၁၃ နှစ်သား ရက္ခိုင့်တပ်တော်

မြန်မာ-တရုပ် နှစ်နိုင်ငံနယ်စပ်၊ KIA ဌာနချုပ်အခြေစိုက်သည့် လိုင်ဇာမြို့အနီးက ဂျာဒူကောင် တောင်ကုန်းပေါ်မှာ လူငယ် ၂၆ ဦးတို့က စိန်ခေါ်မှုများသည့် အိပ်မက်သစ်တစ်ခုကို ထုဆစ်မည်ဟု သစ္စာဆိုနေကြသည်။

10 Apr 2022

DMG ၊ ဧပြီ ၁၀

(ဆောင်းပါး)

မြန်မာ-တရုပ် နှစ်နိုင်ငံနယ်စပ်၊ KIA ဌာနချုပ်အခြေစိုက်သည့် လိုင်ဇာမြို့အနီးက ဂျာဒူကောင် တောင်ကုန်းပေါ်မှာ လူငယ် ၂၆ ဦးတို့က စိန်ခေါ်မှုများသည့် အိပ်မက်သစ်တစ်ခုကို ထုဆစ်မည်ဟု သစ္စာဆိုနေကြသည်။

ထိုဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် ဧပြီ ၁၀ ရက်မှာ အပတ်စဉ်(၁) စစ်သင်တန်းကို ကိုထွန်းမြတ်နိုင် (ဗိုလ်ချုပ်ထွန်းမြတ်နိုင်)၊ ဒေါက်တာဇော်မျိုးသက် (ဒေါက်တာ ညိုထွန်းအောင်)နှင့် စိတ်တူကိုယ်တူ လူငယ်ရဲဘော် ၂၆ ဦးက ရက္ခိုင့်တပ်တော်(AA)ကို တည်ထောင်လိုက်ခြင်းဖြစ်သည်။

AA ဖြစ်တည်မှုနှင့် အခက်အခဲများ

အဆိုပါလူငယ်များအတွက် တပ်တော်ထူထောင်ခါစတွင် စားနပ်ရိက္ခာ၊ လက်နက်ခဲ့ယမ်း စသည့်လိုအပ်ချက် စိန်ခေါ်မှုများစွာရှိနေသည်။ ထိုသို့ AA စတင်တည်ထောင်ခဲ့စဉ်က ခက်ခဲကြမ်းတမ်းနေသည့်အချိန်တွင် ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင်က လက်နက် ၁၀၀ လက်ဆောင်ပေးခဲ့ကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုသည်။

“ကျနော်တို့ဟာ အဲဒီသေနတ် ၁၀၀ ရယ်၊ RPG နှစ်လက်ရယ်။ အဲဒါကိုကိုင်ပြီးမှ ရခိုင်ပြည်ကို ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပါတယ်။ ဒီကိစ္စဟာ ကျနော်တို့ရခိုင်တော့်လှန်ရေးအတွက် အင်မတန်အရေးပါတဲ့ ကိစ္စကြီးတစ်ခုဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က မတ်လ  ၂၉ ရက်နေ့ကပြုလုပ်ခဲ့သည့် ဦးဖုန်ကြားရှင်၏ ဈာပနအခမ်းအနားတွင် ဖွင့်ဟပြောဆိုခဲ့ခြင်းဖြစ်သည်။

များပြားလှသည့် စိန်ခေါ်မှု၊ မဖြစ်နိုင်သည်ထင်ထားသည့် အခက်အခဲများကို ရင်ဆိုင်ဖြတ်သန်းရန်အတွက် ပထမခြေလှမ်းအဖြစ် ၂၀၁၁ ခုနှစ် ဇွန်လမှာ တပ်မတော်နှင့် KIA တို့တိုက်ပွဲဖြစ်ပွားရာတွင် AA တပ်ဖွဲ့ဝင်များလည်း KIA ဘက်မှပါဝင်ကူညီကာ တိုက်ပွဲအတွေ့အကြုံကို ရယူခဲ့ကြသည်။ ထို့အတူ ရှမ်းမြောက်မှ ကိုးကန့်(MNDAA)၊ (TNLA) တ‌အေဲာန်းတပ်ဖွဲ့များနှင့် မဟာမိတ်ဆက်ဆံရေး တည်ဆောက်ပြီး ကိုးကန့်တိုက်ပွဲများတွင် AA ပါဝင်တိုက်ခိုက်ကြောင်းကြေညာခဲ့ပြီး တော်လှန်ရေးစွမ်းရည်ကို မြှင့်တင်စေခဲ့သည်။

