- လေးမျက်နှာမြို့နယ်တွင် စစ်ကောင်စီ ထိုးစစ်ဆင်နေ
- ပေါက်တောက မိန်းကလေးငယ် အဓမ္မပြုကျင့်ခံရမှု အမြန်ဆုံး ထိရောက်စွာအရေးယူပေးရန် ကျောင်းသားသမဂ္ဂက တောင်းဆို
- ဗြိတိန်လေဆိပ်များ၌ လေကြောင်းထိန်းချုပ်ရေးစနစ် ချို့ယွင်းရာမှ ခရီးစဉ်နှောင့်နှေးမှုများ ဖြစ်ပေါ်
- အိန္ဒိယ မီဇိုရမ်မှာ မြန်မာဒုက္ခသည်များ၏ ကိုယ်ရေးအချက်အလက်များ စတင်ကောက်ယူ
- တရုတ် ကြိုးကိုင်တဲ့ မြန်မာ့ပြည်တွင်းစစ်
ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲကို ခြေရာကောက်ကြည့်ခြင်း
မေ ၁၈ ရက်၊ မွန်းတည့် ၁၂ နာရီခန့်တွင် AA က ဘူးသီးတောင်ဗျူဟာဌာနချုပ်အပါအဝင် စစ်ကောင်စီစခန်းအားလုံးကို တစ်ခုမကျန် သိမ်းပိုက်ပြီး ဘူးသီးတောင်မြို့အား ထိန်းချုပ်လိုက်သည်။
01 Jul 2024

မင်းထွန်း ရေးသားသည်။
မြို့တွင်းလမ်းတလျှောက်တွင် လူသူကင်းမဲ့ကာ တိတ်ဆိတ်ခြောက်ကပ်နေသည်။ လမ်းမဘေးပတ်ဝန်းကျင်ရှိ နေအိမ်များမှာလည်း ပြာပုံအတိဖြစ်နေသည်။ အချို့နေအိမ် အဆောက်အအုံများမှာ ဟိုတစ်စသည်တစ်စ မီးလောင်ပျက်စီးနေသည်။ ဇွန်လ၏ မိုးကလည်း အငြိုးကြီးစွာ ရွာသွန်းနေ၍ တုန်လှုပ်ချောက်ချားစရာပင်။
အပြင်မှလှမ်းကြည့်လျှင် ပဂတိအကောင်းအတိုင်းရှိနေသည့် နေအိမ်အချို့ကျန်သေးသည်။ သို့သော် အိမ်ထဲသို့ ဝင်လိုက်သည်နှင့် တွေ့ရသည့် ခြင်ထောင်၊ ခေါင်းအုံး၊ အဝတ်အစားများနှင့် မီးဖိုချောင်သုံး အိုးခွက်၊ ပန်းကန်၊ စသည့် အိမ်အသုံးအဆောင်ပစ္စည်းများ ရှုပ်ပွပြန့်ကြဲနေသည်။
ဤအနိဌာရုံမြင်ကွင်းများကို တွေ့မြင်ရသည့်နေရာသည် မေယုတောင်တန်းနှင့် ဩရမတောင်တန်းကြီးကြား မေယုမြစ်ဆိပ်ကမ်းတွင် ဒေသထွက်သီးနှံနှင့် အစားအသောက်များကို ကူးသန်းရောင်းဝယ်ပြီး စည်ကားခဲ့သည့် ရခိုင်ပြည် မြောက်ပိုင်းရှိ ဘူးသီးတောင်မြို့ပင်။
“မြို့ကိုပတ်ကြည့်ရင် ထိုင်လို့ပဲ ငိုချင်တယ်၊ မခံစားနိုင်ဘူး” ဟု စီးကျလာသည့် မျက်ရည်များကိုသုတ်ရင်း အသက် ၅၀ ကျော်အရွယ် ဒေါ်အေးကြည်က ရင်ဖွင့်သည်။ ဘူးသီးတောင်တိုက်ပွဲအပြီး မြို့တွင်းအခြေအနေကို တွေ့မြင်ပြီးနောက် ယင်းသို့ ဖွင့်ဟလာခြင်းဖြစ်သည်။
