကျောင်းတစ်ရာကျော် ယာယီပိတ်ထားရကြောင်း ဒေသခံများထံမှ သိရသည်။
ကျောက်တော်မြို့နယ်တွင် မိုးရွာသွန်းမှုနှင့်အတူ ကုလားတန်မြစ်ရေ မြင့်တက်ခြင်းကြောင့် ကျေးရွာပေါင်း ၄၀ ခန့်က စာသင်ကျောင်းများကို ဩဂုတ်လ ၅ ရက်မှစ၍ ပိတ်ထားရပြီး မြို့ပေါ်က စာသင်ကျောင်းတချို့ကိုလည်း ယနေ့ပိတ်လိုက်ရသည်။
ကျောက်တော်မြို့ ဖြူစင်မေတ္တာ လူမှုကူညီရေးအသင်းဥက္ကဌ ကိုညီပုက “မြို့ပေါ်ရပ်ကွက်တွေမှာ ဒီနေ့မနက်ပိုင်းကတည်းက ရေတက်လာတာကြောင့် ကျောင်းတချိုကို ပိတ်ထားရတာတွေရတယ်။ ဘယ်နှစ်ရက်လောက် ပိတ်ရမယ်ဆိုတာတော့ မသိရသေးဘူး။ မိုးအရမ်းကြီးနေသေးတာကြောင့် ရေမကျနိုင်သေးတဲ့အထိ ကျောင်းတွေကို ပိတ်ထားရမယ့် အခြေအနေတွေ ရှိနေတယ်” ဟု ပြောသည်။
ကျောက်တော်မြို့နယ်တွင် ယနေ့အထိ မိုးဆက်တိုက်ရွာသွန်းကာ ဒီရေမြင့်တက်နေပြီး ကုန်းနိမ့်ပိုင်းနေရာမှ ဒေသခံများကို ပြောင်းရွှေ့ထားရကြောင်း သိရသည်။
အလားတူ လေးမြို့မြစ်ရေမြင့်တက်လာမှုကြောင့် မင်းပြားမြို့နယ်မှ စာသင်ကျောင်း ၂၀ ကို ဩဂုတ်လ ၅ ရက်မှစ၍ ယာယီပိတ်လိုက်ရပြီး မြောက်ဦးမြို့နယ်မှ စာကျောင်း ၃၀ နီးပါးမှာလည်း ဩဂုတ်လ ၇ ရက်နေ့တွင် ပိတ်လိုက်ရကြောင်း ဒေသခံများက ပြောသည်။
မြောက်ဦးမြို့နယ်၊ ဆင်အိုးကြီးကျေးရွာမှ ကိုသန်းတိုးအောင်က “ မြစ်ရေပြည့်လျှံလာပြီး မိုးကလည်း အဆက်မပြတ်ရွာတော့ ရွာမှာ ရေမြုပ်မှုဖြစ်နေတယ်။ ဒါကြောင့် စာသင်ကျောင်းတွေကို ပိတ်လိုက်ရတယ်။ လေးမြို့မြစ်တစ်လျှောက်ကျောင်းတွေ အကုန်ပိတ်ထားကြရတယ်” ဟု ပြောသည်။
လေးမြို့မြစ်ရေနှင့် ကုလားတန်မြစ်ရေမှာ စိုးရိမ်ရေမှတ်ကျော်လွန်နေပြီး ကျောက်တော်တွင် ၅၅၀ စင်တီမီတာနှင့် မြောက်ဦးမြို့နယ်တွင် ၈၁၀ စင်တီမီတာ ရောက်ရှိနေကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန့်ကြားမှု ဦးစီးဌာနက ယနေ့ ဩဂုတ်လ ၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
မင်းပြားမြို့နယ်၊ ရွှေကျင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးညိုမောင်သိန်းက “ရေက ရွာထဲမှာတောင် ခြောက်ပေလောက်ထိ မြင့်တက်နေတော့ ကျောင်းတွေအကုန်လုံးကို ပိတ်ထားရတယ်။ မိုးက အခုအထိ တအားရွာနေတဲ့အတွက် ဒီရေ ဒီထက်မြင့်တက်မှာကို စိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်” ဟု ပြောသည်။

ဘူးသီးတောင် နှင့် မောင်တောမြို့နယ်မှာလည်း ယနေ့ဩဂုတ်လ ၇ ရက်နေ့တွင် ဒီရေမြင့်တက်လာမှုကြောင့် မြို့ပေါ်နှင့် ကျေးလက်ဒေသက စာသင်ကျောင်းပေါင်း ၂၀ ကျော်ကို ယာယီပိတ်ထားလိုက်ရကြောင်း ပညာရေးဝန်ထမ်းများထံက သိရသည်။
မောင်တောမြို့နယ်၊ ခွဆုံကျေးရွာမှ မူလတန်းပြဆရာတစ်ဦးက “ရွာထဲအထိ ရေမြင့်တက်လာတဲ့အတွက် ကလေးတွေကို စိုးရိမ်လို့ ကျောင်းကိုပိတ်လိုက်တယ်” ဟု ပြောသည်။
ဘူးသီးတောင်မြို့နယ် ပညာရေးမှူး ဒေါ်ဝေဝေက “ရေကြီးနေတာကြောင့် ကျောင်းတချို့တော့ ပိတ်ထားကြရတာရှိပါတယ်။ မြို့နယ်ထွေအုပ်ကလည်း ရေကြီးတဲ့နေရာက ကျောင်းတွေကို ပိတ်ထားဖို့ အသိပေးထားပြီး ဘယ်နှစ်ကျောင်းလောက် ပိတ်ထားရလဲဆိုတာ ညနေလောက်မှ စာရင်းအတိအကျ သိရမယ်” ဟု ပြောသည်။
ရေကြီးမှုကြောင့် စာသင်ကျောင်းတချို့ ယာယီပိတ်ထားရသည့် အခြေအနေနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် ပညာရေးမှူး ဦးဘထွီးစိန်အား DMG က ဆက်သွယ်ရာတွင် ကျောင်းများပိတ်ထားသည်ကို မြို့နယ်မှတစ်ဆင့် တင်ပြလာခြင်းမရှိသေးသဖြင့် မသိရှိရသေးကြောင်း ဖြေဆိုခဲ့သည်။
ယခုရက်ပိုင်းအတွင်း မိုးရွာအဆက်မပြတ်ရွာသွန်းမှုကြောင့် ရခိုင်က မြို့နယ်တချို့တွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေပြီး ဒေသခံသောင်းနှင့်ချီ ရေဘေးသင့်နေရကာ ရေကြီးမှုကြောင့် လူသေဆုံးမှုများလည်း ရှိနေသည်။
#I006