ငြိုးမာန်ဖွဲ့နေတဲ့ ရခိုင်က စစ်မီး

ထို့အပြင် စစ်ကောင်စီကိုတိုက်ခိုက်နေသည့် တော်လှန်ရေးအင်အားစုများဖြစ်သော BPLA အပါအဝင် ချင်းပြည်နယ်မှ CDF ၊ မကွေး(PDF)နှင့် ကျောင်းသားတပ်တော် စသည့်အဖွဲ့အစည်းများကိုလည်း AA ဘက်က စစ်နည်းပညာ၊ လက်နက်ခဲယမ်း စသည့်လိုအပ်ချက်များကို အကူအညီပေးခဲ့သည့်အတွက် NUG နှင့် AA တို့ ဆက်ဆံရေးမှာ ကောင်းမွန်သည့်သဘောရှိနေသည်။

By ဂေါင် 25 May 2022

DMG ၊ မေ ၂၅
(ဆောင်းပါး)

နားလည်မှုတခုတည်းဖြင့် တိုက်ပွဲရပ်တန့်နေသည့် ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် AA နှစ်ဘက်တပ်များမှာ စစ်ရေးလှုပ်ရှားမှုများ၊ ထိပ်တိုက်တွေ့ဆုံမှုတို့နှင့်အတူ ဖြေရှင်းရခက်နေသည့် တင်းမာမှုပြဿနာများမှာ အရှိန်အဟုန်ပြင်းလာနေသည်။

ဒေသအနှံ့ရှိ အောက်ခြေတပ်အချင်းချင်းက သေနတ်မောင်းတင် အသင့်အနေအထားနှင့်အတူ ခေါင်းဆောင်တို့ အချင်းချင်းလည်း တရားဝင်စိန်ခေါ်သည့်ပုံစံဖြင့် စကားစစ်ဆင်ရေး ပြုလုပ်လာနေကြသည်။
စစ်ကောင်စီနှင့် AA တို့ တင်းမာမှု

ရခိုင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ULA အုပ်ရေးပိုင်းက တာဝန်ရှိသူတို့ကို လိုက်လံရှာဖွေမှု၊ ဒေသခံတို့နှင့် မွတ်ဆလင်တို့ကို ဖမ်းဆီးစစ်ဆေးမှုများ၊ အဝေးပြေးကားလမ်းမရှိ စစ်ဆေးရေးဂိတ်တို့တွင် ခရီးသွားများနှင့် ရခိုင်သို့တင်ပို့သည့်ကုန်စည်များကို တင်းကြပ်စွာစစ်ဆေးမှုများရှိသည်။

ယင်းကြောင့် မေလ ၆ ရက်နေ့က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးကို AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “ကိုထင်လတ်ဦး သိပ်လျှောက်မလုပ်နဲ့၊ အာရုံနောက်တယ်။ ငြိမ်းချမ်းရေးဘာညာ ဂရုစိုက်နေမှာမဟုတ်ဘူး။ မင်းနေတဲ့နေရာအထိ တက်ကြိတ်ပစ်လိုက်မှာနော်”ဟု စိန်ခေါ်ချက်တစ်ခုကို ၎င်း၏ Twitter လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ရေးသားခဲ့သည်ကို တွေ့ရသည်။

ထို့ကြောင့် ဗိုလ်ချုပ်ဇော်မင်းထွန်းက “AA အနေနဲ့က သူတို့ပြောတဲ့စကားတွေထဲမှာ ဘာတွေဖြစ်လာလဲဆိုတော့ တိုက်ပွဲကို ခေါ်နေတဲ့ပုံစံမျိုး၊ လက်နက်ကိုင်ပဋိပက္ခကို ခေါ်နေတဲ့ပုံစံမျိုး ကျနော်တို့တွေ့လာရပါတယ်။ တိုင်းစစ်ဌာနချုပ်လောက်ကိုပဲ သူကခြိမ်းခြောက်လာတဲ့ပုံစံမျိုးတွေ့ရတယ်”ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါကိစ္စအားလုံးတို့မှာ လက်ရှိနိုင်ငံရေးအခြေအနေနှင့် ဆက်နွယ်နေမှုများရှိနေကာ မကြာသေးခင်က AA နှင့် NUG တွေ့ဆုံဆွေးနွေးမှုကိုအခြေခံပြီး ယခုရက်ပိုင်းက ပိုပြီးစစ်ရိပ်သန်းသည့် အငြိုးအတေးများ ပြင်းထန်လာခြင်းဖြစ်သည်။