ဘူးသီးတောင်မြို့တွင် အမှတ် (၁) မှ (၇) အထိ ရပ်ကွက် ၇ ခုရှိပြီး အိမ်ခြေအားဖြင့် ၄,၆၀၀ ကျော်ရှိသည်။ မတူကွဲပြားသည့် ရခိုင်၊ ဟိန္ဒူ၊ မွတ်ဆလင်အပါအဝင် တိုင်းရင်းသားမျိုးနွယ်စုများ အတူယှဉ်တွဲနေထိုင်ကြပြီး အများစုမှာ မွတ်ဆလင်နှင့် ရခိုင်လူမျိုးများ ဖြစ်သည်။
၂၀၂၄ ခုနှစ်၊ မတ်လ ၂၀ ရက် နောက်ပိုင်းတွင် ဘူးသီးတောင်မြို့မှ မွတ်ဆလင်နှင့် ဟိန္ဒူမှလွဲ၍ တခြားဒေသခံများမှာ တခြားဒေသခံအားလုံးနီးပါးမှာ မြို့မှ တိမ်းရှောင်သွားကြပြီ။ မတ်လကုန်ပိုင်းတွင် မြို့အဝင်ထွက်ကို စစ်ကောင်စီက တင်းကျပ်စွာပိတ်ဆို့လိုက်သည်။
ဒေသခံများတိမ်းရှောင်ပြီးနောက် စစ်ကောင်စီတပ်သားများဦးဆောင်မှုဖြင့် အာရကန်ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော်(ARSA)၊ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့(RSO)၊ အာရကန်ရိုဟင်ဂျာတပ်မတော် (ARA) လက်နက်ကိုင်အဖွဲ့များနှင့် စစ်ကောင်စီစည်းရုံးထားသည့် မွတ်လင်များ သောင်းကျန်းလာခဲ့ကြသည်။
ညည့်အချိန်များ၌ လူသူမရှိသည့် ရခိုင်နေအိမ်များကို ကနဦး ဖောက်ထွင်းလာကြသည်။ နောက်ပိုင်းတွင် လူဦးရေအများအပြားဖြင့် ညည့်အချိန်တွင် မဟုတ်ဘဲ နေ့ခင်းကြောင်တောင် နေအိမ်များနှင့် ဘာသာရေး အဆောက်အအုံများကို ဖောက်ထွင်းဖျက်ဆီးလာကြောင်း မျက်မြင်များက DMG ကို ပြောသည်။

ပိုင်ရှင်များရှိသေးသည့် ရခိုင်နေအိမ်များက ပစ္စည်းများကိုလည်း ပေါ်ပေါ်ထင်ထင် ယူဆောင်သွားကြသည်ဟု အမှတ်(၅) ရပ်ကွက်မှ ဒေါ်အေးကြည်က မျက်မြင်ကြုံတွေ့ခဲ့ရသည့် အခြေအနေကို ပြောပြသည်။
“သေနတ်ပစ်ပြီးတော့ ဝင်လာကြတာ။ ခြံစည်းရိုးတိုင်တွေကအစ ယူသွားတယ်။ ‘လူရှိသေးတယ် မယူကြပါနဲ့’ ပြောလည်း မရဘူး”
ဒေါ်အေးကြည်သည် ရခိုင်မျိုးနွယ်စုဝင် ဒိုင်းနက်(သက္ကမ)လူမျိုးဖြစ်သည်။ မိသားစုဝင် (၄) ဦးရှိပြီး နေအိမ်ကို စောင့်ရှောက်ရန်အတွက် လင်ယောက်ျားနှင့်အတူ မြို့ကို မစွန့်ခွာဘဲ ကျန်ရစ်ခဲ့သူဖြစ်သည်။
ဒေါ်အေးကြည်ကဲ့သို့ ဘူးသီးတောင်မြို့တွင် ရခိုင်၊ ဒိုင်းနက်(သက္ကမ)၊ ခမီ၊ မြို၊ ချင်း၊ ဗမာ လူဦးရေ ၁၈၀ ခန့် ကျန်ရစ်နေထိုင်ခဲ့သည်။ ယင်းအပြင် မြို့တွင်း၌ မွတ်ဆလင်နှင့် ဟိန္ဒူလူမျိုးတို့လည်း ရှိသည်။
