၁၀ မိုင်ပတ်လည် လျှပ်စစ်အိပ်မက်

သို့သော်လည်း ဝန်ကြီးချုပ်ဦးညီပုဦးဆောင်သည့် ပြည်နယ်အစိုးရသက်တမ်း ငါးနှစ်အတွင်း လျှပ်စစ်ကဏ္ဍအတွက် ကျပ်ငွေသန်းပေါင်း တစ်သိန်းနှစ်သောင်းကျော် အသုံးပြုဆောင်ရွက်ခဲ့သည်ဟု အစိုးရ၏ စာရင်းများကဆိုသည်။ ယင်းမှာ ယခင်သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်တွင် အသုံးပြုခဲ့သော ကျပ်သန်းပေါင်း နှစ်သောင်းခြောက်ထောင်ကျော်ထက် (၅) ဆခန့် ပိုမိုများပြားသည်ကို တွေ့ရသည်။

25 Jan 2021

ခင်သရဖီဦး | DMG

လူတစ်ဦး၏ နေ့စဉ်ဘဝတွင် လျှပ်စစ်မီးက မည်မျှ အရေးပါသနည်း။

နံနက် အိပ်ယာထသည့်အချိန်မှ ညဘက်စက္ခုအာရုံ အနားပေးလိုက်သည့်အချိန်အထိ လျှပ်စစ်နှင့် ကင်းကွာ နေထိုင်ရန် မဖြစ်နိုင်ကြောင်း ယခုလျှပ်စစ်ဓာတ်အားသွင်း မိုဘိုင်လ်းဖုန်းကို အသုံးပြုနေသူများ စောကြောမိမည် ဖြစ်သည်။

ယင်းသို့ လျှပ်စစ်ဓာတ်အားအသုံးပြုပစ္စည်းများကို စိတ်ကြိုက်ဝယ်ယူအသုံးပြုခွင့် ရသူများရှိသကဲ့သို့ ပြည်နယ် အတွင်း၊ မြို့နယ်အတွင်း နေထိုင်သူချင်းတူတူ မိမိဘဝ၏ နောက်ဆုံးအချိန်ထိ အစိုးရ၏လျှပ်စစ်မီးကို မိမိအိမ်တွင်အသုံးပြုခွင့်မရသူ အများအပြားလည်းရှိနေသည်။

မြန်မာနိုင်ငံအတွင်း နေထိုင်သည့် ၅၀ ရာခိုင်နှုန်းသော အိမ်ထောင်စုများသည် အစိုးရဖြန့်ဝေပေးသည့် လျှပ်စစ်မီးကို ချိတ်ဆက်အသုံးပြုခွင့် မရသေးကြောင်း လျှပ်စစ်စွမ်းအင်ကဏ္ဍအတွက် အထောက်အပံ့ အကူအညီများပေးလျက်ရှိသည့် ကမ္ဘာ့ဘဏ်၏ ၂၀၂၀ ပြည့်နှစ်အတွင်း ထုတ်ပြန်သည့် အစီရင်ခံစာကဆိုသည်။

ယင်းတို့အတွင်း ရခိုင်ပြည်နယ်အတွင်းနေထိုင်သော ကျေးလက်နေပြည်သူ ထက်ဝက်နီးပါးလည်း အပါအဝင် ဖြစ်ကြောင်း အစိုးရ၏အစီရင်ခံပြောဆိုမှုများက သက်သေပြုလျက်ရှိသည်။

ကျေးရွာပေါင်း ၃၇၀၀ ကျော်ရှိသည့် ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့သည့် ၂၀၂၀ ဒီဇင်ဘာလအထိ ရွာပေါင်း ၂၁၂၇ ရွာတွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးထားနိုင်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးညီပုက ဇန်နဝါရီလ ၁၃ ရက်နေ့ကပြုလုပ်သည့် လွှတ်တော်အစည်းအဝေးတွင် ပြောဆိုခဲ့သည်။