တစတစနှင့် AA သည် စစ်လက်နက်ခဲယမ်းများကို KIA၊ UWSA တို့ဆီက အကူအညီများရယူခြင်းအပြင် အခြားနိုင်ငံတကာ ထိုင်းနယ်စပ်နဲ့ အခြားမှောင်ခိုလမ်းကြောင်းများမှလည်း ခေတ်မီလက်နက်များဝယ်ယူကာ နည်းလမ်းအမျိုးမျိုးဖြင့် ရခိုင်သို့ တစစဝင်ရောက်လာခဲ့သည်။

ထို့နောက် ယင်းသို့မဟာမိတ်များနှင့် တိုက်ပွဲဝင်ရောက်နေရင်းနှင့်ပင် နိုင်ငံရေးဆွေးနွေးပွဲမှ သူတို့၏ရပိုင်ခွင့်ကို တောင်းဆိုနိုင်ရေးအတွက် NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပါဝင်ခဲ့သည်။ သို့သော် တပ်မတော်အနေဖြင့် AA ကို ယမန်နေ့က ပေါ်ပေါက်လာသည့် KIA လက်အောက်ခံ အဖွဲ့ငယ်ဖြစ်သည်ဟုဆိုကာ AA ကို လူရာမသွင်းပဲပစ်ခဲ့သည်။ ယင်းအချိန်မှစ၍ AA  မှာ မိမိ၏တို့ ရည်မှန်းချက်တို့ကို မဆုပ်မနစ်သည့်ဇွဲသတ္တိတို့ဖြင့် ချီတက်လာနေသည်။

ရခိုင်သို့ မျက်နှာမူ

ထိုအချိန်က လူသိနည်းခဲ့သည့် AA မှာ ၂၀၁၄ ခုနှစ် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာကျင်းပခဲ့သည့် “ရခိုင်အမျိုးသားညီလာခံ”ကို ဒေါက်တာညိုထွန်းအောင် ခေါင်းဆောင်သည့်အဖွဲ့ တရားဝင် တက်ရောက်ခဲ့ပြီးနောက် ရခိုင်လူထုနှင့် ထိတွေ့ခွင့်ရရှိခဲ့ကာ ရခိုင်လူထုကြား ထင်ရှားလာခဲ့သည်။

ယင်းမှတခါ AA သည် သူတို့၏ အန္တိမရည်မှန်းချက်ဖြစ်သည့် ရခိုင်ဒေသနှင့် နီးစပ်ရာ ချင်းပြည်နယ် ပလက်ဝနယ်စပ်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနယ်စပ်တစ်လျှောက်တွင် ၂၀၁၅ ခုနှစ်ကစတင်ပြီး အခြေပြုလှုပ်ရှား လာခဲ့သည်။ AA သည် ၂၀၁၆၊ ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း တောဖျားချောင်းဒေသ နတ်သရွေး၊ သြရမတို့တွင် ကြိုကြားကြိုကြားတိုက်ပွဲများ ဖြစ်ပွားလာသည်။

၂၀၁၈ နှစ်ကုန်ပိုင်းတွင် ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မင်းပြား၊ အမ်း၊ မြေပုံနှင့် မြောက်ပိုင်းတခွင်မှ တောင်ကုတ်ဒေသအထိ အနှံ့ဖြန့်ကျက်ကာ တပ်မတော်နှင့် အပြင်းထန်ဆုံးသော တိုက်ပွဲများကို ရင်ဆိုင်တိုက်ခိုက်လာသည်။
၂၀၁၉ ခုနှစ်က ရက္ခိုင့်တပ်တော်(AA)၏ ကာလသည် မုန်တိုင်းကိုဖြတ်ကျော်သည့်ကာလအဖြစ် သတ်မှတ်ကာ ၂၀၂၀ Arakan Dream ဆိုသည့် ကြွေးကြော်ချက်များဖြင့် ရခိုင်ပြည်သူများကို မျှော်လင့်ချက်ပေးကာ သူတို့၏ ရက္ခိတအိပ်မက်ကို ချပြလာသည်။