“နေအိမ် ဖောက်ထွင်းဖျက်ဆီးတာတွေကို RSO၊ စစ်သားတွေ၊ မွတ်ဆလင်တွေပေါင်းပြီး လုပ်ကြတယ်။ တံခါးတွေကို ဖြုတ်ပြီးယူတယ်။ အဲဒါကို သွားကြည့်ရင် ဓာတ်ပုံလာရိုက်တာလားဆိုပြီး ဖမ်းခေါ်သွားတာတွေ၊ သေနတ်နဲ့ ခြိမ်းခြောက်တာတွေ ရှိတယ်” ဟု အမှတ်(၂) ရပ်ကွက်မှ ဟိန္ဒူလူမျိုး ဒေါ်မာလုံတိန်က ပြောသည်။
ဘူးသီးတောင်မြို့ အမှတ်(၆) ရပ်ကွက် အေးစေတီဘုန်းတော်ကြီးကျောင်းအနီးရှိ လူမရှိသော ရခိုင်နေအိမ်များမှ ပစ္စည်းများကို စိတ်ကြိုက် ဖောက်ထွင်းယူဆောင်နေကြသည့် ဗီဒီယိုဖိုင်တစ်ခု ဧပြီလအတွင်းက လူမှုကွန်ယက်ပေါ်တွင် ပျံ့နှံ့ခဲ့သည်။
စစ်ကောင်စီစည်းရုံးထားသည့် မွတ်ဆလင်များသည် ဖောက်ထွင်းပြီးရရှိလာသော အသုံးဆောင်ပစ္စည်းများကို ဆိုင်ကယ်၊ သုံးဘီး၊ ထွေလာဂျီ၊ တွန်းလှည်း၊ တေဘာကားကြီးများဖြင့် သယ်သွားကြသည်ဟု မျက်မြင်များက ပြောပြသည်။
အမှတ်(၅) ရပ်ကွက်မှ မွတ်ဆလင် ဦးအာဘူတော်ယုပ်က “မွတ်ဆလင် ၄ ယောက်၊ စစ်တပ်က နယ်ခြားစောင့် ၁၂ ယောက်နဲ့ပေါင်းပြီး တေဘာကားနှစ်စီးနဲ့ ပစ္စည်းတွေတင်တာ မြင်တယ်။ သူတို့ဘယ်နှစ်ကြိမ်လောက် ပြောင်းတယ် ဆိုတာတော့ မသိဘူး” ဟု ပြောသည်။
ပစ္စည်းများကို ဖောက်ယူဆောင်သွားသည့် မွတ်ဆလင်များမှာ စစ်ကောင်စီနှင့် ပူးပေါင်းနေသူများ ဖြစ်သည်ဟု ဦးအာဘူတော်ယုပ်က ဆက်ပြောသည်။
ယင်းသို့ဖောက်ထွင်းမှုများကို စစ်ကောင်စီနှင့် ပူးပေါင်းမွတ်ဆလင်များက တစ်လနီးပါး လုပ်ဆောင်ခဲ့သည်။ နေအိမ်များကိုဖောက်ထွင်းပြီး ပစ္စည်းများ ဘာမှ မကျန်တော့သည့်အချိန် ဧပြီလ ၁၃ ရက် နောက်ပိုင်းမှစကာ ရခိုင်၊ ဟိန္ဒူနှင့် အခြား မွတ်ဆလင်မဟုတ်သူများပိုင်ဆိုင်သော နေအိမ်များကို မီးရှို့ဖျက်ဆီးလာခဲ့သည်။
မြို့တွင်းရစ်ကျန်ခဲ့သည့် ရဟန်းသံဃာများအပါအဝင် ဒေသခံများသည် နေအိမ်များ မီးလောင်ပျက်စီးမှု မဖြစ်ရအောင် ကြိုးစားခဲ့ကြသော်လည်း အထမမြောက်ခဲ့ကြောင်း ဒေါ်အေးကြည်က ပြောသည်။
“ပစ္စည်းတွေပဲယူပြီး မီးမရှို့ဖို့ ပြောပေမယ့် ဘယ်လိုမှမရဘူး။ မီးရှို့ ပစ်ခဲ့ကြတယ်”
AA ဇွန်လ ၆ ရက်နေ့ထိ AA စာရင်းအရ ဘူးသီးတောင်မြို့တွင် နေအိမ် ၂,၉၀၉ လုံး မီးလောင်ပျက်စီးသွားသည်။ ရခိုင်နေအိမ် ၂,၂၃၇ ဆောင်၊ မွတ်ဆလင်နေအိမ် ၅၅၀ ဆောင်၊ ဟိန္ဒူနေအိမ် ၁၂၂ ဆောင် ဖြစ်ပြီး ယင်းအထဲတွင် ဘုန်းကြီးကျောင်း ၁၅ ခု၊ ခရစ်ယာန်ကျောင်း ၇ ခု၊ အစ္စလာမ်ဘာသာရေးကျောင်း ၁ ခု ပါဝင်သည်။

