နိုင်ငံရေးလမ်းသစ်ကို စောင့်ကြည့်နေတဲ့ AA

“ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုဟာ ကျွန်တော်တို့ အမျိုးသားရေးလှုပ်ရှားမှုတွေရဲ့ အဓိက အချက်ဖြစ်ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံမှာ ကျနော်တို့ရခိုင်လူမျိုးတွေလိုချင်တဲ့  ကွန်ဖက်ဒရေးရှင်းအမျိုးအစား နိုင်ငံရေးနယ်ပယ် ရှိ၊ မရှိကို ကျနော်တို့ကြည့်ရမယ်”

25 Feb 2022

DMG ၊ ဖေဖေါ်ဝါရီ ၂၅

(ဆောင်းပါး)
“ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုဟာ ကျွန်တော်တို့ အမျိုးသားရေးလှုပ်ရှားမှုတွေရဲ့ အဓိက အချက်ဖြစ်ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံမှာ ကျနော်တို့ရခိုင်လူမျိုးတွေလိုချင်တဲ့  ကွန်ဖက်ဒရေးရှင်းအမျိုးအစား နိုင်ငံရေးနယ်ပယ် ရှိ၊ မရှိကို ကျနော်တို့ကြည့်ရမယ်”

၂၀၂၂ ဇန်နဝါရီလက နိုင်ငံခြားသတင်းဌာနတစ်ခုဖြစ်သော Asia Times နှင့်အင်တာဗျူးတွင် ရခိုင်ပြည်အတွက် AA ရဲ့ အန္တိမပန်းတိုင်က လွတ်လပ်ရေးလား (သို့မဟုတ်) ဖက်ဒရယ်ပြည်ထောင်စုအတွင်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့်လား ဆိုသည့်မေးခွန်းကို ရက္ခိုင့်တပ်တော်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

အထက်ပါမေးခွန်းနှင့်အဖြေတို့မှာ လက်ရှိ မြန်မာနိုင်ငံရေးအရှုပ်အထွေး၊ အချိုးအကွေ့တို့ကို AA က စောင့်ကြည့်ရင်းနှင့် သူတို့၏နိုင်ငံရေးလမ်းစဉ်ကို တပ်လှန့်အသိပေးထားခြင်းဟု မှတ်ယူနိုင်သည်။ ဆိုလိုသည်မှာ မြန်မာ့နိုင်ငံရေးအခင်းအကျင်းသည် လတ်တလောတွင် များစွာရှုပ်ထွေးနေသဖြင် မိမိတို့ရပ်တည်ချက်အပေါ် နှစ်ဘက်ပတ်သက်နေသူတို့အား ကြိုတင်စဉ်းစားစေဖို့ Messages တစ်ခုလည်း ဖြစ်နေသည်။

အသက် ၄၃ နှစ်အရွယ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်သည် မြန်မာ့နိုင်ငံတွင် အသက်အငယ်ဆုံးနှင့် အအောင်မြင်ဆုံး တော်လှန်ရေးခေါင်းဆောင်တစ်ဦးဖြစ်နေသည်ဟု မှတ်ချက်ပြုနိုင်သည်။ သူ၏နိုင်ငံရေးအတွေးအခေါ်တို့မှာ သစ်လွင်ပြီး ကြိုတင်တွေးဆလုပ်ကိုင်နိုင်စွမ်းရှိသူတစ်ဦးအဖြစ်လည်း မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် မြင်တွေ့နေရသည်။ ၂၀၀၉ ခုနှစ် ဧပြီလတွင် လူငယ် ၃၀ ခန့်နှင့် ကချင်ပြည်နယ်၊ လိုင်ဇာတွင် စတင်ခဲ့သည့် AA မှာ လတ်တလော EAOs တို့တွင် အင်အားကြီးထွားမှုတို့ကြောင့် ထိပ်တန်းသတ်မှတ်ခံထားရသည်။

မြန်မာနိုင်ငံတွင် လွတ်လပ်ရေးနှင့်အတူပေါက်ဖွားလာသော ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများမှာ နှစ်ပေါင်း ၇၀ ကျော်အချိန်ထိ ရှည်လျားနေပြီဖြစ်သည်။ ယင်းပဋိပက္ခတို့ ပေါ်ပေါက်ရာအကြောင်းအရင်းမှာ အာဏာရှင်လူစု၏ အတ္တများကြောင့် ဗဟိုချုပ်ကိုင်မှုစနစ်အောက်တွင် တိုင်းရင်းသားတို့၏ တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို မရရှိသည့်အတွက် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတို့က တော်လှန်နေကြခြင်းလည်းဖြစ်သည်။