လျှပ်စစ်ဓာတ်အားလွှမ်းခြုံမှုအနေဖြင့် ကျေးရွာများ၏ ၅၆ ဒသမ ၈၄ ရာခိုင်နှုန်းရှိနေပြီဖြစ်ကြောင်း အစိုးရက ကြွေးကြော်သော်လည်း ကျန်ရှိသည့် ၄၃ ရာခိုင်နှုန်း သို့တည်းမဟုတ် ၁၆၀၀ ကျော်သော ကျေးရွာများတွင် လျှပ်စစ်မီးမရောက်နိုင်သေးသည်မှာ ခိုင်မာသောကိန်းဂဏန်းတစ်ခု ဖြစ်နေသည်။

အလားတူ ကျေးရွာများထံ လျှပ်စစ်မီးဖြန့်ဝေရေးအတွက် အစိုးရ၏ဦးစားပေးလုပ်ငန်းမှာ လျှပ်စစ်ဓာတ်အားခွဲ ရုံများရှိရာ မြို့များ၏ ၁၀ မိုင်ပတ်လည်အတွင်း ကျေးရွာများအပြည့်အဝ မီးလင်းရေးဖြစ်သည်ဟု ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးက ဆိုသည်။

သို့သော် ယင်းစီမံချက်အတွင်း အကျုံးဝင်သည့် ကျေးရွာများအားလုံး လျှပ်စစ်မီးမရသေးကြောင်းနှင့် အစိုးရ အနေဖြင့် ညီတူညီမျှဆောင်ရွက်သင့်သည်ဟု ဝေဖန်သူများစွာရှိသည်။

၎င်းတို့အတွင်း မင်းဂံချောင်းနွယ်ကျေးရွာတွင်နေထိုင်သူ အသက် ၄၀ အရွယ် ဒေါ်လှဖြူတစ်ယောက်လည်း အပါအဝင်ဖြစ်သည်။

လျှပ်စစ်မီးရရှိရေးအတွက် ကြွေးကြော်ဆောင်ရွက်နေသည့် ပြည်နယ်အစိုးရအဖွဲ့ရုံးစိုက်ရာမြို့တော် စစ်တွေနှင့် သုံးမိုင်အကွာတွင်တည်ရှိသော မင်းဂံချောင်းနွယ်ကျေးရွာသူ ဒေါ်လှဖြူက ၎င်း၏တစ်သက်တာအတွင်း အစိုးရ၏လျှပ်စစ်မီးကို မသုံးစွဲဖူးကြောင်းဆိုသည်။

ညနေစောင်းကျေးရွာမီးပေးသည့် ဓာတ်ဆီသုံးအင်ဂျင်စက်သံများသည် ဒေါ်လှဖြူတို့ကဲ့သို့ တစ်နေ့လုပ် တစ်နေ့စားမိသားစုများအတွက် ဖယောင်းတိုင်ဝယ်ယူရန် အချက်ပေးသံတစ်ခုဖြစ်သည်မှာ ကြာခဲ့ပြီဖြစ်သည်။

ကျေးရွာရှိ ကုန်စုံဆိုင်များမှာလည်း ပုဂ္ဂလိကကျေးရွာမီးပေးစက်မှ စက်နိုးသည့် ၆ နာရီကျော်ခန့်အချိန်သည် ဖယောင်းတိုင် အရောင်းရဆုံးအချိန်ဖြစ်လေသည်။

“အဆင်ပြေတဲ့နေ့တွေဆို ဖယောင်းတိုင် ၂၀၀ ဖိုး ၇ ချောင်းရတော့ ဝယ်ထားလိုက်တယ်၊ နှစ်ရက်စာ။ အဆင်မပြေရင်တော့ ဆိုင်ကတစ်ချောင်း အကြွေးဝယ်ပြီးတော့ ဘုရားမီးပဲထွန်းနိုင်တာပေါ့” ဟု ဒေါ်လှဖြူတစ်ယောက် သူ၏ ပိုက်ဆံပြတ်သည့်နေများတွင် ကြုံတွေ့ရသည့် ဖြစ်ရိုဖြစ်စဉ်အား ပြောပြသည်။