ယင်သို့ ရခိုင့်နိုင်ငံရေး၊ တော်လှန်ရေး၏ ပြင်းထန်သောရာဇသံနှင့် ဂယက်ရိုက်ခတ်မှုတို့အပေါ် ပြည်ပမှ ရခိုင်အရေးစိတ်ဝင်စားသူများနှင့် မြန်မာနိုင်ငံအနှံ့က ပြည်သူတို့မှာလည်း AA နှင့် စစ်ကောင်စီတို့၏ ဆက်ဆံရေး တင်းမာမှုအခြေအနေအရ ယနေ့၊ နက်ဖြန် ဘာဖြစ်လာမလဲဆိုသည်ကို စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။

စစ်ကောင်စီက AA ကို ခြိမ်းခြောက်

ယခုအချိန်တွင် ရက္ခိုင့်တပ်တော်(AA)၏ လုပ်ဆောင်ချက်များမှာ တိုက်ပွဲခေါ်သံပုံစံမျိုးဖြစ်နေပြီး ရခိုင်ပြည်သူလူထု ဒုက္ခမရောက်စေရေးအတွက် သည်းခံနေရကာ ပြဿနာတစ်စုံတစ်ရာဖြစ်လာပါက “အဆိုးမဆိုရန်” စစ်ကောင်စီက AA ကို ခြိမ်းခြောက်ပြောဆိုလိုက်သည်။

“ဒီအချိန်မှာ ကျနော်တို့က ရခိုင်ပြည်သူလူထုဒုက္ခမရောက်စေချင်လို့ ထိန်းသိမ်းနေတာမျိုးပဲ။ စိတ်ရှည် သည်းခံပြီးတော့ ပြည်ထောင်စုငြိမ်းချမ်းရေးအတွက် လုပ်နေတာဖြစ်တယ်။ အဲဒီအတွက် အခုဖြစ်နေတဲ့ဟာတွေနဲ့ ပတ်သက်ပြီးတော့ ပြဿနာဖြစ်လာရင်တော့ တပ်မတော်ကိုအဆိုးမဆိုပါနဲ့”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက မေလ ၁၉ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း AA သည် စစ်ကောင်စီနှင့်ပဋိပက္ခဖြစ်စေရန် တိုက်ပွဲခေါ်သည့်သဘောဖြင့် အစိုးရယန္တယားများကို ဝင်ရောက်လုပ်ဆောင်ခြင်းများစွာရှိသည့်အတွက် ပြည်သူကိုငဲ့ညှာသည့်အနေဖြင့် သည်းခံနေခြင်းဟုလည်းဆိုသည်။

ထိုသို့ စစ်ကောင်စီက ပြည်သူလူထုကို ငှဲ့ညှာသည်ဟုပြောဆိုချက်မှာ ယုံကြည်စရာမရှိကြောင်းနှင့် စစ်ကောင်စီသည် လက်ရှိတွင် နိုင်ငံရေးအကျပ်အတည်းဖြစ်နေသည့်အတွက် ယင်းသို့ပြောလိုက်ခြင်းဟု ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက DMG ကိုပြောသည်။

“ပြည်သူတွေနစ်နာမှာစိုးလို့ စစ်မတိုက်ဘူးဆိုတာကတော့ ဘယ်သူမှလည်း အယုံအကြည်မရှိဘူး။ ဘာကြောင့်လဲဆိုရင် မြန်မာစစ်တပ်က ပြည်သူတွေကို ဘယ်တုန်းကမှထည့်မတွက်ခဲ့ဘူး။ ဒါကြောင့် ယုတ္တိမရှိတဲ့ အကြောင်းပြချက်ဖြစ်တယ်”ဟု ဆိုသည်။