ယင်းကြောင့် AA အပါအဝင် တိုင်းရင်းသားဒေသအသီးသီးမှ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ အလျှိုလျှိုပေါ်ထွက်လာပြီး အုပ်ချုပ်သူအာဏာရှင်တို့ကို တော်လှန်တိုက်ခိုက်နေကြသည်မှာ ငုတ်တစ်ခါ ပေါ်တစ်လှည့်ဖြင့် ယနေ့ထိတိုင်ရှိနေဆဲဖြစ်သည်။ ထို့အပြင် လတ်တလောတွင် စစ်အာဏာသိမ်းမှုကို လက်မခံနိုင်သဖြင့် ဗမာတိုင်းရင်းသားအင်အားစုတို့ကိုယ်တိုင်က ဒေသအသီးသီးတွင် PDFs နှင့် တစ်ခြားအဖွဲ့တို့ ဖွဲ့စည်းကာ တော်လှန်နေကြသည်။

ဖက်ဒရယ်အိပ်မက်ထဲက AA တွက်ခြေ

ဖက်ဒရယ်ပြည်ထောင်စုဆိုသောစကားမှာ ယနေ့မှထွက်ပေါ်လာခြင်းတော့ မဟုတ်ပေ။ ယခင်က မြန်မာနိုင်ငံလွတ်လပ်ရေးရတည်းက ပါဝင်လာသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တို့၏ အဓိကမျှော်မှန်းချက်လည်း ဖြစ်ခဲ့သည်။ သို့သော်လည်း ထိုဖက်ဒရယ်ဆိုသောနိုင်ငံရေးလမ်းမှာ စစ်အာဏာရှင် အစိုးရတို့၏ ဗဟိုထိန်းချုပ်မှုအောက်မှာ နစ်မြုပ်ပျောက်ဆုံးနေခဲ့ရသည်။

ယင်းနောက် ၂၀၂၁ ဖေဖော်ဝါရီလတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအနှံ့ တော်လှန်ရေး အင်အားစုများဖြစ်ကြသော NUG/PDFs၊ NCA-EAOs အပါအဝင် တချို့သော EAOs တို့အကြားတွင် ဖက်ဒရယ်ဆိုသည့် နိုင်ငံရေးစကားလုံးမှာ ကျယ်လောင်စွာအသံထွက်လာပြီး စစ်ကောင်စီဘက်ကလည်း ဖက်ဒရယ်ဒီမိုကေရစီကိုသွားမည်ဟု ပြောဆိုလာသည်။

ယင်းကြောင့် ခြုံပြီးပြောရလျှင် အားလုံးကဖက်ဒရယ်ကို ဘုံစကားအဖြစ်သုံးနှုန်းထားကြခြင်းကို တွေ့ရသည်။ ယင်းကြောင့် လက်ရှိကာလသည် စစ်ကောင်စီနှင့် NUG/PDFs၊ NCA-EAOs အပါဝင် တချို့သော EAOs တို့မှာ ယေဘုယျအားဖြင့် ဖက်ဒရယ်ဆိုသည့်လမ်းကြောင်း ဆုံချက်နေရာတွင်ရှိနေသည်။

သို့သော် အထက်ပါဖော်ပြခဲ့သည့် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ၎င်းတို့၏ဇာတ်ကောင်များကြားတွင် ဖက်ဒရယ်ဘုံတူညီနေသော်လည်း ရှေ့ဆက်လုပ်ငန်းစဉ်အတွက် သေချာသည့်လမ်းစ မရှိသေးပေ။
ယင်းကြောင့် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က လက်ရှိကာလအခြေအနေအရ ဖက်ဒရယ်စကားလုံးနှင့်ယှဉ်တွဲကာ ပျော့ညံ့စွာဆွဲဆန့်ထားခြင်းဖြစ်သလို ကွန်ဖက်ဒရေးရှင်းအမျိုးအစား နိုင်ငံရေးနယ်ပယ်သို့ခြေလှမ်းကာ အစချီထားခြင်းကို မြင်တွေ့နိုင်သည်။