ဘူးသီးတောင်မြို့တွင် ထောင်နှင့်ချီသည့် နေအိမ်၊ အဆောက်အအုံများ မီးလောင်ပျက်စီးသွားရခြင်း၏ အဓိကတာဝန်ရှိသူမှာ စစ်ကောင်စီဖြစ်ကြောင်း ဒေသခံ မွတ်ဆလင်များက ရှုမြင်ကြသည်။
စစ်ကောင်စီ၏ ကြိုးကိုင်မှုနှင့်အတူ နေအိမ်များကိုမီးရှို့ရန် လုပ်ပိုင်ခွင့်ပေးမှုများကြောင့် မွတ်ဆလင်အချို့က နေအိမ်များကို မီးရှို့ဖျက်ဆီးသွားကြခြင်းဟု အမှတ်(၂)ရပ်ကွက်မှ မွတ်ဆလင်လူမျိုး ကိုဟာကီမူမိုစတာဗ်က ပြောသည်။
“စစ်တပ်ကသာ မက်လုံးတွေ မပေးခဲ့ရင် မွတ်ဆလင်တွေက သူတို့နဲ့ပူးပေါင်းမှာ မဟုတ်ဘူး။ အခုလောက်ထိ အဓိကရုဏ်းတွေ ဖြစ်မှာမဟုတ်ဘူး”
ဘူးသီးတောင်မြို့တွင် နေအိမ်ထောင်နှင့်ချီ မီးလောင်ပျက်စီးသွားခြင်းနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မတွေ့ရသေးပေ။
ဘူးသီးတောင်မြို့တွင် နေအိမ်များမီးရှို့ခံရမှု မဖြစ်မီအချိန်ထိ စစ်ကောင်စီသည် AA ၏ ထိုးစစ်ကြောင့် နယ်မြေအများအပြား လက်လွှတ်ဆုံးရှုံးနေရချိန်ဖြစ်သည်။ ရခိုင်ပြည် ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲမြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို AA လက်ထဲသို့ ပေးလိုက်ရသည်အထိ စစ်ရေးအရ အထိနာနေသည်။
AA ကလည်း ရခိုင်ပြည်ကို အလုံးစုံသိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်ဆင်ကာ မွတ်ဆလင်အများစုရှိသည့် ဘူးသီးတောင်၊ မောင်တောမြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်နေချိန်ဖြစ်သည်။
ရခိုင်ပြည်မြောက်ပိုင်းဒေသကို လက်လွှတ်ဆုံးရှုံးရမည့်အရေးနှင့် ကြုံလာရသည့် စစ်ကောင်စီသည် AA ၏ ထိုးစစ်ကိုရပ်တန့်ရန် လူမျိုးရေး၊ ဘာသာရေးကို အသုံးချပြီး ပဋိပက္ခဖြစ်ပွားအောင် လုပ်ဆောင်လာခဲ့သည်။
မွတ်ဆလင်များကို စစ်မှုထမ်းစေပြီး လက်နက်များတပ်ဆင်ပေးသည်။ ယင်းအပြင် အုပ်ချုပ်သူအဆက်ဆက်က နိုင်ငံသားအဖြစ် အသိအမှတ်ပြုရန် ငြင်းဆိုထားသည့် မွတ်ဆလင်များကို စစ်မှုထမ်းပါက “နိုင်ငံသားအဖြစ် အသိအမှတ်ပြုမယ်” ဟု စစ်ကောင်စီက မက်လုံးပေးလာသည်။