ဆက်လက်ပြီး ခိုင်သုခက “သတင်းစာရှင်းလင်းပွဲမှာ ပြောစကားကို ခြုံငုံသုံးသပ်ကြည့်ရင် ကျနော်တို့ရဲ့ ပြည်သူတွေကို ဒါရိုက်ခြိမ်းခြောက်တာဖြစ်တယ်။ ဘာကြောင့်လဲဆိုရင် တစ်ခုခုဖြစ်လာလို့ရှိရင် မြန်မာစစ်တပ်ကို အဆိုးမဆိုနဲ့ဆိုတာက ပြည်သူကိုခြိမ်းခြောက်တာ”ဟု ဆိုသည်။

ULA/AA နှင့် NUG တို့တွေ့ဆုံခြင်း

ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ဘက်မှ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ NUCC က ဦးမင်းကိုနိုင်ဦးဆောင်သည့် မဟာမိတ်ဆက်ဆံရေးကော်မတီဝင်များနှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA) ထိပ်ပိုင်းခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်နှင့် ဒေါက်တာ ညိုထွန်းအောင်တို့ပါဝင်သည့် နှစ်ဘက်ခေါင်းဆောင်တို့သည် လက်ရှိနိုင်ငံရေးအခြေအနေကို အွန်လိုင်းမှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံမှုသည် စစ်တပ်က အာဏာသိမ်းမှုတစ်နှစ်ကျော်ကြာကာလအတွင်း NUG နှင့် AA တို့ကြား ပထမဆုံးအကြိမ်အဖြစ် တရားဝင်တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ဆွေးနွေးမှုသဘောတူညီမှု ရလာဒ်အသေးစိတ်ကိုတော့ နှစ်ဘက်စလုံးက ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေ။

ထိုဆွေးနွေးပွဲနှင့်ပတ်သက်ပြီး  NUG ဘက်ကထုတ်ပြန်ချက်တွင် “ULA/AA  ဦးဆောင်သည့် ရက္ခိုင်ပြည်သူ့ အစိုးရ”ဟု သုံးနှုန်းထားပြီး အခြား မေလ ၁၅ ရက်နေ့ ရခိုင်အမျိုးသားနေ့တွင်လည်း “ရခိုင်ပြည်တွင်းက စစ်ရေးနိုင်ငံရေးပဋိပက္ခများကြောင့် နည်းမျိုးစုံနာကျင်ခံစားခဲ့ရသည့် ပြည်သူများအတွက် စိတ်မကောင်းဖြစ်ရပြီး တရားမျှတမှုရရှိအောင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းသွားမည်ဟုလည်း” NUG က ဖော်ပြထားသည်။

ယင်းကြောင့် ယခုတွေ့ဆုံပွဲတွင်လည်း ရက္ခိုင်ပြည်သူူ့အစိုးရ၊ ရက္ခိုင့်ပြည်သူ့အာဏာပိုင်အဖွဲ့ဟု သုံးနှုန်းထားမှုမှာလည်း AA ၏ လက်ရှိမြေပြင်အခြေအနေနှင့် နိုင်ငံရေးဖြစ်တည်မှုကို အသိအမှတ်ပြုထားသဖြင့် နိုင်ငံရေး ဆက်နွယ်မှုအရ AA ဘက်က အားသာချက်တစ်ခုအဖြစ် မှတ်ယူနိုင်သည်။