AA ရပ်တည်ချက်နှင့် လမ်းစဉ်

လူငယ်ပိုင်းများဦးဆောင်သည့် AA တွင် ဖက်ဒရယ်ထက် အဆင့်မြင့်ကျော်လွန်သည့် နိုင်ငံရေးလမ်းစဉ်တစ်ရပ်ကို စဉ်းစားထားခြင်းမှာ သစ်လွင်လှသည်။ ယခင်ရှေ့လူကြီးတို့၏ တော်လှန်ရေး၊ နိုင်ငံရေးအတွေးအခေါ်တို့ထက် AA ခေါင်းဆောင်တို့က အတွေးအမြင်သစ်တို့ကို ရခိုင်တို့၏သမိုင်းကြောင်း ဆိုင်ရာတို့နှင့် ဂဟေဆက်ထားသည်။ AA သည် တခြားလူမျိုးစုတို့နှင့် နိုင်ငံရေးခံယူချက်တွင် သီးခြားဆန်သည့် ရက္ခိတလမ်းစဉ်ဖြင့် ကွန်ဖက်ဒရိတ်ကို ချပြထားခြင်းဖြစ်သည်။

ကွန်ဖက်ဒရိတ်ဆိုသည်မှာ ပြီးပြည့်စုံသော အချုပ်အခြာအာဏာပိုင်ပြည်နယ် (သို့မဟုတ်) ဒေသအစိတ် အပိုင်းများက  ပြည်ထောင်စုဆိုသည့်အစုအဖွဲ့အတွင်း သဘောတူပေါင်းစည်းပြီး မိမိတို့ကိုယ်စီရှိပြီးသား အချုပ်အခြာပျက်ယွင်းခြင်းမရှိဘဲ လာရောက်ပေါင်းစည်းနေထိုင်ကြခြင်းကို ဆိုလိုသည်။

ယင်းအပြင် ကွန်ဖက်ဒရေးရှင်းစနစ်မှာ အချုပ်အခြာပိုင်ဆိုင်မှုရှိပြီး ဥပဒေပြဋ္ဌာန်းခြင်း၊ တရားစီရင်ခြင်းအပါအဝင် ငွေကြေးမူဝါဒ၊ နိုင်ငံသားမှတ်ပုံတင်၊ သယံဇာတတူးဖေါ်ခြင်းနဲ့ နိုင်ငံခြားဆက်ဆံရေးကအစ လွတ်လပ်စွာ လုပ်ခွင့်ရှိသည့်အတွက် နိုင်ငံငယ်တစ်ခုအဖြစ် သက်ရောက်မှုရှိသည်။

ယင်းကြောင့် AA အနေဖြင့်  မြန်မာနိုင်ငံအတွက် ဖက်ဒရယ်အနာဂတ်ဖွဲ့စည်းပုံအသစ်တွင် ကွန်ဖက်ဒရိတ် အဆင့်နှင့်ညီမျှသည့် အချက်များပါဝင်လာမည်လားဟု စောင့်ကြည်နေပုံပေါ်သည်။

Asia Times အင်တာဗျူးတွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “ကျနော်တို့တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေနဲ့အတူ ရှိနေချင်ပေမယ့် ကျနော်တို့ဆန္ဒရှိတဲ့ မှန်ကန်တဲ့နိုင်ငံရေးအဆင့်အတန်းကို ဒီပြည်ထောင်စုအတွင်းမှာ ထည့်တွက်မစဉ်စားပေးဘူးဆိုရင်တော့ နိုင်ငံတကာအသိုက်အဝန်းရဲ့ အဖွဲ့ဝင်ဖြစ်လာဖို့ ကျနော်တို့ကိုယ်တိုင် ပြုလုပ်ဖို့ ဝတ္တရားရှိသွားတာပေါ့”ဟု ပါးနပ်စွာပြောဆိုထားသည်ကို တွေ့ရသည်။

ယင်းကြောင့် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောထားသည့် အထက်ပါစကားကိုစဉ်းစားရာတွင် ကွန်ဖက်ဒရိတ်အတွက် AA အနေဖြင့် ဘုံဈေးကွက်၊ အကျိုးအမြတ်ရပ်တည်နိုင်ရေးအတွက် တခြားအချုပ်အခြာအာဏာပိုင်သည့် ပြည်နယ် (သို့မဟုတ်) နိုင်ငံတစ်ခုနှင့် အဆင်ပြေဖို့လိုအပ်သည်။ ဤတွင် ပထဆုံးတွေ့သည်က ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယတို့ကို AA က မျက်စီကျဟန်ရှိသည်။

