- ကမ္ဘာ့စစ်ရာဇဝတ်မှုများ စစ်ဆေးရေးအသုံးစရိတ် ထရမ့်အစိုးရ အကြီးအကျယ် ဖြတ်တောက်ရန် လိုလား
- ရခိုင်တွင် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့သူ အာမခံဖြင့် လွတ်မြောက်နေ
- ရခိုင်လွတ်မြောက်ခြင်းသည် တစ်နိုင်ငံလုံးတော်လှန်ရေးအတွက် ကြီးမားသောသက်ရောက်မှုရှိနေကြောင်း ချင်းညီနောင်ပြော
- အိန္ဒိယနယ်စပ်တွင် အလုပ်သမားစရိတ် မြင့်တက်နေသဖြင့် ရခိုင်ကုန်သည်များ ညဉ်းညူ
- ငှက်ဖျားကြောင့် သေဆုံးမှုမြင့်တက်နေသည့် အမ်းတွင် ကျန်းမာရေးစောင့်ရှောက်မှု အရေးတကြီး လိုအပ်နေ
ရခိုင်တွင် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့သူ အာမခံဖြင့် လွတ်မြောက်နေ
ရခိုင်ပြည်၊ မြေပုံမြို့နယ်တွင် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ရန် အားထုတ်ခဲ့သူမှာ အာမခံဖြင့် လွတ်မြောက်နေ၍ ထိရောက်သောပြစ်ဒဏ် ချမှတ်ပေးရန် နစ်နာသူမိသားစုဝင်များက တောင်းဆိုလိုက်သည်။
27 Jun 2025

DMG ၊ ဇွန် ၂၇
ရခိုင်ပြည်၊ မြေပုံမြို့နယ်တွင် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ရန် ကြံစည်ကြိုးစားခဲ့သူမှာ အာမခံဖြင့် လွတ်မြောက်နေ၍ ထိရောက်သောပြစ်ဒဏ် ချမှတ်ပေးရန် နစ်နာသူမိသားစုဝင်များက တောင်းဆိုလိုက်သည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လ ၂၀ ရက် ည ၆ နာရီကျော်တွင် အသက် ၂၀ ကျော်အရွယ် အမျိုးသမီးမှ မိမိနေအိမ်ခြံဝင်းရှိ အိမ်သာသို့သွားစဉ် အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးက အနီးရှိ ဘတ်ဟိုးကျင်းထဲသို့ ဆွဲခေါ်ကာ အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။
ယင်းအခြေအနေအား ကျေးရွာသားတစ်ဦးက တွေ့ရှိသဖြင့် အဓမ္မပြုကျင့်ရန် ကြိုးစားနေသူမှာ ထွက်ပြေးသွားခဲ့သည်။ ၎င်းကို ကျေးရွာသားများက လိုက်လံဖမ်းဆီးကာ သက်ဆိုင်ရာ အာဏာပိုင်ထံ အပ်နှံအမှုဖွင့်ခဲ့သော်လည်း ကျူးလွန်သူမှာ အာမခံဖြင့် ပြန်လည်လွတ်မြောက်လာကြောင်း နစ်နာသူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။
"လုပ်တဲ့သူကတော့ အခု အေးအေးဆေးဆေး သွားလာလို့ရနေတယ်။ ခံရတဲ့သူဘက်ကတော့ အရှက်ကွဲတာအပြင် စိတ်ဓာတ်ကျဆင်းမှု ဒဏ်ရာတွေနဲ့ အသက်ရှင်နေရတယ်။ ဒါကြောင့် အမြန်ဆုံး တရားမျှတမှုရဖို့ တောင်းဆိုပါတယ်" ဟု နစ်နာသူ၏ မိသားစုဝင် အမျိုးသားတစ်ဦးက DMG ကို ပြောသည်။
