- AA နှင့် ဒေသခံများ ကြိုးပမ်းနေသည့် တောင်ကုတ်မြို့ ပြန်လည်ထူထောင်ရေး
- ရေကြည်တွင် AA ပူးပေါင်းတပ်များ အမတ ၃၄၄ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေ
- ကျောက်ဖြူမြို့အနီး တိုက်ပွဲကပ်လာ၍ မြို့ပေါ်လုံခြုံရေး စစ်ကောင်စီ ပိုတင်းကျပ်
- ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားကောင်းရန် လိုအပ်နေ
- ကျောင်းမတက်ဖြစ်သူများ ကင်းမဲ့ဇုန် အလိုရှိသည်
မိုးတွင်းကာလ AA ၏ လက်ကျန်မြို့သိမ်းတိုက်ပွဲ ပြင်းထန်လာနိုင်လား
လက်ရှိ တိုက်ပွဲအရှိန်သည် နှစ်ဘက်စလုံးက စစ်ရေးအကဲစမ်းနေကြခြင်းသာဖြစ်ပြီး အာရက္ခတပ်တော်အနေဖြင့် မိုးရာသီ မိုးရေ၊ လှိုင်းလေကြားတွင် ကြီးမားသော ထိုးစစ်များနှင့်အတူ ပြင်းထန်သော တိုက်ပွဲများရှိလာနိုင်ကြောင်း မြေပြင်စစ်ရေးအခြေအနေသိရှိသူ ဒေသခံများက သုံးသပ်သည်။
10 Jun 2025

DMG ၊ ဇွန် ၁၀
ရခိုင်ပြည် မြို့နယ် ၁၇ ခုအနက် ၁၄ ခုကို သိမ်းပိုက်ထိန်းချုပ်ထားသော အာရက္ခတပ်တော်(AA)သည် လက်ကျန် ၃ မြို့ထဲက မာန်အောင်ကို ချန်၍ စစ်တွေနှင့် ကျောက်ဖြူကို မြို့သိမ်းတိုက်ပွဲများ တရွေ့ရွေ့ ဖော်ဆောင်နေသည်။
အာရက္ခတပ်တော်သည် စစ်တွေကို ၂၀၂၅ နှစ်ဆန်းပိုင်း ဇန်နဝါရီနှင့် ကျောက်ဖြူကို ဖေဖော်ဝါရီလတွင် တိုက်ပွဲများ စတင်ခဲ့သည်။
လက်ရှိတွင် စစ်တွေမြို့အနီးရှိ ဝါဘို၊ တောကန်၊ မင်းလှ၊ ဇော်မတက်စသည့်နေရာများကို ထိန်းချုပ်ထားပြီး ကျောက်ဖြူတွင်လည်း မြို့ပါ်အနီးဆုံး ၆ မိုင်ခန့်အကွာ ပတ်ပတ်လည်အထိကို ထိန်းချုပ်ထားသည်။
အဆိုပါ မြို့နှစ်ခုလုံးကို စစ်ကောင်စီဘက်က အင်အားအလုံးအရင်း ဖြည့်တင်းထားမှုနှင့်အတူ ရေကြောင်း၊ လေကြောင်း ပစ်ကူများဖြင့်ပါ အပြင်းအထန် ကာကွယ်နေသည်။
သို့သော် ယင်းမြို့များမှာ နိုင်ငံခြားစီမံကိန်းများရှိနေသဖြင့် အာရက္ခတပ်တော်အတွက် စစ်ရေးအကန့်အသတ် အချို့ ရှိနေကြောင်း စစ်ရေးနိုင်ငံရေးလေ့လာသူများက သုံးသပ်ထားသည်။
လက်ရှိ တိုက်ပွဲအရှိန်သည် နှစ်ဘက်စလုံးက စစ်ရေးအကဲစမ်းနေကြခြင်းသာဖြစ်ပြီး အာရက္ခတပ်တော်အနေဖြင့် မိုးရာသီ မိုးရေ၊ လှိုင်းလေကြားတွင် ကြီးမားသော ထိုးစစ်များနှင့်အတူ ပြင်းထန်သော တိုက်ပွဲများရှိလာနိုင်ကြောင်း မြေပြင်စစ်ရေးအခြေအနေသိရှိသူ ဒေသခံများက သုံးသပ်သည်။