အားလုံးက ကနဦးသုံးသပ်ချက်အရ AA အနေဖြင့် ချောင်ပိတ်ခံရကာ စစ်ရေးရှုံးနိမ့်သွားခြင်း (သို့မဟုတ်) အင်အားပျော့ကာ ပုန်းလျှိုသွားမည်ဟုအတွေးများက လူတိုင်းတွင်ရှိနေခဲ့သည်။ ယင်းကြောင့် NLD နှင့် တပ်မတော်တို့က AA ကို အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာပြီး လေတပ်၊ ရေတပ်၊ ကြည်းတပ်တို့ဖြင့် ရှိသမျှအင်အား စစ်လက်နက်၊ စစ်သည်အများအပြားဖြင့် ၂ နှစ်ကျော် ၃ နှစ်ခန့်အကြာ ဖိနှိပ် တိုက်ခိုက်ခဲ့ကြသည်။ သို့သော်လည်း AA အနေဖြင့် တပ်မတော်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုတို့ကို ပြောက်ကျားဗျူဟာနှင့် ရွပ်ရွပ်ချွံချွံခုခံနိုင်ခဲ့သည်။

“လက်နက်အရည်အသွေးအရ စစ်တပ်မှာလည်း မောင်းပြန်သေနတ်ကိုကိုင်ထားသလို AA မှာလည်း မောင်းပြန် သေနတ်ကိုကိုင်ထားတာရှိတယ်။ စစ်လက်နက် မတိမ်းမယိမ်းအပြင် ခဲယမ်းသုံးစွဲမှာလည်း AA ဘက်က လုံလောက်တဲ့အနေအထား သုံးစွဲနိုင်ခဲ့တယ်”ဟု ဝါရင့်ရခိုင့်တော်လှန်ရေး သမားတစ်ဦးလည်းဖြစ်၊ NUPA/AA ဥက္ကဋ္ဌဟောင်း ဦးမြဝါက မှတ်ချက်ပေးသည်။

ကျောက်တော်၊ ပလက်ဝနယ်စပ်ရှိ ရက်ပေါင်း(၄၅)ရက်ကျော်ကြာမြင့်သည့် မီးဝတိုက်ပွဲ၊ ကျောက်တော် ပုဏ္ဏားကျွန်းမြို့နယ်အစပ်ရှိ ၉ ရက်ကြာသည့် ဗုဒ္ဓေါတိုက်ပွဲ၊ ရသေ့တောင် ကျောက်တန်း-အောင်သာစည်၊ မင်းပြား ဖားပြိုတိုက်ပွဲတို့မှာ အပြင်းထန်ဆုံးနှင့် ထင်ရှားသည့်တိုက်ပွဲကြီးများဖြစ်သည်။ စစ်ပွဲကာမှာလည်း စစ်ဆင်ရေးနှင့်ဆက်စပ်သည့် မဟာဗျူဟာပိုင်းကို မြေပြင်တပ်မှူးများက စနစ်တကျစီစဉ်ကာ အမိန့်နာခံမှု တပ်တွင်းကျစ်လစ်ခိုင်မာသည့် ဖွဲ့စည်းပုံမျိုးရှိသည်ကို တွေ့ရသည်။