“စစ်မှုထမ်းရင် နိုင်ငံသားအဖြစ် အသိအမှတ်ပြုမယ်” “ဘူးသီးတောင်မြို့ဟာ မွတ်ဆလင်တွေ ပိုင်တဲ့ ဒေသဖြစ်တယ်” “ရခိုင်တွေ ထွက်သွားပြီ၊ ရခိုင်တွေကို အဝင်မခံတော့ဘူး” ဟု မက်လုံးများပေးကာ စည်းရုံးခဲ့ကြောင်း ဒေသခံ မွတ်ဆလင်များက DMG ကို ပြောသည်။
“မွတ်ဆလင်တွေနဲ့ စစ်တပ်နဲ့ ပေါင်းပြီးတော့ ရခိုင်တွေကို အဝင်မခံတော့ဘူး လို့ မက်လုံးတွေ ပေးခဲ့တယ်။ အဲဒါတွေကို မွတ်ဆလင်တချို့က ပူးပေါင်းခဲ့ကြတယ်” ဟု ကိုဟာကီမူမိုစတာဗ်က ပြောသည်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက “မွတ်ဆလင်တွေဘက်က လုံခြုံရေးအရတောင်းဆိုတဲ့အတွက် မိမိကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်ရှိရမယ်ဆိုတဲ့ ရှုထောင့်အမြင်နဲ့ လုံခြုံမှုရှိအောင် လုပ်ပေးခဲ့တာရှိတယ်” ဟု ဧပြီလက ဘီဘီစီသတင်းဌာနကို ဖြေထားသည်။ တစ်ဖက်တွင် ဘူးသီးတောင်၊ မောင်တောတိုက်ပွဲများတွင် စစ်ကောင်စီသည် ARSA၊ RSO၊ ARA အဖွဲ့များနှင့် ပူးပေါင်းကာ AA ကို တိုက်ခိုက်နေသည်။
ယင်းအပြင် မွတ်ဆလင်များသည် ၂၀၂၄ ခုနှစ်၊ မတ် ၁၉၊ ဧပြီ ၁၂ ၊ မေ ၅ ရက်နေ့တို့တွင် “AA အလိုမရှိ၊ တိုက်ပွဲအလိုမရှိ၊ ဘူးသီးတောင်မြို့ကို ကာကွယ်ကြ” စသည့် ဆိုင်းဘုတ်များကိုင်ကာ ဘူးသီးတောင်မြို့၌ သုံးကြိမ်တိုင်တိုင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ဆန္ဒပြမွတ်ဆလင်အများစုမှာ စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းအနီးရှိ ကျေးရွာများမှ ဖြစ်သည်။ စစ်ကောင်စီ၏ ခြိမ်းခြောက်မှု၊ အတင်းအဓမ္မစေခိုင်းမှုကြောင့် ဆန္ဒဖော်ထုတ်ခဲ့ကြရခြင်းဟု မွတ်ဆလင်များက ပြောကြသည်။
“မလိုက်ရင် နေအိမ်တွေ မီးရှို့မယ်ပြောတော့ ကြောက်ပြီး သွားကြတာ။ စစ်ကောင်စီက အတင်းအဓမ္မ ဆန္ဒပြခိုင်းတာ” ဟု ဘူးသီးတောင်မြို့နယ်၊ ကျောက်ဖြူတောင်ကျေးရွာမှ ဆာဒေးကူလာ်က DMG ပြောသည်။ ကျောက်ဖြူတောင်(မွတ်ဆလင်)ကျေးရွာသည် ခမရ (၃၅၃) တပ်ရင်းနှင့် ၅ ဖာလုံခန့်သာ ကွာဝေးပြီး အိမ်ခြေ ၁၄၀ ကျော် ရှိသည်။
စစ်ကောင်စီသည် မွတ်ဆလင်များအား အဓမ္မခေါ်ယူကာ စစ်မှုထမ်းစေခိုင်း၊ ဆန္ဒပြခိုင်းခြင်း၊ လူနေအိမ်များကို မီးရှို့ဖျက်ဆီးစေခြင်းတို့မှာ ရခိုင်နှင့်မွတ်ဆလင်ကြား ပဋိပက္ခများ ပြန်ဖြစ်လာအောင် ဖန်တီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ရှုမြင်ကြသည်။