ထို့အပြင် စစ်ကောင်စီကိုတိုက်ခိုက်နေသည့် တော်လှန်ရေးအင်အားစုများဖြစ်သော BPLA အပါအဝင် ချင်းပြည်နယ်မှ CDF ၊ မကွေး(PDF)နှင့် ကျောင်းသားတပ်တော် စသည့်အဖွဲ့အစည်းများကိုလည်း AA ဘက်က စစ်နည်းပညာ၊ လက်နက်ခဲယမ်း စသည့်လိုအပ်ချက်များကို အကူအညီပေးခဲ့သည့်အတွက် NUG နှင့် AA တို့ ဆက်ဆံရေးမှာ ကောင်းမွန်သည့်သဘောရှိနေသည်။

ထိုအခြေအနေများမှာ နွေဦးတော်လှန်ရေးအတွက် တစုံတရာအကျိုးသက်ရောက်မှုဖြစ်လာနိုင်သဖြင့် ရခိုင်ပြည်နယ်မှာ တိုက်ပွဲများပြန်ဖြစ်လာနိုင်ပြီး တကျော့ပြန်တိုက်ပွဲဖြစ်လာပါက တော်လှန်ရေး အင်အားစုတို့ဘက်က စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် အသာစီးရနိုင်ကြောင်း နိုင်ငံရေးအကဲခတ်တို့က ခန့်မှန်းကြသည်။

မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “တကယ်လို့ AA အဖွဲ့ကပါလာလို့ရှိရင် နွေဦးတော်လှန်ရေးဟာ ဒီထက်ကြီးထွားလာပြီးတော့ တိုတောင်းတဲ့အချိန်မှာ အောင်ပွဲရမယ်ဆိုတဲ့ နိုင်ငံရေး အခင်းအကျင်းတရပ်ဖြစ်နိုင်တယ်”ဟု ဆိုသည်။

AA အပေါ် စစ်ကောင်စီ၏ အငြိုးအတေးတစ်ခု

မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးမှ ယနေ့အချိန်ထိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်းစုံတို့မှာ ငုတ်တစ်ခါ ပေါ်တစ်လှည့်၊ လျော့တစ်ခါ ပြင်းတစ်လှည့် တငွေ့ငွေ့ဖြင့် ပြည်တွင်းစစ်မီးလောင်မြိုက်နေဆဲဖြစ်ပြီး ခေတ်အဆက်ဆက် နိုင်ငံရေးခေါင်းဆောင်များက ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် ဆွေးနွေးခဲ့သော်လည်း ခရီးမပေါက်နိုင်သေးဘဲ စစ်တလင်းမှာ ငြိမ်းချမ်းရေးခြေရာပျက်ကာ ယမ်းငွေ့တွင်း၌ တဝဲလည်လည်ရှိနေ၏။

သို့သော်လည်း စစ်ကောင်စီဘက်ကတော့ ၂၀၂၂ ခုနှစ်မှာ ငြိမ်းချမ်းရေးနှစ်ဟုကြွေးကြော်ကာ ထာဝရ ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးဆွေးနွေးရန် ဖိတ်ခေါ်ထားသည်။ ထိုအထဲတွင် AA သည် လက်ရှိရခိုင်ပြည်တွင် စစ်ရေးတင်းမာမှုများကြောင့် စစ်ကောင်စီအကြီးအကဲကိုယ်တိုင် ဖိတ်ခေါ်ထားသည့် ငြိမ်းရေးဆွေးနွေးပွဲသို့ မတက်ပေ။

ယင်းနောက် ရခိုင်ပြည်တွင် စစ်ကောင်စီက ULA ၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍနှင့် ရခိုင်-မွတ်ဆလင် သဟဇာတဖြစ်စေရေးကို နှောင့်ယှက်ရန်ကြိုးစားနေမှုကြောင့် အချိန်မရွေးတိုက်ပွဲဖြစ်နိုင်သည်ဟု မေလ ၁၅ ရက်နေ့တွင် AA က ကြေညာချက်ထုတ်ပြန်ပြီး နောက်တစ်နေ့တွင် NUG နှင့် တွေ့ဆုံခြင်းလည်းဖြစ်သည်။