ယောက်ျားဖြစ်သူ ဆုံးသွားပြီးနောက် နေအိမ်တွင် စားရေးသောက်ရေး စီမံခန့်ခွဲမှုများကို ပြုလုပ်နေသည့် ဒေါ်လှဖြူသည် သမီးသုံးယောက်အပါအဝင် သားသမီးနှစ်ယောက်နှင့် နေထိုင်ခြင်းဖြစ်သည်။

သမီးကြီး ဖြစ်သူနှင့် သားမက်တို့က နေ့စားအလုပ်ဖြင့် စားဝတ်နေရေးထောက်ပံ့နေသည့်အတွက် ၎င်းတို့ နှစ်ယောက် အလုပ်မကျသည့်နေ့များတွင် စားဝတ်နေရေး အကျပ်အတည်းများဖြင့် ရင်ဆိုင်ရပြီး ညနေမှောင်လျှင် ဖယောင်းတိုင်မဝယ်နိုင်သည့် နေ့များစွာကို ဖြတ်သန်းရကြောင်း ဒေါ်လှဖြူက ဆိုသည်။

အစိုးရလျှပ်စစ်မီးမရရှိသော ကျေးရွာများကဲ့သို့ မင်းဂံချောင်းနွယ်ကျေးရွာတွင် နေထိုင်သူအချို့မှာလည်း နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားကိုအခြေခံကာ လျှပ်စစ်မီးအသုံးပြုမှုများရှိသော်လည်း ဒေါ်လှဖြူကမူ “ဆိုလာတစ်ပြားလောက်တော့ လိုချင်တာပေါ့၊ ဒါပေမဲ့ ဆိုလာဝယ်ရင် ဘက်ထရီအိုးကလည်း ဝယ်ရအုံးမယ်ဆိုတော့ မတတ်နိုင်ဘူးလေ” ဟု ၎င်း၏ အခက်အခဲကိုရှင်းပြသည်။

မင်းဂံချောင်းနွယ်ကျေးရွာသည် စစ်တွေမြို့နှင့် နီးကပ်စွာတည်ရှိပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သော်လည်း မည်သို့ကြောင့် လျှပ်စစ်မီးမရသေးသည်ကို နားမလည်ကြောင်း ပြောဆိုလာသူက ချောင်းနွယ်မင်းဂံ အုပ်စုအုပ်ချုပ်ရေးမှူး ဦးကျော်စိန်မောင်က “လျှပ်စစ်မီးရဖို့ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း တင်ပြပါတယ်၊ ဒီနှစ်ဘတ်ဂျက်မှာတော့ ပါမယ်လို့ပြောပါတယ်၊ သေချာတော့ မသိသေးဘူး” ဟု ဆိုသည်။

လျှပ်စစ်မီးမရသည့် ကျေးရွာများတွင် နိစ္စဓူဝ ထင်းမီးသွေးအသုံးပြုပြီး ထမင်း၊ဟင်း ချက်ပြုတ်ရသည့် အခက်အခဲများရှိနေပြီး ကျောင်းသူ၊ ကျောင်းသားများ၏ ပညာရေးအတွက်လည်း အရေးပါသောကြောင့် အစိုးရမှ ယင်းအချက်များကို ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်နေသော အရပ်ဘက်အဖွဲ့တစ်ခုဖြစ်သည့် ဝံလက်ဖောင်ဒေးရှင်းက တိုက်တွန်းသည်။

အဆိုပါအဖွဲ့မှ ဒါရိုက်တာဖြစ်သူ ဦးခိုင်ကောင်းစံက “ရွာကြီးတွေမှာ အထက်တန်းကျောင်းလည်းရှိတော့ ပညာရေးအတွက် အဓိက မီးပေးဖို့လိုအပ်တာပေါ့၊ ပြောချင်တာကတော့ ဖွံ့ဖြိုးဖို့က လျှပ်စစ်ကလည်း မရှိမဖြစ်လိုအပ်တယ်” ဟု ထောက်ပြပြောဆိုသည်။