ထိုတိုက်ပွဲတို့တွင် AA တပ်ဖွဲ့လူငယ်တို့၏ တိုက်ခိုက်မှုစွမ်းရည်မြင့်မားမှု၊ အထက်အောက် အမိန့်နာခံမှု၊ စစ်ရေးဗျူဟာကောင်းမွန်မှုများကြောင့် တပ်မတော်ဘက်က အရေးနိမ့်ခဲ့မှုများရှိခဲ့ရခြင်းဟု ရခိုင့်တော်လှန်ရေး အသိုင်းအဝိုင်းက မှတ်ချက်ပေးနေကြသည်။
ထို့အတူ AA တပ်ဖွဲ့သည် ပြောက်ကျားဗျူဟာအရ မြေပြင်အခြေအနေအရပ်ရပ်ကို ကျွမ်းကျင်စွာ နားလည်ထားခြင်းကြောင့် ရင်ဆိုင်ရာတွင် အားသာချက်များစွာရှိနေမှုကြောင့် မြန်မာစစ်တပ်ဘက်က နောက်ဆုတ်ပေးလိုက်ရခြင်းဟုလည်း ဦးမြဝါကဆိုသည်။

“AA ရဲ့ စစ်သည်တွေကို ချီးကျူးစရာတစ်ခုကတော့ ဗီယက်နာမ်စစ်ပွဲတုန်းက သူတို့ရဲ့ တောတောင်အခြေအနေကို သုံးသပ်ပြီးမှ အမေရိကန်တပ်ကို ဗီယက်နာမ်တွေက ပြောက်ကျားစစ်အရ တိုက်နိုင်ခဲ့တာ။ ဒီလိုပဲ AA ဘက်က စစ်ဗိုလ်တွေဟာလည်း အခြေအနေအရပ်ရပ်ကို စစ်နည်းဗျူဟာအရ သုံးသပ်ပြီး ဗမာစစ်တပ်ကိုတိုက်နိုင်ခဲ့တာ”ဟု NUPA/AA ဥက္ကဋ္ဌဟောင်း ဦးမြဝါက ချီးကျူးစကားဆိုသည်။

လက်ရှိတွင် AA သည် ရခိုင်ပြည်နယ်အနှံ့တွင် နယ်မြေအလိုက်တပ်မဟာများ အာလဖာ၊ ဘီတာ၊ နိုဘာ စသည့် စစ်ဒေသများဖွင့်လှစ်ကာ ခြေကုတ်နေရာယူထားသည်။ ရခိုင်ဒေသရှိ တပ်ရင်းတစ်ရင်း၌ လူ ၃၀၀ ခန့်ဖြင့် တပ်ရင်းရာချီဖွဲ့စည်းထားရှိပြီး တပ်သားအင်အား ၃၀၀၀၀ ကျော်အထိရှိလာနေသလို ရခိုင်ပြည်နယ်ကို ၆၀ ရာခိုင်နှုန်းအထိ ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ထုတ်ပြောထားသည်။

AA သည် သူ့၏တပ်ဖွဲ့ဝင်များကို လက်ရှိတွင် လက်နက်ခဲယမ်းတပ်ဆင်မှု၊ တပ်တွင်းဆေးပညာသင်တန်း၊ တိုက်ခိုက်ရေးမှာ အထူးလေ့ကျင့်ရေး၊ ကျွမ်းကျင်သည့် အဆင့်မြင့်တိုက်ခိုက်ရေးသင်တန်း၊ စနိုက်ပါ သင်တန်းများကို သီးသန့်ရွေးချယ်သင်ကြားပေးနေပြီး နိုင်ငံတကာဆက်ဆံရေးပိုင်းနှင့် အခြားကဏ္ဍများမှာ ပါဝင်နိုင်ဖို့ အင်္ဂလိပ်၊ တရုတ်၊ ဘင်္ဂါလီအစရှိသည့် စာနှင့် ဘာသာစကားသင်တန်းတွေကိုလည်း တပ်တွင်း သင်ကြားပေးထားသည်။

လက်ရှိ AA သည် ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)နှင့် ၎င်းတို့၏လက်အောက်တွင် ရက္ခိုင့်ပြည်သူ့အာဏာပိုင်အဖွဲ့ Arakan People’s Authority(APA)ကို အုပ်ချုပ်ရေးနှင့်သက်ဆိုင်သည့် အဖွဲ့အစည်းအဖြစ် တည်ဆောက်ထားသည်။

ယင်းအပြင် AA ၏ အရံတပ်သဘောဖြင့် Arakan Army Auxillary(AAA)ကိုလည်း စစ်ပွဲကာလအတွင်း၌ သတင်းနှင့်ရိက္ခာ ထောက်ပို့လုပ်ငန်းများတွင် ဖွဲ့စည်းအသုံးပြုခဲ့ပြီး လက်ရှိအချိန်ထိ အရေးကြီးသည့် အစိတ်အပိုင်းမှ အားဖြည့်ထားသည်။