ထိုအခြေအနေတို့ကို ထောက်ရှုကြည့်လျှင် စစ်ရေးတစ်ဖက်၊ ငြိမ်းချမ်းရေးတစ်ဘက်နှင့် ပြဿနာများ ရှုပ်ထွေးနေချိန်တွင် NUG နှင့် AA တို့တွေ့ဆုံမှုမှာ စစ်ကောင်စီအတွက် မနှစ်မြို့စရာတစ်ခု ဖြစ်နေကြောင်းလည်း တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များနှင့် ဝါရင့်နိုင်ငံရေးသမားများက ဆိုသည်။

AA နဲ့ နွေဦးတော်လှန်ရေး သက်ဆိုင်မှုရှိသလား

ယခုအချိန်တွင် ULA က စစ်ကောင်စီနှင့်မတွေ့ဘဲ NUG နှင့်တွေ့ဆုံခြင်းမှာ NUG ကို အသိအမှတ်ပြုသည့် သဘောဟုယူဆနိုင်သလို နှစ်ဦးနှစ်ဘက် အကျိုးမနည်းကြောင်းကိုတွေ့ရသည်။ သို့သော်လည်း ဘယ်လောက် အတိုင်းအတာထိ ဆက်ဆံရေးကောင်းမွန်လာမည်ကိုတော့ မပြောနိုင်သေးသလို မျှော်လင့်ချက်လည်း အလွန်အကဲထားလို့ မရသေးပေ။

သို့သော်လည်း ဆွေးနွေးပွဲတွင် NUG ဘက်က AA ကို သူတို့လုပ်ငန်းစဉ်များတွင်ပါဝင်ဖို့ ပြောနိုင်သည့် အနေအထားရှိသည်။ AA ဘက်ကတော့ ရက္ခိတလမ်းစဉ်အတိုင်းသွားနေသည့်အတွက် ယခုတစ်ကြိမ် တွေ့ဆုံမှုလောက်ဖြင့် ပူးပေါင်းဖို့မလွယ်ကူသေးသော်လည်း တစ်ဖွဲ့နှင့်တစ်ဖွဲ့ နားလည်မှု မဟာမိတ်တည်ဆောက်ထားခြင်းဟုလည်း ဦးဖေသန်းကပြောသည်။

“ဒီဘက်မှာ စစ်ကောင်စီဘက်က တိုက်ပွဲကြမ်းလာရင်တော့ လက်တွဲဆောင်ရွက်နိုင်တယ်။ ထဲထဲဝင်ဝင် မဟုတ်ပေမယ့်လည်း ကိုယ့်အင်အားနဲ့ကိုယ်တော့ သွားကြမယ်ထင်တယ်”ဟု ရခိုင့်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကပြောသည်။

ယခုလို NUG နှင့် AA တို့တွေ့ဆုံမှုကနေ တစ်ဆင့်တက်ပြီး တော်လှန်ရေးသဘောထား ညီညွတ်မှု ဖြစ်လာခြင်းမှာ တခြားလက်နက်ကိုင်အင်အားစုများအတွက်လည်း စိတ်အားထက်သန်မှုရှိလာနေသည်။

“အခုလိုညီညွတ်လာတာကိုက စိတ်အားထသန်စရာဖြစ်လာတယ်။ ဆက်လက်ပြီး လက်တွေ့လုပ်ကိုင် လာရင်တော့ အတိုင်းထက်အလွန်ဖြစ်လာမှာလို့ ပြောချင်တယ်”ဟု ကရင်အမျိုးသားအစည်းအရုံး(KNU) နိုင်ငံခြားရေး တာဝန်ခံ ပဒိုစောတောနီးက ပြောသည်။