AA နှင့် ဘင်္ဂလားဒေ့ရှ်

ဘင်္ဂလားဒေ့ရှ်အခြေစိုက် Prothomalo Alo သတင်းဌာနနှင့်အင်တာဗျူးတွင် AA တပ်ဖွဲ့ဝင်များမှာ ဘင်္ဂလားဒေ့ရှ်-ရခိုင် နယ်စပ်တစ်လျှောက်လုံးတွင် လှုပ်ရှားမှုတို့ရှိနေကြကြောင်းနှင့် ယင်းအခြေအနေကို ဘင်္ဂလားဒေ့ရှ်အစိုးရဘက်မှ ရှိမနေစေချင်သည့်သဘောရှိကြောင့်လည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုထားသည်။

“ကျွန်တော်တို့အနေနဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိချင်သလို ဘင်္ဂလားဒေ့ရှ် ပြည်သူတွေကိုလည်း ကျွန်တော်တို့ရဲ့ ရုန်းကန်လှုပ်ရှားမှုအမှန်တွေကို အထူးပဲသိစေလိုပါတယ်။ သူတို့အနေနဲ့ ကျွန်တော်တို့ကို နိုင်ငံရေး၊ စီးပွားရေး ဒါမှမဟုတ်လည်း နယ်ပယ်မျိုးစုံမှာ ဆက်ဆံရေးအတွေးအမြင်တွေ ပေးနိုင်ပါတယ်”ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုထားသည်။

ယင်းအပြင် မြန်မာနိုင်ငံမှ ထွက်ပြေးသွားရသည့် မွတ်ဆလင်တို့ပြန်လာနိုင်ရေအတွက်လည်း AA ဘက်က ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ကို အလွတ်သဘောတွေ့ဆုံဖို့ကြိုးစားနေပြီး ယင်းဘက်မှ တစုံတရာ အကြောင်းပြန်ခြင်းမျိုးမရှိသေးကြောင်းလည်း ဗိုလ်ချုပ်ကပြောဆိုထားသည်။

အထက်ပါအကြောင်းအရာတို့ကို ထောက်ကြည့်ခြင်းအားဖြင့် AA သည် ဘင်္ဂလားဒေ့ရှ်ကို မဟာမိတ် ဆက်ဆံရေးရရန်ဆန္ဒရှိနေခြင်း ပေါ်လွင်စေပြီး တခြားသော ကူးလူးဆက်ဆံရမည့်အချက်များစွာ ရှိနေမှုကိုလည်း ထည့်သွင်းစဉ်းစားထားဟန်ပေါ်သည်။

ထင်သာမြင်သာလာသည့် အချက်

ဤအချက်တွင် ယခင်က AA မှာ မှေးမှိန်နေခဲ့သည်ဟုထင်ခဲ့သော်လည်း လက်ရှိတွင် AA အနေဖြင့် မဟာဗျူတစ်ခုနှင့် အကောင်အထည်ဖော်နေသည်ကို သတိထားစရာရှိနေသည်။ သေချာသည့် အထောက်အထားတစ်ခုအဖြစ် ယခုရက်ပိုင်းတွင် လူသိရှင်ကြားတွေ့လာရသည်။
ယင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် AA သည် (စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနဲ့ သံတမန်ဆက်ဆံရေး) ပိုမိုအားကောင်းလာအောင် မြှင့်တင်လိုကြောင်း ထုတ်ပြန်လာခြင်းဖြစ်သည်။ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ကျရောက်သည့် နိုင်ငံတကာမိခင်ဘာသာစကားများနေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက မိခင်ဘာသာစကား ပိုင်ဆိုင်ထားမှုကို ဂုဏ်ပြုသည့်အနေဖြင့် AA က ဖေဖော်ဝါရီ ၂၀ ရက်နေ့က ထုတ်ပြန်လာခြင်းဖြစ်သည်။