မင်းဂံချောင်းနွယ်ကဲ့သို့ မြေပုံမြို့နှင့် ခြောက်မိုင်အကွာတွင်တည်ရှိသည့် ကျောက်ငနွားကျေးရွာမှာလည်း လျှပ်စစ်မီး မရရှိသည့်အတွက် ပညာရေးတွင် အခက်အခဲများ ကြုံတွေ့ရကြောင်း ပြောလာသူက ယင်းကျေးရွာမှ ဆယ်တန်းကျောင်းသား မောင်သူရိန်ထွန်း ဖြစ်သည်။

“ဖယောင်းတိုင်းနဲ့ဖတ်ရင်တော့ အိပ်ငိုက်မိရင် နေအိမ်တွေ မီးလောင်မှာကို ကြောက်ရတာပေါ့” ဟု ၎င်း၏ စိုးရိမ်မှုကို ထုတ်ဖော်ပြောဆိုသည်။

ထို့အပြင် ဆိုလာမီးမှာ နေပူချိန်ရမှ ဓာတ်အားပြည့်သည့်အတွက် မိုးရာသီအချိန်တွင် မီးအားမပြည့်ဝမှုကြောင့် မှုန်ဝါးသည့် အလင်းရောင်သာရပြီး စာဖတ်ရန် အဆင်မပြေဟု ၎င်းကဆိုသည်။

ယင်းသို့ မြို့အနီး(၁၀)မိုင်အတွင်းရှိ ကျေးရွာများမှာ လျှပ်စစ်မီးရရှိရန် စီမံချက်ထားရှိသော်လည်း စီမံချက်အတွင်း အကျုံးဝင်သည့် ကျေးရွာများအားလုံး လျှပ်စစ်မီးမရောက်သည်မှာ ဟုတ်မှန်ပြီး လျှပ်စစ်ဌာနတွင်လည်း အခက်အခဲများရှိနေသည်ဟု ရခိုင်ပြည်နယ် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဒုတိယ-အင်ဂျင်နီယာချုပ် ဦးမျိုးဝင်းက ဆိုသည်။

“လမ်းမပေါက်ဘူးပေါ့ဗျာ၊ နီးတယ်(ဒါမှမဟုတ်)၊ မြစ်ကျော်ချောင်းကျော်တွေရှိတယ်။ ၁၀ မိုင် အတွင်းတော့ဖြစ်တယ်။ သို့သော် မြစ်တွေအကျယ်ကြီးတွေပေါ့နော်၊ အကန့်အသတ်တွေကြောင့် ၁၀ မိုင်အတွင်းမှာရှိပေမဲ့ လုပ်လို့မရဘူး” ဟု ၎င်းကဆိုသည်။

အခက်အခဲများထဲမှ အကြောင်းအရင်းတစ်ရပ်မှာ ပြီးခဲ့သည့် ၂ နှစ်အတွင်း ရခိုင်ပြည်နယ်မှာ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲဖြစ်ပွားမှုမှတစ်ဆင့် နယ်မြေမတည်ငြိမ်မှုများကြောင့် ဓာတ်အားလိုင်း တိုးချဲ့ရန် အခက်အခဲဖြစ်ခဲ့သည်ဟု ၎င်းကရှင်းပြသည်။

ရခိုင်ပြည်နယ်ရှိ  မြို့နယ် ၁၀ မြို့နယ်ဖြစ်သည့် စစ်တွေ၊ မြောက်ဦး၊ မင်းပြား၊ ကျောက်ဖြူ၊ အမ်း၊ သံတွဲ၊ တောင်ကုတ်၊ ဂွ၊ မောင်တောနှင့် ဘူးသီးတောင်မြို့များတွင် လျှပ်ဓာတ်အားခွဲရုံ တိုးချဲ့ဆောက်လုပ်မှုများ ရှိသော်လည်း ကျန်ရှိသည့် မြေပုံ၊ မာန်အောင်၊ ကျောက်တော်၊ ရမ်းဗြဲ၊ ရသေ့တောင်မြို့နယ်များတွင် ဓာတ်အားခွဲရုံများ ထပ်မံဆောက်လုပ်မှုမရှိသေးကြောင်း ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။