AA ဘာကြောင့် အင်အားကြီးထွားလာသလဲ

လက်နက်ကိုင်တော်လှန်ရေးသည် ဖိနှိပ်ခံဘဝကလွတ်မြောက်စေပြီး အချုပ်အခြာအာဏာတည်ဆောက်ရာတွင် အသုံးဝင်ကြောင်း ရခိုင်ပြည်သူတို့က နားလည်ထားကြသည်။ ယင်းကြောင့် ယခင်က တော်လှန်ရေးတပ်ဖွဲ့များ လှုပ်ရှားရာတွင် ခက်ခဲစေခဲ့သည့် AA ကို မျက်ဝါးထင်ထင်မြင်လာမှုကြောင့် ပြည်သူတို့က တခဲနက်ထောက်ခံ အားပေးခဲ့ကြသည်။

ယင်းကြောင့် လက်ရှိရခိုင့်လက်နက်ကိုင်အဖွဲ့များဖြစ်ကြသော ရခိုင်လွတ်မြောက်ရေးပါတီ၊ ရခိုင်လွတ်မြောက်ရေးတပ်မတော်(ALP/ALA)နှင့် ရခိုင်အမျိုးသားကောင်စီ၊ ရခိုင်ပြည်တပ်မတော်(ANC/AA) တို့ အကြားတွင် AA သည် ရခိုင်ပြည်သူများအတွက် မျှော်လင့်ချက်အပေးခံရဆုံး အဖွဲ့လည်းဖြစ်သည်။

ရခိုင်နိုင်ငံရေးဆောင်းပါးများကို ရေးသားနေသူ ကိုထွန်းကြည်ကတော့ “AA ဟာ အချိန်တိုအတွင်းမှာ အအောင်မြင်ဆုံး လက်နက်ကိုင်တစ်ဖွဲ့ဖြစ်တယ်။ နောက်တစ်ခုက AA မှာ လူငယ်တွေဦးဆောင်တဲ့အဖွဲ့ ဖြစ်တာကြောင့် စိတ်ကူးတွေ Update ဖြစ်ပြီးတော့ အရည်အသွေးပြည့်မီတာတွေ့ရတယ်”ဟု ဆိုသည်။

ထို့အပြင် AA သည် တခြားတိုင်းရင်းသားများထက် နိုင်ငံရေးမျှော်လင့်ချက်ကြီးမားကာ ဖက်ဒရယ်ထက် ကျော်လွန်သည့် ကွန်ဖက်ဒရေးရှင်း (သို့မဟုတ်) သီးခြားအချုပ်အခြာအာဏာပိုင်တိုင်းပြည်ကို လိုလားသည်ဟု ပြောဆိုမှုများကြောင့် ရခိုင်လူထု၏ တခဲနက်အားပေးမှုကို ခံရခြင်းဖြစ်သည်။

ထို့အတူ AA အနေဖြင့် သူတို့လိုလားသည့် နိုင်ငံရေးရည်မှန်းချက်မရနိုင်လျှင် နိုင်ငံတကာနှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဟု ပြောဆိုထားသလို လက်ရှိတွင် ရခိုင်တို့၏ နယ်စပ်ထွက်ပေါက်အဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်နေသည်ကို တွေ့ရသည်။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ တခြားအိမ်နီးနားချင်းနိုင်ငံတွေနဲ့ ကျနော်တို့ဟာ နှစ်ဦးနှစ်ဘက် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးတွေကို တောက်လျှောက်လိုလားတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ကျနော်တို့ကြားမှာ အတိုင်းအတာတစ်ခုထိတော့ ကောင်းပါတယ်”ဟု ဦးခိုင်သုခက ဧပြီလ ၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။ ယင်းအပြင် AA သည် သီးခြားဆန်သည့် အနာဂတ်အမျိုးသားနိုင်ငံကိုသွားမည်ဟု ပြောဆိုထားသဖြင့် ရခိုင်ပြည်သူတို့ အိမ်မက်နှင့်လည်း ထပ်တူကျနေသည်။