ထိုထုတ်ပြန်ချက်တွင် “ဘင်ဂေါ(ဘင်္ဂလားဒေ့ရှ်) နှင့် အာရက္ခဒေသမှ ကျွန်ပ်တို့၏ ဘိုးဘေဒဘီဘင်များသည် ဘင်္ဂလာပင်လယ်အော်နှင့် နတ်မြတ်ကမ်းပါးတစ်လျှောက်တွင် သူတို့၏လူ့ယဉ်ကျေးမှုနှင့် တိုင်းပြည်အသီးသီးကို ထူးထောင်ရပ်တည်ဖို့ကိုလည်း ကြိုးစားရုန်းကန်ခဲ့ကြပြီး ဘင်္ဂလာနှင့် အာရက္ခပြည်ဒေသနှင့် ပြည်သူ့များကြားတွင် သဘာဝစည်းနှောင်မှုအဖြစ်လည်းတည်ရှိကြောင်း” ရေးသားထားသည်။

ယင်းအပြင် “ကျွန်ပ်တို့ လူ့အဖွဲ့အစည်းနှစ်ခုသည် သမိုင်းနှင့်ယဉ်ကျေးမှုအရ အပြန်အလှန်ဆက်နွယ်နေကာ ရခိုင်အသိုင်းအဝိုင်းသည် ဘင်္ဂလာတိုင်းပြည်၏ အစိတ်အပိုင်းတစ်ခုဖြစ်သလို ဘင်္ဂလာ အသိုင်းအဝိုင်းသည်လည်း အာရက္ခတိုင်းပြည်၏ တစိတ်တပိုင်းဖြစ်သည်”ဟု ဆိုထားသည်။

ထို့ကြောင့် “နယ်မြေနှစ်ခုလုံးမှာ ကျွန်တော်တို့၏ ညီအစ်ကိုမောင်နှမများ မှီတင်နေထိုင်သကဲ့သို့ ကျွန်တော်တို့ ပြည်သူ့နှစ်ခုလုံးအတွက် အကောင်းဆုံးကြိုးပမ်းလုပ်ဆောင်ရန်မှာ ကျွန်ပ်တို့၏တာဝန်ဝတ္တရားဖြစ်သည်”ဟု AA က ခိုင်မြဲစွာယုံကြည်ထားသည်ကို တွေ့ရမည်ဖြစ်သည်။

ယခုကဲ့သို့ နိုင်ငံတကာမိခင်ဘာသာစကားများနေ့ နေ့ထူးနေ့မြတ်တွင် “အာရက္ခပြည်သူများကိုယ်စား စည်လုံးညီညွတ်မှု ထုတ်ပြန်ချက်ရေးသားရခြင်းမှာ AA အတွက် ဂုဏ်ယူစရာဖြစ်ကြောင်းနှင့် အာရက္ခ အချုပ်အချာအာဏာကို ကျွန်တော်တို့ပြည်သူ့လူထုထံသို့ ပြန်လည်အပ်နှံခြင်းမှာ ကျွန်တော်တို့ အမျိုးသားလွတ်မြောက်ရေးလုပ်ရှားမှု၏ အန္တိမရည်မှန်းချက်ပန်တိုင်ဖြစ်သည်”ဟု ရေးထားသည်။

ယင်းကြောင့် “ကျွန်ုပ်တို့၏ တိုင်းပြည်နှင့် ဒေသနှစ်ခုကြား စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် သံတမန်ဆက်ဆံရေးကိစ္စများတွင် ပိုကောင်းသောအနာဂါတ်တစ်ခုကို မြှင့်တင်တည်ဆောက်သွားရန်ကိုလည်း အာသီသပြင်းပြနေကြောင်းနှင့် အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းလည်းဖြစ်သင့်သည်ဟု ပါရှိသည်။

နယ်စပ်ဒေသနှင့် စစ်ကောင်စီက AA အပေါ် သဘောထား

ဤအချက်တွင် အရေးကြီးသည့် ဆက်စပ်စဉ်းစားချက်တစ်ခုရှိနေသည်မှာ မောင်တောတိုက်ပွဲဖြစ်စဉ်ကို လက်ညှိးထိုးပြရပေမည်။ ပြီးခဲ့သည့် (ဇန်နဝါရီ ၂၈ ရက်နေ့)က မောင်တောမြောက်ပိုင်းရှိ ကြိမ်ချောင်းနယ်ခြားစောင့် စစ်ဆေးရေးဂိတ်တွင် လူငယ် ၃၁ ဦးဖမ်းဆီးခြင်းခံလိုက်ရပြီးနောက် ၎င်းတို့ကို စစ်ကောင်စီဘက်က ပြန်လွှတ်ပေးခဲ့သည်။ အဆိုပါလူငယ်တို့မှာ မောင်တောမြောက်ပိုင်းတွင်ရှိသည့် AA နယ်မြေထဲသို့ သင်တန်းတက်ရန်သွားကြရာ၌ ဖမ်းဆီးခံရခြင်းဖြစ်သည်။

