ယခုနှစ် တစ်နှစ်တာလုံး အပစ်အခတ်ရပ်စဲကြောင်း စစ်ကောင်စီ ကြေညာ

ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကို ဖြေရှင်းနိုင်မှ ဒီမိုကရေစီ၏အနှစ်သာရ၊ လွတ်လပ်ရေး၏ အနှစ်သာရကို အပြည့်အဝခံစားနိုင်မည်ဟု စစ်ကောင်စီ ထုတ်ပြန်ချက်မှာပါရှိသည်။  

By Admin 01 Jan 2023

ယခုနှစ် တစ်နှစ်တာလုံး အပစ်အခတ်ရပ်စဲကြောင်း စစ်ကောင်စီ ကြေညာ

ရခိုင်ပြည်အတွင်း သွားလာနေသည့် စစ်ကားတစ်စီးကို တွေ့ရစဉ်။

DMG ၊ ဇန်နဝါရီ ၁

မြန်မာနိုင်ငံအတွင်း လက်တွေ့ကျသည့် ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တလျက်ရှိသည့် ထာဝရငြိမ်း ချမ်းရေးရရှိရေးတို့အတွက် ယခုတစ်နှစ်တာလုံး အပစ်အခတ်ရပ်စဲကြောင်း ယမန်နေ့(၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်)တွင် စစ်ကောင်စီက ထုတ်ပြန်ကြေညာသည်။

နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များအပြင် နိုင်ငံတော်အစိုးရ၏လုံခြုံရေးနှင့် အုပ်ချုပ်ရေးယန္တရားများအား နှောက်ယှက်ထိပါးတိုက်ခိုက်ချိန်မှအပ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ အပစ်ရပ်စဲသွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ချက်တွင် ပါရှိသည်။

တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ရေး၊ နိုင်ငံတစ်ဝှမ်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးစသည့် ရည်ရွယ်ချက်ဖြင့် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှစ၍ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၁ တစ်ရက်နေ့အထိ ၄ နှစ်ကျော်တိုင် အပစ်ရပ်စဲခဲ့ပြီဖြစ်ကြောင်း စစ်ကောင်စီက ဆိုသည်။

ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကို ဖြေရှင်းနိုင်မှ ဒီမိုကရေစီ၏အနှစ်သာရ၊ လွတ်လပ်ရေး၏ အနှစ်သာရကို အပြည့်အဝခံစားနိုင်မည်ဟု စစ်ကောင်စီ ထုတ်ပြန်ချက်မှာပါရှိသည်။  

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက်နေ့က စစ်ကောင်စီဥက္ကဌကိုယ်တိုင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များနှင့်တွေ့ဆုံရန် ဖိတ်ခေါ်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့နှင့် နှစ်ကြိမ်တိုင် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယင်းအပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို အခြေခံသော ငြိမ်းချမ်းရေးလမ်းကြောင်းများကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီကဆိုသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်ပါဝင်နေကြသည့် အဖွဲ့အစည်းများနှင့်သက်ဆိုင်သူများအနေဖြင့် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များကို လက်တွေ့ကျကျတိုးမြှင့်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ရပ်စဲထားသည့်ကာလအတွင်း ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စေလိုကြောင်း စစ်ကောင်စီက တိုက်တွန်းထားသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ဦးဆောင်သည့် အရပ်သားအစိုးရကိုဖြုတ်ချကာ စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူထားသည်မှာ လက်ရှိတွင် ၂ နှစ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်။

အာဏာသိမ်းယူချိန်မှစ၍ နိုင်ငံတစ်ဝှမ်းအာဏာရှင်ဆန့်ကျင်သူများကို စစ်ကောင်စီ၏လုံခြုံရေးတပ်ဖွဲ့ဝင် များက သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၂၆၈၈ ဦးနှင့် ဖမ်းဆီးခံရသူ ၁၆၇၀၄ ဦးအထိရှိကြောင်း နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ဒီဇင်ဘာလ ၃၀ ရက်နေ့အထိ စာရင်းအရသိရသည်။

ယင်းအပြင် ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ကချင်လွတ်‌မြောက်ရေးတပ်မတော်(KIA)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် စစ်ကောင်စီတပ်တို့ကြား ယနေ့အချိန်အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကာ ဒေသအသီးသီးမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်လည်း တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည်။

ရခိုင်ပြည်အတွင်းမှာလည်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လမှစတင်ကာ တကျော့ပြန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိတွင် နှစ်ဖက်နားလည်မှုနှင့် အပစ်ရပ်စဲထားသည်မှာ တစ်လကျော်အထိ ရှိခဲ့ပြီဖြစ်သည်။

#R002

ဗီဒီယိုများ