လွှတ်တော်အမတ်ဟောင်း ဦးခင်မောင်လတ်ကလည်း “ရခိုင်တွေက သူတို့ရှင်သန်မှုအတွက် အဓိက ကြိုးစားရင်းနဲ့ AA ကို ထောက်ခံမှုရှိသွားတာ။ AA ရဲ့ မျှော်လင့်ချက်ကြီးမားပုံကိုလည်း ပြည်သူတွေက သဘောကျသွားတာ”ဟုဆိုသည်။

ယင်းသို့ စစ်တပ်နှင့် ၃ နှစ်ခန့် အပြင်းထန်ဆုံးသောတိုက်ပွဲကြီးများကို ရင်ဆိုင်ခုခံတိုက်ခိုက်ခဲ့ပြီးနောက် လက်ရှိတွင်မူ နားလည်မှုဖြင့် လူကြီးလူကောင်းဆန်ဆန် အပစ်အခတ်ရပ်ထားနိုင်သည်မှာ အချိန်တစ်နှစ်ကျော် လာပြီဖြစ်သည်။

လက်ရှိရခိုင်သည် စစ်အေးကာလကိုဖြတ်သန်းနေပြီး ဒေသအတွင်း AA က ၎င်းတို့၏သြဇာထိန်းချုပ်မှုနှင့်အတူ ဒေသအတွင်း ရခိုင်အပါအဝင် မျိုးနွယ်စုဝင်အားလုံးကို အခွင့်အလမ်းများပေးကာ စည်းရုံးသိမ်းသွင်း ထားနိုင်သည်။ ယင်းအထဲမှ အထူးခြားဆုံးမှာ လူမျိုးစုပဋိပက္ခပြင်းထန်စွာဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်မှ မွတ်ဆလင်အသိုင်းအဝိုင်းကိုပင် သဟဇာတကျကျဖြင့် AA က သူတို့၏ရင်ခွင်ထဲသို့ ဆွဲခေါ်ထားသည်ကို တွေ့ရသည်။

AA ၏ တရားစီရင်ရေး

မြန်မာနိုင်ငံရှိ အင်အားကြီး EAOs များဖြစ်ကြသည် KNU၊ KIA၊ UWSA စသည့်တပ်ဖွဲ့များသည် သူတို့ ထိန်းချုပ်ရာဒေသများတွင် ပြည်သူများအတွက် အုပ်ချုပ်ရေး၊ တရားစီရင်ရေးများကိုလုပ်ဆောင်နေသလို AA မှာလည်း ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA)ကိုဖွဲ့စည်းကာ သီးခြားတရားစီရင်ရေးစနစ်ကို အသက်သွင်းနေသည်။

ရခိုင်တွင် ULA/AA က ဖွဲ့စည်းထားသည့် APA သည် အုပ်ချုပ်ရေး၊ တရားစီရင်ရေးတာဝန်များကို ၂၀၂၀ ခုနှစ်မှ စတင်ဖြေရှင်းလာခဲ့သည်။ ၂၀၂၁ ခုနှစ်၊ သြဂုတ်လတွင် ရခိုင်ပြည်အတွင်း မတရားမှု၊ အကြမ်းဖက်မှု၊ ခိုးမှု၊ မြေယာပြဿနာများနှင့် တရားဥပဒေအဆုံးအဖြတ်ခံယူရမည့် မှုခင်းများအားလုံးကို တိုင်ကြားနိုင်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က တရားဝင်ထုတ်ပြန်ခဲ့သည်။ တရားစီရင်းရေးတွင် နိုင်ငံတကာဥပဒေကို ကျင့်သုံးကာ တရားရုံးများကို တိုက်နယ်၊ မြို့နယ်၊ ဗဟိုတရားရုံး၊ တရားရုံးချုပ် စသည်ဖြင့် အဆင့်ဆင့်ဖွဲ့စည်းထားသည်။