“ရခိုင်နဲ့ မွတ်ဆလင်ကြားမှာ ပြန်လို့ ဦးမော့မလာနိုင်အောင်၊ ပြန်ဆက်စပ်လို့မရနိုင်အောင် ရန်တိုက်ခဲ့တာ” ဟု ဘူးသီးတောင်မြို့ အေးစေတီပရိယတ္တိစာသင်တိုက်မှ စာချဆရာတော် အရှင်နာဂက မိန့်ကြားသည်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘူးသီးတောင်မြို့နယ်တွင် လူမျိုးရေးပဋိပက္ခဖြစ်အောင် AA က ဖန်တီးနေခြင်းဖြစ်ပြီး ၎င်းတို့အနေဖြင့် လူမျိုးရေးပဋိပက္ခဖြစ်အောင် မည်သည့်အခါမှ မဖန်တီးခဲ့ကြောင်း ဧပြီ ၁၈ ရက်တွင် စွပ်စွဲပြောဆိုသည်။
စစ်ကောင်စီ၏ ပြောဆိုချက်မှာ “သူခိုးက လူပြန်ဟစ်ခြင်း” ဟု AA ပြောခွင့်ရသူ ဦးခိုင်သုခက ဧပြီ ၁၉ ရက်တွင် တယ်လီဂရမ်မှတစ်ဆင့် တုံ့ပြန်ခဲ့သည်။
စစ်ကောင်စီ၏ ကြိုးကိုင်မှုဖြင့် မွတ်ဆလင်အချို့သည် နေအိမ်အဆောက်အအုံများကိုသာ မီးရှို့ဖျက်ဆီးခဲ့ခြင်း မဟုတ်ပေ။ မြို့တွင်းကျန်ရစ်ခဲ့သည့် မွတ်ဆလင်မဟုတ်သောသူများကိုလည်း ဖိနှိပ်မှုများ လုပ်ဆောင်ခဲ့သည်။ နေထိုင်သည့်နေရာမှ အပြင်သို့မထွက်ရဲအောင် ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများထိ လုပ်ဆောင်ခဲ့သည်။
၎င်းတို့၏လုပ်ရပ်များကိုလည်း ဓာတ်ပုံ၊ ဗွီဒီယို သက်သေအထောက်အထားများ မကျန်အောင် မွတ်ဆလင်မဟုတ်သူများ၏ နေအိမ်များနှင့် ဘုန်းကြီးကျောင်းများအထိ လာရောက်စစ်ဆေးမေးမြန်းခဲ့သည်။
ယင်းအချိန်တွင် ဘူးသီးတောင်မြို့၌ ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေပြီဟု ဒေသခံများက ပြောသည်။ ဖေဖော်ဝါရီ လလယ်ပိုင်းမှစကာ ဆက်သွယ်ရေးလိုင်း ပြတ်တောက်နေခြင်းဖြစ်သည်။ လူအရေအတွက်နှင့် အမည်များကို စစ်ဆေးခြင်း၊ ဖုန်းများတွင် သိမ်းထားသည့် ဓာတ်ပုံ၊ ဗွီဒီယိုများကို ရှာဖွေစစ်ဆေးခြင်း၊ ဝင်ရောက်မွှေနှောက်ခြင်းများကို နေ့စဉ်ကဲ့သို့ လာရောက်လုပ်ဆောင်ခဲ့သည်။