ယင်းနောက်ပိုင်း (ဖေဖော်ဝါရီ ၄ ရက်နေ့)က မောင်တောမြောက်ပိုင်း မီးတိုက်ကျေးရွာအနီးက လက်ပံတောင်ကြောတွင် စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တို့နှင့် AA တို့ စတင်ထိတွေ့ကာ တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။ ဖေဖော်ဝါရီလ ၄ ရက်နေ့နှင့် ၆ ရက်နေ့က တိုက်ပွဲများအတွင်း AA ဘက်က တစ်ဦးကျဆုံးမှုတို့ရှိခဲ့သလို မြန်မာစစ်တပ်ဘက်ကလည်း  ၁၀ ထက်မနည်း ကျဆုံးမှုများရှိခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို AA က ဖမ်းခံထားကြောင်းလည်း သိရသည်။

အဆိုပါတိုက်ပွဲတို့ကို ခြုံငုံသုံးသပ်ရလျှင် မောင်တောမြောက်ပိုင်းတွင် AA ထိန်းချုပ်အခြေချလာသည်ကို စစ်ကောင်စီဘက်က မလိုလားခြင်းကိုပေါ်လွင်စေသည်။ ယင်းကြောင့် ARSA ကို နယ်မြေရှင်းလင်းရေး လုပ်သည်ဆိုသည့် အကြောင်းပြချက်ဖြင့် AA ရှိရာနေရာများသို့ စစ်ကောင်စီက သွားရောက် သွေးတိုးစမ်းခြင်းဖြစ်သည်။ သို့သော်လည်း စစ်ကောင်စီဘက်ကတော့ AA ၏အင်အားနှင့် လှုပ်ရှားမှုတို့ ခိုင်ခန့်နေသည့်အတွက် ရှေ့တိုးမလွယ်ဘဲ နောက်ဆုတ်ထားရသည်။

ပြီးခဲ့သော ၂ နှစ်ကျော်ကြာမြင့်ခဲ့သော ရခိုင်စစ်မီးက မောင်တောဒေသကို မကူးစက်ခဲ့ပေ။ မောင်တောဒေသ တည်ငြိမ်နေခဲ့သည်။ လှုပ်ရှားမှုအနည်းငယ်ရှိခဲ့သော်လည်း ထူူးခြားမှုမရှိခဲ့ပေ။ ယင်းကြောင့် လက်ရှိတွင် AA က မောင်တောကို အခြေချသည့်အဖြေကတော့ အထက်ဖော်ပြခဲ့သည့်အချက်များကိုကြည့်လျှင် ရှင်းလင်းနေသည်။

မောင်တောမြောက်ပိုင်းသည် AA အတွက် အထက်ပါဖော်ပြခဲ့သည့်အတိုင်း နိုင်ငံရေးအကျိုးအမြတ်နှင့် နယ်စပ်မှာ လွှမ်းမိုးနိုင်မှု၊ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့နှင့် နားလည်ချိတ်ဆက်နိုင်ခဲ့လျှင် နိုင်ငံတကာ အသိုင်းအဝိုင်းအထိ ဝင်ဆန့်ဖို့လမ်းစများရှိသည်ကို AA ခေါင်းဆောင်တို့က ကြိုမြင်ထားခြင်းဖြစ်သည်။ ယင်းကြောင့် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က နိုင်ငံတကာအင်တာဗျူးတို့တွင် ဘင်္ဂလားဒေ့ရှ်နှင့် အဆင်ပြေဖို့ ကြိုးစားနေကြောင်းပြောဆိုမှုကို သတိထားမိခြင်းလည်းဖြစ်သည်။