ရခိုင်စစ်ပွဲ အလားအလာ

အလားတူ NUG နဲ့ AA  မဟာမိတ်ဆက်ဆံရေးနောက်ကွယ်တွင် စစ်ကောင်စီဘက်မှာ စစ်ရေး၊ နိုင်ငံရေး အကျပ်အတည်းများစွာ ဖြစ်ပေါ်လာနိုင်သည့် အနေအထားရှိနေပြီး ရခိုင်စစ်မီး တကျော့ပြန်ဖြစ်လာနိုင်သည့် အခြေအနေကိုလည်း မြေပြင်တွင်မြင်တွေ့နေရသည်။
မေလ ၁၅ ရက်နေ့က မြောက်ဦးနှင့် နယ်မြေချင်းထိစပ်နေသည့် လေးမြို့မြစ်ကမ်းရှိ ပလက်ဝမြို့နယ် သံထောင်ကျေးရွာအနီး တောင်ကုန်းတွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်သားများအတွက် ရိက္ခာလာပို့သည့် ရဟတ်ယာဉ်ကို မြစ်တဖက်ကမ်းတွင်တပ်စွဲနေသည့် AA တပ်ဖွဲ့ဝင်များက ပစ်ခဲ့ခဲ့ရာမှ မိနစ် ၂၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့ကပြောဆိုကြသည်။

အလားတူ မေလ ၁၈ ရက်နေ့က စစ်ကောင်စီတပ်စခန်းဖြစ်သော မြောက်ဦးမြို့နယ်၊ ဘောင်းဒွတ်တောင်တန်းပေါ်မှ ပစ်ခတ်သံများကို  မြို့ခံများကကြားခဲ့ရပြီး  မေလ ၁၉ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်၊ ညောင်ချောင်းစခန်းမှ သေနတ်ပစ်ခတ်သံများကြားရကြောင်း ဒေသခံများက ပြောကြသည်။

မည်သည့်အတွက်ကြောင့် ပစ်ခတ်သည်ကို စစ်ကောင်စီဘက်က ပြောဆိုခြင်းမတွေ့သေးသော်လည်း ဒေသခံများကတော့ ရမ်းသန်းပစ်ခတ်မှုဖြစ်ကြောင်း ဆိုကြသည်။

ယင်းအပြင် တိုက်ပွဲဖြစ်လာမည့် အဓိကအကြောင်းအရင်းတစ်ခုမှာ မြေပြင်တွင် AA ၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ အခွန်ဘဏ္ဍာ စသည့်အရင်းအမြစ်များကို စစ်ကောင်စီက နှောင့်ယှက်ခြင်းများ ဆက်လက်ဖြစ်ပေါ်ပါက လုံးဝမလွဲမသွေ သေချာနေတော့သည်။

ဦးဖေသန်းက “အဓိကေတာ့ AA ဘက်ကတည်ဆောက်ထားတဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ အခွန်ဘဏ္ဍာစတဲ့ အရင်းအမြစ်တွေကို ကျပ်တည်းအောင်လုပ်တာတွေ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကို ဖမ်းဆီးတာတွေကတော့ ရှိနေတာ။ စစ်ရေးအင်အားပြမှုတွေက တဖြည်းဖြည်းနဲ့ စစ်ရေးတင်းမာလာဖို့ အခြေအနေမြင်နေရတယ်။ ဒါတွေကြောင့် AA နဲ့ စစ်တပ်ကြားမှာ တိုက်ပွဲဖြစ်နိုင်တယ်”ဟု မြေပြင်အခြေအနေကို ကြည့်ပြီးသုံးသပ်သည်။

ယင်းကြောင့် စစ်ကောင်စီနှင့် AA တို့၏ တစ်ဘက်နှင့်တစ်ဘက် တင်းမာမှုတို့ကို ခြုံငုံသုံးသပ်ကြည့်ပါက ရခိုင်တွင် စစ်ရိပ်ငွေ့များဖြင့်ငြိုးမာန်ဖွဲ့နေသည့် တကျော့ပြန် ရခိုင်စစ်ပွဲအလားအလာမှာ မည်မျှပြင်းထန်မည်၊ မည်သို့အဆုံးသတ်မည်ကိုတော့ စောင့်ကြည့်ရအုံးမည်ဖြစ်သည်။

ဂေါင် - ရေးသည်

ဗီဒီယိုများ