အမည်မဖော်လိုသည့် ULA နှင့်နီးစပ်သည့် ရခိုင်ရှေ့နေတစ်ဦးကလည်း “အခုလက်ရှိ ULA ရဲ့ တရားစီရင်ရေးက ပြည်သူတွေရဲ့အားကိုးယုံကြည်မှုကို ရနေတယ်။ မှန်ကန်တယ်။ လာဘ်ပေးလာဘ်ယူ အနည်းဆုံးကင်းရှင်းတယ်။ ဒါတွေကတော့ အားသာချက်တွေဖြစ်တယ်”ဟု မှတ်ချက်ပြုသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)၏ တရားရေးဌာနသို့ ၂၀၂၁ ခုနှစ်တွင် အမှုပေါင်း ၃၈၃၈ မှုနှင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လတွင် အမှုပေါင်း ၁၈၄၅ မှု တိုင်ကြားမှုရှိခဲ့သည်။ ယင်းအနက် ၂၀၂၁ ခုနှစ်တွင် အမှုပေါင်း ၁၉၀၀ ကိုဖြေရှင်းနိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ်သုံးလတာကာလတွင် အမှုပေါင်း ၁၀၂၆ မှု ဖြေရှင်းနိုင်ခဲ့သည်ဟု ဦးခိုင်သုခကပြောဆိုထားသည်။

ထို့အတူ တရားစီရင်ရေးလုပ်ငန်းမှာ ပြည်သူတို့ကို ဝန်ဆောင်မှုပေးရသည့် လုပ်ငန်းတစ်ရပ်နှင့်အတူ ကျယ်ပြန့်နက်ရှိုင်းသည်။ ယင်းကြောင့် တရားစီရင်ရေးအရ အမှုများကိုဖြေရှင်းသည့်အခါ တချို့တရားရေး   တာဝန်ရှိသူတို့မှာ မသေချာမှုတချို့ရှိနေသေးကြောင်းလည်း ULA နှင့်နီးစပ်သည့် ရခိုင်ရှေ့နေတစ်ဦးကဆိုသည်။

“အဲဒီလိုအမျှော်အမြင်ရှိရှိ ဆုံးဖြတ်ရမယ့်အပိုင်းမှာ ULA တရားသူကြီးတချိုက မသေချာမှုတွေရှိတယ်။ သူတို့မှာ ကြိုတင်ပြင်ဆင် လေ့ကျင့်ပျိုးထောင်ထားတဲ့ကိစ္စမှာ နည်းပါးတယ်”ဟု အကြံပြုထားသည်။
ရက္ခိုင့်တပ်တော်(AA)၏ အုပ်ချုပ်ရေးလုပ်ငန်း၊ တရားစီရင်ရေးလုပ်ငန်းတို့တွင် လူငယ်၊ လူလတ်ပိုင်းအရွယ် အများအပြားပူးပေါင်းပါဝင်မှုရှိသော်လည်း အားရသည့်အနေအထားသို့ မရောက်သေးသည့်အတွက်ကြောင့် ပညာတတ်လူငယ်များလိုအပ်နေသေးကြောင်း AAဘက်က ဝန်ခံထားသည်။

“လူငယ်တွေကို ဥပဒေရေးရာနဲ့ပတ်သက်တဲ့သင်တန်းတွေကို ကျနော်တို့ပေးနေတာတွေရှိတယ်။ တစ်ဖက်မှာ ပညာတတ်လူငယ်တွေ၊ လူလတ်ပိုင်းတွေအနေနဲ့ ပါဝင်မှုကတော့ ကျနော်တို့အားရလောက်တဲ့ အနေအထားအထိ မရောက်လာသေးဘူး”ဟု ခိုင်သုခကဆိုသည်။
ထိုသို့ AA က ဒေသခံတို့ကို ထိန်းချုပ်လာပြီးနောက်ပိုင်းတွင် ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ် မြို့နယ်များတွင်ရှိသည့် နယ်မြေတရားရုံးများအနီးအနားတွင် မြန်မာစစ်တပ်ဘက်က ဝင်ရောက်ရှာဖွေ စစ်ဆေးမှုများရှိနေကြောင်းလည်း AA ဘက်ကပြောဆိုထားသည်။