ယင်းအခြေအနေများကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ဘူးသီးတောင်မြို့၊ အမှတ် (၅) ရပ်ကွက်မှ ဦးထွန်းနိုင်က “ဘုန်းကြီးကျောင်းထဲကို AA ရှိတယ်ဆိုပြီး ဧည့်စာရင်းဆိုပြီး လာစစ်တယ်။ ဓာတ်ပုံရိုက်တယ်၊ တစ်ယောက်ချင်း စစ်တယ်” ဟု ပြောသည်။ ဦးထွန်းနိုင်သည် (၆)ရပ်ကွက်ရှိ အေးစေတီပရိယတ္တိ စာသင်ကျောင်းတွင် မြို့တွင်းကျန်ရစ်ခဲ့သည့် ဒေသခံ ၅၀ ကျော်နှင့်အတူ ခိုလှုံနေထိုင်ခဲ့သူဖြစ်သည်။
တိုက်ပွဲကာလအတွင်း ဘူးသီးတောင်မြို့တွင် အမှတ်(၄)နှင့် (၅) ရပ်ကွက်မှ ဒေသခံ ၆ ဦး အပါအဝင် အရပ်သား ၉ ဦးမှာ စစ်ကောင်စီနှင့် ပူးပေါင်းမွတ်ဆလင်များ၏ ဖမ်းဆီးခြင်းခံရပြီးနောက် သေဆုံးသွားခဲ့ရသည်။
အမှတ်(၄)ရပ်ကွက်မှ ကိုဒူးကာ (၄၀)နှစ်၊ ဦးမောင်ကျော်ခိုင် (၄၆)နှစ်၊ ဦးမောင်သိန်းညွန့် (၅၁)နှစ်၊ အမှတ်(၅)ရပ်ကွက်မှ ဦးမောင်ကြီးဖြူ (၄၄)နှစ်၊ ဦးဒိုင်းကာ (၄၅)နှစ်၊ မောင်ပြည့်ဖြိုးအောင်(၁၂)နှစ်၊ မြို့မစေတီတောင်မှ ဦးကျော်မောင် (၅၀) နှစ်၊ ကင်းချောင်းကျေးရွာမှ ဦးသာထွန်းအောင် (၆၂)နှစ်နှင့် ဦးဇနီဖြူ (၆၄)နှစ် တို့ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
ယင်းအထဲမှ ဦးကျော်မောင်မှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) လုံခြုံရေး ဝန်ထမ်းတစ်ဦးဖြစ်သည်။ ၎င်းမှာ ဧပြီ ၃၀ ရက် နံနက် ၁၁ နာရီခန့်တွင် ဘူးသီးတောင်မြို့၊ အေးစေတီ ဘုန်းတော်ကြီးကျောင်းမှ မြို့မစေတီတောင်ရွာသို့ သွားစဉ် လမ်းခုလတ်တွင် စစ်ကောင်စီနှင့် စစ်သင်တန်းဆင်း မွတ်ဆလင်များ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။
ညနေ ၅ နာရီခန့်တွင် ပြန်လွတ်လာသော်လည်း ညှင်းပန်းနှိပ်စက်ထားသည့် အတွင်းဒဏ်ရာများကြောင့် မေလ ၁ ရက်၊ နံနက် ၆ နာရီခန့်တွင် သေဆုံးသွားခဲ့ကြောင်း NGO ဝန်ထမ်းတစ်ဦးက ပြောသည်။
“သူက လွတ်လာကတည်းက သတိမရတော့ဘူး။ ကျောကုန်းမှာ ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေ၊ လည်ပင်းမှာလည်း ညိုမဲ ဒဏ်ရာတွေပါတယ်။ အတွင်းဒဏ်ရာတွေကြောင့် နောက်တစ်နေ့မနက်ပိုင်းမှာ ဆုံးသွားတယ်”
တစ်ဖက်တွင် AA ၏ အရှိန်မြင့်ထိုးစစ်ကြောင့် ဘူးသီတောင်မြို့နယ်အတွင်း တပ်စခန်းများ တစ်ခုပြီးတစ်ခု ဆုံးရှုံးနေရချိန်တွင် စစ်ကောင်စီသည် မြို့အရှေ့ဖက်ရှိ “ပန်ဇင်းချောင်း” မြို့ဝင်တံတားကို မေ ၆ ရက်၊ ညည့် ၂ နာရီခန့်တွင် မိုင်းခွဲဖျက်ဆီးလိုက်သည်။

