- အင်အားဖြည့်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို KNLA ပူးပေါင်းတပ်များ ပိတ်ဆို့တိုက်ခိုက်
- အီရန်ရှိ နျူကလီးယားစီမံကိန်း နေရာသုံးခုကို အမေရိကန် ဗုံးကြဲ
- ရိုဟင်ဂျာသူပုန်ထမှုကြောင့် ဘင်္ဂလားဒေ့ရှ်၏ ဒုက္ခသည်အကျပ်အတည်း ပိုဆိုးရုံသာရှိမည်
- ဘင်္ဂလားဒေ့ရှ်ရှိ မွတ်ဆလင်ဒုက္ခသည်များအတွက် အာရှဖွံ့ဖြိုးရေးဘဏ်က ဒေါ်လာ ၅၉ သန်းထောက်ပံ့
- စိုင်းဒင်အထက်ပိုင်းက ကျေးရွာများတွင် ကလေးအသေမွေးဖွားနှုန်း မြင့်တက်နေ
ဘင်္ဂလားဒေ့ရှ်ရှိ မွတ်ဆလင်ဒုက္ခသည်များအတွက် အာရှဖွံ့ဖြိုးရေးဘဏ်က ဒေါ်လာ ၅၉ သန်းထောက်ပံ့
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရှိနေသည့် မွတ်ဆလင်ဒုက္ခသည်များနှင့် အိမ်ရှင်အသိုင်းအဝိုင်း အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က အမေရိကန်ဒေါ်လာ ၅၈.၉ သန်း ထောက်ပံ့ရန် ဇွန်လ ၂၄ ရက်နေ့၌ အတည်ပြုလိုက်ကြောင်း ပရိုသော်မ်အာလို သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
25 Jun 2025

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရှိနေသည့် မွတ်ဆလင်ဒုက္ခသည်များနှင့် အိမ်ရှင်အသိုင်းအဝိုင်း အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က အမေရိကန်ဒေါ်လာ ၅၈.၉ သန်း ထောက်ပံ့ရန် ဇွန်လ ၂၄ ရက်နေ့၌ အတည်ပြုလိုက်ကြောင်း ပရိုသော်မ်အာလို သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ADB သည် ယခုထောက်ပံ့ငွေအပြင် နောက်ထပ် ၂၈.၁ သန်းကိုလည်း ချေးငှားပေးမည်ဖြစ်သည်။
ဖိလစ်ပိုင်နိုင်ငံ အခြေစိုက် ADB ဘဏ်သည် အဖွဲ့ဝင်နိုင်ငံများထဲမှ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ထိလွယ်ရှလွယ် အရှိဆုံး နိုင်ငံများအတွက် ထောက်ပံ့ငွေနှင့် ချေးငွေများ ထုတ်ပေးနေသည့် အဖွဲ့အစည်းဖြစ်သည်။
ယခုထောက်ပံ့ငွေများအား မြန်မာနိုင်ငံမှ တိမ်းရှောင်လာသည့် ဒုက္ခသည်များနှင့် ၎င်းတို့နှင့် ဆက်စပ်နေသည့် အိမ်ရှင် ဘင်္ဂလားဒေ့ရှ် အသိုင်းအဝိုင်းအတွက် ဖွံ့ဖြိုးရေးစီမံချက်များ၊ ရေ၊ တစ်ကိုယ်ရေးသန့်ရှင်းရေး၊ လမ်းနှင့် တံတားများ၊ လုံခြုံရေး၊ ရေနုတ်မြောင်းစနစ်၊ စားနပ်ရိက္ခာ ဖူလုံရေး၊ သဘာဝဘေးဒဏ် ခံနိုင်ရေး အစရှိသည်တို့အတွက် သုံးစွဲသွားမည်ဟု ADB က ထုတ်ပြန်ထားသည်။
ADB ၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဟိုယွန်ကျုံး (Ho Yun Jeong) က ဘင်္ဂလားဒေ့ရှ်ရှိ မြန်မာဒုက္ခသည်များအတွက် ယခုကဲ့သို့ ကူညီပံ့ပိုးနိုင်ခြင်းကို ဝမ်းမြောက်ကြောင်းနှင့် စခန်းတွင်း နေထိုင်သူများနှင့် ဘေးပတ်ဝန်းကျင်ရှိ ဒေသခံများအကြား သဟဇာတ ဖြစ်ရေးအတွက်လည်း အားပေးမြှင့်တင်လျက်ရှိကြောင်း ပြောကြားသည်။
၂၀၁၈ ခုနှစ် နောက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်များနှင့် အိမ်ရှင်အသိုင်းအဝိုင်းအတွက် ADB ၏ ကူညီငွေ စုစုပေါင်းသည် ယခုတစ်ကြိမ်နှင့်ပါဆိုလျှင် အမေရိကန်ဒေါ်လာ ၁၇၁ သန်းအထိ ရှိပြီဖြစ်ကြောင်း ဟိုယွန်ကျုံး၏ ပြောကြားချက်အရ သိရသည်။
ဘင်္ဂလားဒေ့ရှ်တွင် လက်ရှိ၌ မွတ်ဆလင်ဒုက္ခသည် တစ်သန်းကျော် နေထိုင်နေကြပြီး ၇၅ ရာခိုင်နှုန်းခန့်မှာ အမျိုးသမီးနှင့် ကလေးများဖြစ်သည်။ ဒုက္ခသည်အများစုမှာ ကော့ဘဇားခရိုင်ရှိ စခန် ၃၃ ခုတွင် နေထိုင်နေကြပြီး ဘာဆန်ချာကျွန်းတွင်လည်း ၃၆,၀၀၀ ကျော်ခန့်ရှိသည်။