ယင်းသို့ ဓာတ်အားခွဲရုံများမရှိသည်ကလည်း လျှပ်စစ်မီးဖြန့်ဖြူးရေးအတွက် အတားအဆီးတစ်ခုဖြစ်နေသည်ဟု ဝေဖန်လာသူက မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းဖြစ်သည်။

မြေပုံမြို့နယ်အတွင်း အစိုးရလျှပ်စစ်မီးမရသေးသည့် ကျေးရွာအမြောက်အများရှိနေခြင်းအပေါ် “အဲဒါ ဘာကြောင့်လဲဆိုတော့ သူတို့က ဓာတ်အားပေးရုံတွေကို မတည်ဆောက်နိုင်တော့ မြေပုံမြို့နယ်အတိုင်းအတာနဲ့ တစ်ရွာမှမရတဲ့ အနေအထားရှိတယ်” ဟု ၎င်းက ထောက်ပြပြောဆိုသည်။

ထို့အပြင် ပြည်နယ်အစိုးရအနေဖြင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုးချဲ့ဆောက်လုပ်ပေးမည်ဟု လွှတ်တော်တွင် ဖြေကြားထားသော်လည်း အကောင်အထည်ပေါ်မလာဟု ဦးဖေသန်းက ဆိုသည်။

“ဓာတ်အားပေးစက်ရုံတွေကို လုပ်ပေးဖို့အတွက် လွှတ်တော်မှာတော့ ကတိပေးထားတယ်။ သို့သော် လက်တွေ့မှာမလုပ်နိုင်ဘူး” ဟု ၎င်းကဆိုသည်။

ထို့အပြင် ကျေးလက်မီးလင်းရေးလုပ်ငန်းများအတွက် အရေးကြီးဆုံးအချက်မှာ ဘက်ဂျက်ခွင့်ပြုငွေအပေါ် မူတည်ကြောင်း ရှင်းပြလာသူ လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဒုတိယအင်ဂျင်နီယာချုပ် ဦးမျိုးဝင်းက “ဘတ်ဂျက်ပေါ့၊ ဘတ်ဂျက်ကတော့ ရသလောက်အပေါ်မှာမူတည်ပြီး လုပ်ရတာ” ဟု တုံ့ပြန်ပြောဆိုသည်။

သို့သော်လည်း ဝန်ကြီးချုပ်ဦးညီပုဦးဆောင်သည့် ပြည်နယ်အစိုးရသက်တမ်း ငါးနှစ်အတွင်း လျှပ်စစ်ကဏ္ဍအတွက် ကျပ်ငွေသန်းပေါင်း တစ်သိန်းနှစ်သောင်းကျော် အသုံးပြုဆောင်ရွက်ခဲ့သည်ဟု အစိုးရ၏ စာရင်းများကဆိုသည်။ ယင်းမှာ ယခင်သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်တွင် အသုံးပြုခဲ့သော ကျပ်သန်းပေါင်း နှစ်သောင်းခြောက်ထောင်ကျော်ထက် (၅) ဆခန့် ပိုမိုများပြားသည်ကို တွေ့ရသည်။

အဆိုပါစာရင်းများအရ လက်ရှိအစိုးရသည် ယခင်အစိုးရထက် လျှပ်စစ်ကဏ္ဍတွင် ပိုမိုသုံးစွဲငွေမှာ ပြည်နယ် အသုံးစရိတ်ခွင့်ပြုငွေမှ ကျပ်သန်းပေါင်း ကိုးသောင်းခြောက်ထောင်ကျော်(၉၆၁၀၃ ဒဿမ ၈၇သန်း)နှင့် ပြည်ထောင်စုအသုံးစရိတ်မှ ခွင့်ပြုငွေကျပ်သန်းရှစ်ရာကျော် (၈၄၆ ဒသမ ၅၃ သန်း)ဖြစ်သည်။