သုံးပုံနှစ်ပုံ တော်လှန်ရေးခရီး

AA မှာ ရခိုင်ပြည်နယ်အတွင်း သြဇာလွှမ်းမိုးထားမှုနှင့်အတူ တော်လှန်ရေးကာလအတွင်း ကြွေးကြော်ထားသော ရက္ခိတအိပ်မက်(Arakan Dream)မှာလည်း လက်ရှိအခြေအနေတွင် တဝက်ကျော်ရောက်ရှိနေပြီဖြစ်ကြောင်း ဆိုသည်။

“ပြောမယ်ဆိုရင် အာရက္ခဒေသမှာ ကျနော်တို့ ရခိုင်ပြည်သူ့အစိုးရအဖွဲ့ကနေပြီးတော့ လုပ်ငန်းစဉ်တွေကို နေ့စဉ်နဲ့အမျှလုပ်ဆောင်နေတဲ့အဆင့်ကို ရောက်နေပါပြီ။ အဲဒါကြောင့် ကျနော်တို့ မိုင်တိုင်နဲ့မပြောနိုင်ပေမယ့် ခရီးတဝက်ကျော် သုံးပုံနှစ်ပုံရောက်နေပြီလို့ ပြောလို့ရတယ်”ဟု ဧပြီ ၅ ရက်နေ့က ခိုင်သုခကပြောသည်။

ထို့အတူ ယခင်က အားလုံးက လုံးဝအသိအမှတ်ပြုမှုမခံရဘဲ အားလုံးဘက်ကသိမ်ဖျင်းအောင် နည်းမျိုးစုံနဲ့ ဝိုင်းဝန်းပြီးလုပ်ခဲ့ကြသည့် AA မှာ လက်ရှိတွင် စစ်ကောင်စီ၊ NUG အပါအဝင် တခြားလက်နက်ကိုင်အင်အားစု  အားလုံးက အလေးထားမှု၊ အသိအမှတ်ပြုများနှင့်အတူ ရခိုင်ပြည်သူရှေ့တွင် မားမားမတ်မတ်ရပ်တည်ပြီး လုပ်နေသည့် အဖွဲ့အစည်းကြီးတစ်ရပ်ဖြစ်နေသည်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုဟာ ကျွန်တော်တို့ အမျိုးသားရေး လှုပ်ရှားမှုတွေရဲ့ အဓိကအချက်ဖြစ်ပါတယ်”ဟု ‌ပြောဆိုထားသည့်အတွက် ရခိုင်ပြည်အတွက် AA ၏ အန္တိမပန်းတိုင်က လွတ်လပ်ရေး (သို့မဟုတ်) သီးခြားအချုပ်အခြာအာဏာပိုင်သည့် ဒေသတစ်ခုကို AA ဖန်တီး တည်ဆောက်နေခြင်းဖြစ်သည်။

ထို့ကြောင့် ယခု ၂၀၂၂ ခုနှစ် ဧပြီလ ၁၀ ရက်နေ့သည့် ရက္ခိုင့်တော်၏ (၁၃)နှစ်မြောက်မွေးနေ့ (သို့မဟုတ်)  ရက္ခိုင့်တပ်တော်နေ့ကို ရခိုင်ပြည်သူလူထုတို့က အထင်ကရနေ့အဖြစ် သတ်မှတ်ထားကြသည်။

ယင်းကြောင့် လက်ရှိ AA ၏ (၁၃)တာခရီးဖြတ်သန်းမှု အတိမ်အနက်ကို လွှတ်တော်အမတ်ဟောင်း ဦးခင်မောင်လတ်ကတော့ “တပ်တော်က ရည်မှန်းချက်အဆင့်မြင့်လွန်းတယ်ဆိုတော့ တခြားသူတွေ ရင်မဆိုင်ခဲ့ရတဲ့ စိန်ခေါ်မှုတွေအတွက် ပိုပြီးကြိုးစားရမယ်”ဟု မှတ်ချက်ပြုပြောဆိုသည်။

ရက္ခိုင့်တပ်တော်မွေးနေ့ကို ဂုဏ်ပြုကြိုဆိုရင်း…

ဂေါင် - ရေးသည်။

ဗီဒီယိုများ