နစ်နာသူအမျိုးသမီးအား အဓ္ဓပြုကျင့်ရန် ကြိုးပမ်းအားထုတ်ခဲ့သူမှာ ၂၄ နှစ်အရွယ် သားမောင်ချေ (ခေါ်) မျိုးသက်နိုင်ဖြစ်သည်။ ၎င်းမှာ နစ်နာသူအမျိုးသမီးနှင့် ရင်းနှီးမှုရှိသည့် သူငယ်ချင်းတစ်ဦးဖြစ်ကြောင်းလည်း သိရသည်။
ယင်းသို့အဓမ္မပြုကျင့်ရန် ကြံစည်ကြိုးစားခဲ့သည့်အမှုကို သက်ဆိုင်ရာတရားရုံးတွင် ရုံးချိန်းအကြိမ်ကြိမ်တက်ရောက်ခဲ့ပြီး အချိန်တစ်နှစ်ထိ ကြာမြင့်လာသည့်တိုင် တစ်စုံတစ်ရာ အမိန့်မချနိုင်သေးကြောင်း မိသားစုဝင်များက ပြောသည်။
နစ်နာသူ၏မိသားစုဝင် အမျိုးသမီးတစ်ဦးက "တရားမျှတမှုလိုချင်လို့ တရားစွဲတာ အမှုကကြန့်ကြာနေတာ။ တရားရုံး သွားရလွန်းလို့ လမ်းစရိတ်လည်းကုန်၊ ခရီးလည်းဝေးတယ်။ ဒီကြားထဲ ဟိုလူ့ကို ပိုက်ဆံပေးရ၊ ဒီလူကိုပိုက်ဆံပေးရနဲ့…" ဟု ပြောသည်။
ထိုဖြစ်စဉ်နောက်ပိုင်းတွင် နစ်နာသူအမျိုးသမီး၏ မိသားစုမှာ ကျေးရွာတွင်ဆက်လက်နေထိုင်ရန် ရှက်စိတ်ကြောင့် တစ်ခြားကျေးရွာသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြောင်းလည်း သိရသည်။
"ဒီအမှုကို ထိထိရောက်ရောက် ကိုင်တွယ်ပေးဖို့ တောင်းဆိုပါတယ်။ အခုဆို အဲဒီအမျိုးသမီးက ဝမ်းနည်းလွယ်တာ။ အိမ်သာသွားရင် အလိုလိုကြောက်လန့်တာ။ မွမ်းကျပ်လို့ စိတ်ပိုင်းဆိုင်ရာကုသနေရတဲ့ အချိန်ဖြစ်တယ်။ သူ့ဘဝနာလန်ထူဖို့ မလွယ်တဲ့အခြေအနေဖြစ်နေတယ်" ဟု နစ်နာသူ၏ နောက်ထပ်မိသားစုဝင် အမျိုးသားတစ်ဦးက ပြောသည်။
ULA/AA ၏ နိုဗာ(၁) စစ်ဒေသ သက်ဆိုင်ရာတရားရေးဌာနကို လက်ရှိအမှုအခြေအနေနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းနိုင်ရန် DMG က ကြိုးပမ်းနေဆဲဖြစ်သည်။
နစ်နာသူအမျိုးသမီးဘက်က လိုက်ပါကူညီပေးနေသည့် အမျိုးသားတစ်ဦးက "မုဒိမ်းမှုဆိုတာ ကျူးလွန်မှုမြောက်မှ မဟုတ်ဘူး။ လက်တွေ့ကြံစည်ကြိုးပမ်းမှုလည်း မုဒိမ်းမှုမြောက်ပါတယ်။ အပြစ်သားဟာ လွတ်လပ်ခွင့်မရှိဖို့နဲ့ ထိုက်သင့်တဲ့ ပြစ်ဒဏ်တစ်ခုပေးဖို့ တောင်းဆိုပါတယ်။ အာရက္ခအစိုးရကိုလည်း အားကိုးပါတယ်" ဟု ပြောသည်။
ပြီးခဲ့သည့် မေလ ၆ ရက်ကလည်း ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာတွင် အသက် ၉ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးမှာ အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရပြီး သံသယရှိသူ ၈ ဦးကို ULA/AA ၏ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (DLEPS)က ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။