ကျောက်ဖြူတွင် ဆန်ဈေး ခေါင်ခိုက်နေ

ကျောက်ဖြူမြို့တွင် မေလကုန်ပိုင်းမှစတင်ကာ ဆန် ပြတ်လပ်မှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။ လက်ရှိမှာ (နို့ဆီဘူး ၃၂ လုံးဆံ့/၄ ပြည်ဝင်) ဆန်ကြမ်းတစ်တောင်းကို ငွေကျပ် ၅၅,၀၀၀ မှ ၆၀,၀၀၀ ကြားနှင့် (နို့ဆီဘူး ၃၂ လုံး/ ၄ ပြည်ဝင်) ပေါ်ဆန်းမွှေးဆန်တစ်တောင်းကို ငွေကျပ် ၈၀,၀၀၀ အထိ ဈေးမြောက်နေသည်။

By Admin 27 Jun 2025

စစ်တွေမြို့မှ ဆန်အရောင်းဆိုင်တစ်ဆိုင်ကို ၂၀၂၃ ခုနှစ်အတွင်းက တွေ့ရစဉ်။
စစ်တွေမြို့မှ ဆန်အရောင်းဆိုင်တစ်ဆိုင်ကို ၂၀၂၃ ခုနှစ်အတွင်းက တွေ့ရစဉ်။

DMG ၊ ဇွန် ၂၇

ရခိုင်ပြည်အတွင်းက စစ်ကောင်စီထိန်းချုပ်ဆဲဖြစ်သော ကျောက်ဖြူမြို့တွင် ဆန်ရိက္ခာပြတ်လပ်ကာ ဈေးနှုန်းတရိတ်ရိတ် မြင့်တက်လာနေကြောင်း ဒေသခံများက DMG ကို ပြောသည်။

ကျောက်ဖြူမြို့တွင် မေလကုန်ပိုင်းမှစတင်ကာ ဆန် ပြတ်လပ်မှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။ လက်ရှိမှာ (နို့ဆီဘူး ၃၂ လုံးဆံ့/၄ ပြည်ဝင်) ဆန်ကြမ်းတစ်တောင်းကို ငွေကျပ် ၅၅,၀၀၀ မှ ၆၀,၀၀၀ ကြားနှင့် (နို့ဆီဘူး ၃၂ လုံး/ ၄ ပြည်ဝင်) ပေါ်ဆန်းမွှေးဆန်တစ်တောင်းကို ငွေကျပ် ၈၀,၀၀၀ အထိ ဈေးမြောက်နေသည်။

“ဆန်ရောင်းတဲ့ ဆိုင်ခန်းငယ်တွေမှာ ဆန်ပြတ်လပ်သွားတော့ ဆိုင်ကြီးတွေက သူတို့မှာရှိတဲ့ဆန်တွေကို ဈေးတင်ရောင်းလိုက်တဲ့ သဘောပါ။ ဆန်ဈေးက ပုံမှန်တရွေ့ရွေ့တက်တာမျိုး ရှိပေမယ့် အခုက ဆိုးဆိုးဝါးဝါးကြီး ဖြစ်သွားတာ” ဟု ကျောက်ဖြူဒေသခံ အမျိုးသမီးတစ်ဦးကပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလက ဆန်ကြမ်းဆန်တစ်တောင်းကို ငွေကျပ် နှစ်သောင်းခန့်သာ ရှိခဲ့ရာမှ ယခုအခါ ငွေကျပ် ခြောက်သောင်းအထိ မြင့်တက်လာခြင်းဖြစ်သည်။

ကျောက်ဖြူမြို့နယ်သည် နဂိုကတည်းက ဆန်စပါးထွက်ရှိမှု နည်းပါးသဖြင့် မြို့ပေါ်တွင်လိုအပ်သည့် ဆန်ရိက္ခာကို ဖြည့်ဆည်းရန် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး စသည့်မြို့နယ်များမှ ဆန်တင်ပို့မှုကို အားထားနေရခြင်းဖြစ်သည်။