ထိုအချိန်သည် ဘူးသီတောင်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၁၅)အပါအဝင် ခမရ (၅၅၂)၊ ခမရ (၅၄၆)၊ ခမရ (၅၆၅)နှင့် ခမရ(၅၅၁) တို့ကို AA ထံ လက်လွှတ်ဆုံးရှုံးထားရချိန်ဖြစ်သည်။ ဘူးသီးတောင်တွင် စကခ (၁၅) နှင့်အတူ တပ်ရင်း (၁၇)ခုအထိ အခြေစိုက်ထားသည်။ AA ၏ ထိုးစစ်မှာလည်း ဘူးသီးတောင်မြို့ကို သိမ်းပိုက်နိုင်အောင်အထိ အရှိန်မြှင့်လာသည်။
စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် ဘူးသီးတောင်ဗျုဟာဌာနချုပ်အပါအဝင် အမြောက်တပ်၊ ထောက်ပို့တပ်ရင်းနှင့် တပ်ရင်းအချို့ကို ထိုးစစ်ဆင်ကာ မြို့သိမ်းရန် AA က တိုက်ပွဲဆင်နွဲနေသည်။
AA က ဘူးသီးတောင်မြို့ကို မသိမ်းပိုက်မီ မေ ၁၇ ရက်၊ ညနေ ၉ နာရီခန့်တွင် စစ်ကောင်စီနှင့် လက်နက်ကိုင် မွတ်ဆလင်များသည် မြို့မဈေးကြီးကို လာရောက်မီးရှို့သွားပြီးနောက် မြို့ကိုစွန့်ခွာ ထွက်ပြေးသွားကြသည်ဟု အနီးအနားတွင်ရှိသည့် မျက်မြင်ဒေသခံများက ပြောသည်။
“AA ဝင်လာမယ်အထင်နဲ့ ထွက်ပြေးတာ။ ထွက်ပြေးတော့ အလိုအလျောက် သူတို့ဆိုင်တွေ သူတို့ဈေးတွေကို မီးရှို့သွားကြတယ်။ တကယ်တော့ AA က မဝင်သေးဘူး” ဟု မြို့မဈေးကြီးအနီးရှိ အေးစေတီပရိယတ္တိ စာသင်ကျောင်းမှ စာချဆရာတော် အရှင်နာဂက ပြောသည်။
ယခင်က မေယုဆိပ်ကမ်းတွင် လူသွားလူလာမစဲ ကြိတ်ကြိတ်တိုး စည်းကားခဲ့သည့် ဘူးသီးတောင် မြို့မဈေးကြီးမှာ ယခုအခါ သုသာန် တစပြင်အလား လူသူကင်းမဲ့ကာ တိတ်ဆိပ်ခြောက်ကပ်နေသည်ကို DMG သတင်းဌာမှ တွေ့ရှိခဲ့ရသည်။
မေ ၁၈ ရက်၊ မွန်းတည့် ၁၂ နာရီခန့်တွင် AA က ဘူးသီးတောင်ဗျူဟာဌာနချုပ်အပါအဝင် စစ်ကောင်စီစခန်းအားလုံးကို တစ်ခုမကျန် သိမ်းပိုက်ပြီး ဘူးသီးတောင်မြို့အား ထိန်းချုပ်လိုက်သည်။

သို့သော်လည်း စစ်ကောင်စီသည် AA ထိန်းချုပ်ရာဒေသများကို လေကြောင်းမှတစ်ဆင့် ဗုံးကြဲတိုက်ခိုက်မှုများ ရှိနေ၍ မြို့ခံများကို ယခုအချိန်ထိ ဝင်ရောက်နေထိုင်ခွင့် ပိတ်ပင်ထားသည်။
မီးလောင်ပြင်အဖြစ်သို့ အသွင်ပြောင်းခဲ့ရသော ဘူးသီးတောင်မြို့မှ ဒေသခံပြည်သူများ၏ လူမှုဘဝ ပြန်လည်တည်ဆောက်ရေးကတော့ စိန်ခေါ်မှုများစွာဖြင့် အလှမ်းဝေးနေဆဲ ….
မင်းထွန်း ရေးသားသည်။