AA အတွက် နယ်စပ်ဒေသအရေးပါမှု

နောက်တစ်ခါ စစ်ကောင်စီအနေဖြင့် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားရသည့် မွတ်ဆလင် ၇ သိန်းကျော် အရေးနှင့် နိုင်ငံတကာအသိုင်းဝိုင်းကြားမှာ မျက်နှာပျက်နေခြင်း၊ ပြည်တွင်းလက်နက်ကိုင် အင်အားစုများ ပြည်သူလူထုတို့၏ အာဏာဖီဆန်မှုကြောင့် အကျပ်ရိုက်နေချိန်မှာ မောင်တောဒေတွင် AA အတွက် အရေးကြီးသည့် သော့ချက်တစ်ခုဖြစ်ကြောင်း မြင်နိုင်သည်။

အလားတူ အခြားတဘက်စဉ်းစားချက်မှာ မြန်မာ့နိုင်ငံရှိ EAOs အဖွဲ့များအနေဖြင့် တရုပ်၊ ထိုင်းနယ်စပ် တလျှာက်တွင် သူတို့၏သြဇာစိုးမိုးမှုအရ ထိန်းချုပ်ထားမှုမှာလည်းရှိနေမြဲဖြစ်သည်။ ၎င်းတို့၏ နယ်စပ်ဂိတ် ထွက်ပေါက်ကို ကိုယ်တိုင်စီမံတတ်ကြသည်ကိုတွေ့ရသည်။

ဥပမာ- KNU သည်(ကရင်)ထိုင်း-မြန်မာနယ်စပ်၊ KIA(ကချင်)၊ UWSA(ဝ)၊ MNDAA(ကိုးကန့်)၊ NDAA (မိုင်းလား)တို့မှာ တရုပ်-မြန်မာနယ်စပ်တို့တွင် ထိန်းချုပ်ထားနိုင်မှုတို့ ရှိနေဆဲဖြစ်သည်။ အလားတူ AA အနေဖြင့်လည်း ဘင်္ဂလားဒေ့ရှ်-ရခိုင် နယ်စပ်တလျှောက်ကိုထိန်းချုပ်ထားကာ ကုန်သွယ်မှု၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့်တို့ကိုထိန်းချုပ်ကာ ဘင်္ဂလားဒေ့ရှ်နှင့် ကောင်းမွန်သည့်ဆက်ဆံရေး တည်ဆောက်နိုင်ရမည်ဖြစ်သည်။

ဤအချက်တွင် AA အတွက် ထူးခြားသည့်အားသာချက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဒေသခံရခိုင်ရွာများစွာ ရှိနေခြင်း၊ သမိုင်းကြောင်းဆိုင်ရာအရ ချိတ်ဆက်ဖြစ်တည်မှုများ၊ အမျိုးသားရေးလက္ခဏာတို့ ရှိနေခြင်းတို့ဖြစ်သည်။

ထိုမှတစ်ခါ ယခင်က ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် လှုပ်ရှားခဲ့သော ရခိုင့်တော်လှန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ခိုင်ရာဇာဦးဆောင်ခဲ့သည့် ရခိုင်အမျိုးသားညီညွတ်ရေးပါတီ NUPA နှင့် ရခိုင်ပြည်တပ်မတော်(AA)ကို ဖျက်သိမ်းကာ ULA/AA ထံသို့ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလက ပူးပေါင်းထားမှုသည်လည်း AA အတွက် အခြေအနေလှနေသည်။

လတ်တလော AA နှင့် စစ်ကောင်စီ ဆက်ဆံရေး

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က စိန်ရတုပြည်ထောင်စုနေ့သို့ ULA/AA မှ ဦးဦးလှစောဦးဆောင်သည့် အဖွဲ့တက်ရောက်ခဲ့သည်။ ယင်းသို့တက်ရောက်ခြင်းအပေါ်တွင် တချို့သော ရခိုင်နှင့် ပြည်မနိုင်ငံရေးသမားတို့ အကြား ဝေဖန်မှုများမြင့်တက်ခဲ့သည်။ သို့သော်လည်း AA ဘက်ကတော့ လိုအပ်ချက်အရ ရခိုင်အမျိုးသား အကျိုးစီးပွားကိုထောက်ရှုပြီး တက်ရောက်ခြင်းဖြစ်ကြောင်းဆိုသည်။