၂၀၂၃ ခု နှစ်ကုန်ပိုင်း ရခိုင်တိုက်ပွဲ စတင်ချိန်ကနေ စစ်ကောင်စီက လမ်းခရီးသွားလာခွင့်နှင့် ကုန်စည်လမ်းကြောင်းများကို ပိတ်ဆို့လိုက်သဖြင့် ကျောက်ဖြူမြို့ခံများမှာ ဆန်အပါအဝင် အခြားစားနပ်ရိက္ခာ ပြတ်လပ်မှုများကို ရင်ဆိုင်နေကြရသည်။

ယခင်က ကျောက်ဖြူမြို့နယ် ကျေးလက်ဒေသများမှ ဆန်သယ်ယူရောင်းချခွင့် ရရှိခဲ့သော်လည်း ကျောက်ဖြူမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားလာချိန်တွင် စစ်ကောင်စီက မြို့အတွင်းသို့ ဝင်/ထွက်ခွင့်ကို ပိတ်ပင်လိုက်သည်။ ကျောက်ဖြူမြို့သို့ ဈေးရောင်းဈေးဝယ် လာရောက်သူများကိုလည်း စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုမှုများ ရှိခဲ့သည်။

ယင်းအချိန်မှစ၍ ကျောက်ဖြူမြို့ခံများမှာ ဆန်ရိက္ခာရရှိရေး ခက်ခဲလာခဲ့ပြီး တဖြည်းဖြည်းနှင့် ဆန်ရှားပါးကာ ဈေးနှုန်းမြင့်တက်မှုနှင့် ကြုံတွေ့နေရခြင်းဟု ဒေသခံများကပြောဆိုကြသည်။

“တိုက်ပွဲတွေ မပြင်းထန်ခင်တုန်းက ပေါ်ဆန်းမွှေးဆန်ကို စားနိုင်သေးတယ်။ တိုက်ပွဲတွေဖြစ်တော့ ပေါ်ဆန်းမွှေးကိုမပြောနဲ့ ဆန်းကြမ်းဝယ်စားဖို့တောင် အနိုင်နိုင်။ တချို့ဆို ငတ်ပြတ်နေကြတာ မြင်လို့တောင် မကောင်းတော့ဘူး” ဟု ကျောက်ဖြူဒေသခံ အမျိုးသားတစ်ဦးကပြောသည်။

ရခိုင်တွင် စစ်ကောင်စီက လမ်းခရီးသွားခွင့်ပိတ်ဆို့ကာ ကုန်စည်သယ်ယူခွင့်ကို ဖြတ်တောက်ထားသဖြင့် ဒေသခံများမှာ ကုန်ဈေးနှုန်းမြင့်တက်မှုဒဏ်ကို အလူးအလဲ ရင်ဆိုင်နေကြရသည်။

လက်ရှိတိုက်ပွဲနီးကပ်လာချိန်တွင် ကျောက်ဖြူမြို့ပေါ်က လယ်သမားများကို ဓာတ်မြေဩဇာ၊ ထွန်ယက်ခ၊ စိုက်ပျိုးခ စသည့်လိုအပ်သော သွင်းအားစုစရိတ်များအတွက် ငွေကြေးထောက်ပံ့ပေးမည်ဟု မက်လုံးပေးကာ စစ်ကောင်စီက မိုးစပါး စိုက်ပျိုးခိုင်းလျက်ရှိသည်။

ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့အကြား တိုက်ပွဲဖြစ်ပွားနေသည်မှာ ၄ လကျော်အထိ ကြာမြင့်လာပြီး တိုက်ပွဲမှာလည်း မြို့နှင့် ၆ မိုင်ခန့်အကွာသို့ ရောက်ရှိလာနေပြီဖြစ်သည်။