ယင်းမှာ ငါးနှစ်စာပေါင်းထားသော ကိန်းဂဏန်းများဖြစ်ပြီး ဘဏ္ဍာနှစ်တစ်ခုချင်းစီအလိုက် ပြန်လည် တွက်ချက်မည်ဆိုပါက ပြည်နယ်အစိုးရ၏ လျှပ်စစ်ဂဏ္ဍအတွက် အသုံးပြုသည့်ဘတ်ဂျက်ငွေ ပမာဏမှာ အားရစရာမရှိသေးကြောင်း ရခိုင်ပြည်နယ်လွှတ်တော်မှ ရသေ့တောင်မြို့နယ်ကိုယ်စားလှယ် ဦးဦးသန်းနိုင်က ဆိုသည်။

၎င်းမှာ အစိုးရက အကောင်အထည်ဖော်သည့် စီမံကိန်းများ၊ လုပ်ငန်းများကို စောင့်ကြည့်ထိန်းကျောင်းရန် ရခိုင်ပြည်နယ်လွှတ်တော်တွင် ဖွဲ့စည်းထားသည့် “ဆောက်လုပ်ရေး၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလုပ်ငန်းအဖွဲ့” တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူလည်းဖြစ်သည်။

“ရန်ပုံငွေမရတာကြောင့် လျှပ်စစ်မီးမရတာဖြစ်တယ်။ ရန်ပုံငွေရရှိတဲ့အပေါ်မှာ လုပ်တဲ့အတွက်ကြောင့် ရခိုင်ပြည်နယ်ကိုချပေးတဲ့ ဘတ်ဂျက်နည်းတာကြောင့် အားရကျေနပ်မှုမရှိဘူး” ဟု ဦးဦးသန်းနိုင်က ထောက်ပြသည်။

အစိုးရအဖွဲ့အနေဖြင့် ၂၀၃၀ ပြည့်နှစ်အတွင်း တစ်နိုင်ငံလုံးတွင် လျှပ်စစ်မီးအပြည့်အဝရရှိရေးကို ဦးတည် ဆောင်ရွက်လျက်ရှိကြောင်း အစိုးရထိပ်ပိုင်းခေါင်းဆောင်များက မကြာခဏ ထုတ်ဖော်ပြောဆိုလျက်ရှိသည်။ သို့သော် ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက်မူ ပြည်ထောင်စုမှ ဘတ်ဂျက် ခွင့်ပြုငွေ တိုးမြှင့်ရန်လိုအပ်ခြင်း၊ ဒေသမတည်ငြိမ်မှု၊ လမ်ပန်းဆက်သွယ်ရေးခက်ခဲမှုများက ဆက်လက် စောင့်ကြိုနေဆဲဖြစ်သည်။

အလားတူ ရခိုင်ပြည်နယ်အတွင်း အစိုးရလျှပ်စစ်မီးမရသေးသော ကျေးလက်နေပြည်သူ ထက်ဝက်နီးပါး၏ အိပ်မက်အတွက် လာမည့်ဖေဖော်ဝါရီလအတွင်းဖွဲ့စည်းမည့် ပြည်နယ်အစိုးရအဖွဲ့က ပိုမိုကောင်းမွန်သော၊ လက်တွေ့ကျသော အဖြေတစ်ခု ရှာဖွေပေးရန် လိုအပ်နေမည်ဖြစ်သည်။

စစ်တွေမြို့နှင့် ၁၅ မိနစ်အကြာ ဆိုင်ကယ်စီးပြီးသွားလျှင် ရောက်နိုင်သော်လည်း အစိုးရလျှပ်စစ်မီး နေအိမ်များသို့ မရောက်သေးသည့် မင်းဂံချောင်းနွယ်ကျေးရွာနေ ဒေါ်လှဖြူက “အခုလည်း အစိုးရပြောင်းတော့ လျှပ်စစ်မီး ရပါ့မလား၊ အရီးတို့ကတော့ ဘယ်အစိုးရပြောင်းပြောင်း ဖယောင်းတိုင်ပါပဲ”ဟု သူမ၏ မျှော်လင့်ချက်ကို အရွှန်းဖောက်ပြောဆိုသည်။

ဗီဒီယိုများ