အခမ်းအနားတက်ရောက်ခြင်းနှင့်ပတ်သက်ပြီး AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက “ကျနော်တို့ ULA/AA အနေနဲ့ ကတော့ ကျနော်တို့ပြည်သူတွေရဲ့အရေးကို အမြဲတမ်းအလေးထား၊ ဦးထိပ်ထားပါတယ်။ ဒါကြောင့် ကျနော်တို့ ပြည်သူတွေရဲ့အကျိုး၊ လိုအပ်ချက်တွေကို ထည့်တွက်စဉ်းစားပြီးမှ လက်တွေ့ကျတဲ့ညှိနှိုင်းမှုတွေနဲ့ လုပ်ဆောင်နေတာဖြစ်ပါတယ်”ဟု သူ၏ Facebook လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ထိုနေ့တွင် တခြား EAOs အဖွဲ့တို့နှင့် ဆက်စပ်သူတို့ကို လွှတ်ပေးခြင်းမရှိသော်လည်း ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်ကာ တရားရင်ဆိုင်နေရသူ (၄၆)ဦးကို စစ်ကောင်စီက အမှုများကိုရုပ်သိမ်းကာ လွှတ်ပေးခဲ့သည်။ ထိုအချက်ကိုကြည့်ခြင်းအားဖြင့် စစ်ကောင်စီနှင့် AA တို့အကြား တစုံတရာညှိနှိုင်းမှုဖြင့် အပေးအယူ လုပ်ခဲ့ခြင်းဟုပြောနိုင်သည်။ သို့သော်လည်း AA ၏လမ်းစဉ်မှာ အမျိုးသားအကျိုးစီးပွားအရ ကာလဒေသကို ကြည့်ကာ စစ်ကောင်စီအပြင် NUG တို့နှင့်လည်းဆွေးနွေးသွားမည်ဆိုသည့် သဘောကိုတွေ့ရသည်။

လက်ရှိတွင် ဗမာပြည်၏ ဖက်ဒရယ်နိုင်ငံရေးအိပ်မက်မှာ မည်သို့ဖြစ်လာနိုင်သည်ကို မပြောနိုင်သေးပေ။ ယင်းကြောင့် ကိုယ့်ဒေသ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးကို အာမခံချက်ပေးနိုင်မည့် ဖက်ဒရယ်ထက်အဆင့်မြင့်၊ ကွန်ဖက်ဒရေးရှင်းကို AA က အမျိုးသားတော်လှန်ရေးအတွက် လက်ကိုင်ထားခြင်းလည်းဖြစ်သည်။

ယခင်က ဒီမိုကရေစီ ဗမာနိုင်ငံရေး၏ စိတ်ပျက်စရာရှိခဲ့သည်ကို ရခိုင်လူထုအများစုကတော့ သိရှိခဲ့ကြပြီး ဖြစ်သည်။ ယင်းကြောင့် ထူးခြားသည့်ပုံစံသစ်ဖြင့် ခွဲထွက်ခွင့်ကို အာမခံမလား (သို့မဟုတ်) မခွဲထွက်ဘဲ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့် ဘယ်လောက်ရမလဲဆိုသည်ကို AA က စောင့်ကြည့်နေသည်။

အချုပ်အားဖြင့် AA အနေဖြင့် အသစ်ပေါ်လာမည့် မြန်မာ့ဖက်ဒရယ်လောင်းရိပ်အောက်တွင်ပါဝင်ရန် ယုံကြည်မှု အားနည်းနေသည်။ ယင်းအပြင် ခွဲထွက်ခွင့်ရှိသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မှာလည်း အာဏာပိုင်များနှင့် ဗမာအင်အားစုခေါင်းဆောင်ကြီးများ၏ သဘောထားအပေါ် မူတည်နေသေးသည်။

ယင်းကြောင့် AA အနေဖြင့် ဖက်ဒရယ်ကိုယ်ထဲက WUSA ထက်မညံ့သည့် ကွန်ဖက်ဒရိတ်ကိုသာ ပြောဆိုထားခြင်းကိုတွေ့ရပြီး ယင်းမူအတိုင်း မြန်မာ့နိုင်ငံရေးအခင်းအကျင်းသစ် (သို့မဟုတ်) နိုင်ငံရေးလမ်းသစ်တစ်ခုကို စောင့်ကြည့်နေခြင်းပင် မဟုတ်ပါလား။

ဂေါင် - ရေးသားသည်။

ဗီဒီယိုများ