" ပထဝီအနေအထားကို ကြည့်မယ်ဆိုရင် ရခိုင်ပြည်မှာက မိုးရာသီဆိုရင် မိုးများတယ်။ နောက်ပြီး လေတိုက်တယ်ဆိုတော့ စကစ ဘက်က ဒရုန်းတွေရော၊ လေယာဉ်တွေရော အလုပ်မလုပ်နိုင်တဲ့ အချိန်မှာ အာရက္ခတပ်တော်ကတော့ မိုးရာသီထဲမှာ ကျောက်ဖြူမှာရှိတဲ့ စခန်းတော်တော်များများကို သိမ်းပိုက်ပြီး မြို့သိမ်းတိုက်ပွဲအတွက် ယုံကြည်တယ်" ဟု ကျောက်ဖြူ ဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မေလ လကုန်ပိုင်းက ကျောက်ဖြူမြို့နယ်၊ အမှတ် ၃၂ ရဲတပ်ရင်းအနီးတွင် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး မင်းတပ်တောင်ကျေးရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီ ဒုတိယဗိုလ်မှူးကြီး အပါဝင် တပ်ဖွဲ့ဝင် ၁၀ ကျော်ကို ဖမ်းဆီးရမိခဲ့သည်။
ယင်းအချိန်သည် မိုးသည်းထန်စွာရွာသွန်းခဲ့သည့် အချိန်ဖြစ်သဖြင့် အာရက္ခတပ်တော်က စစ်ရေးအသာစီးရခဲ့ကြောင်း ဒေသခံများက ဆိုသည်။
ပြီးခဲ့သည့် မေလ ၂၇ ရက်ကလည်း နှမ်းဖဲတောင်တိုက်ပွဲအတွင်း စစ်ကောင်စီ၏ တပ်မ ၁၁ မှ ဗိုလ်မှူးချုပ် ကျော်မျိုးအောင် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားလည်း သေဆုံးခဲ့ကြောင်း ဒေသခံ သတင်း ရင်းမြစ်များက ဆိုသည်။
ဘင်္ဂလားပင်လယ်အော်နှင့် ကပ်လျက်တည်နေသော ရခိုင်ဒေသ မိုးရာသီသည် တစ်နာရီကို မိုင် ၄၀ နှင့် အထက်ရှိ လေတိုက်နှုန်းနှင့်အတူ အဆက်မပြတ်မိုးရွာသန်းမှုများကြောင့် ရာသီဥတုဆိုးရွားမှုဒဏ်ကို မကြာခဏ ကြုံရသည်။
ယင်းအပြင် စစ်ကောင်စီအနေဖြင့် လက်ရှိ တိုက်ပွဲများတွင် လေယာဉ်၊ ဒရုန်းနဲ့ ပါရာမိုတာများကို အဓိက အားထားနေသော်လည်း မိုးရာသီတွင် လေကြောင်းကပစ်ကူပေးရန် အကန့်အသတ်တချို့ ရှိနေကြောင်းလည်း CDM အရာရှိများက သုံးသပ်ကြသည်။
" ရာသီဥတု မကောင်းဘူးဆိုရင်တော့ လေကြောင်းက အဖွဲ့တွေက တက်လာဖို့ ခက်တယ်။ ဒီတော့ ပါရာမိုတာ အပါအဝင် ဒရုန်းရောပေါ့နော်။ ဒရုန်းက ရာသီဥတုဆိုးဝါးစဉ်မှာ ပျံလို့တော့ ရတယ်။ ဒါပေမဲ့ လေတိုက်နှုန်းက မိုင် ၄၀ အထက်လောက်မှာ ရှိတဲ့ဟာဆိုရင်တော့ အပေါ်ကနေ Dropbomb (ဒရော့ဗုံး) ချပြီးတော့ တိုက်ခိုက်မယ်ဆိုရင်တောင်မှ တိုက်တဲ့ဟာကို လွဲလေ့ရှိတယ်။ လွဲနိုင်ခြေများတယ် " ဟု CDM အရာရှိ ဗိုလ်ကြီးဇင်ယော်က ပြောသည်။
ရခိုင်ပြည် လက်ကျန်မြို့များဖြစ်သော စစ်တွေတွင် အန္ဒိယနိုင်ငံက ရင်းနှီးမြှုပ်နှံထားသော ကုလားတန်မြစ်ကြောင်း ဘက်စုံသယ်ယူပို့ဆောင် ရေးစီမံကိန်းရှိပြီး ကျောက်ဖြူတွင်လည်း တရုတ်နိုင်ငံ၏ ကျောက်ဖြူအထူးစီးပွားရေးဇုန်ခေါ် (SEZ) အပြင် ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြီးများ ရှိသည်။
ယင်းစီမံကိန်းများအပေါ်မှ ဒေါ်လာဘီလီယံချီသော အကျိုးအမြတ်များကို ရရှိနေသည့် စစ်ကောင်စီသည် ယင်းနေရာများကို ထပ်မံလက်လွှတ်ရလျင် နိုင်ငံရေး ဂုဏ်သိက္ခာ၊ စီးပွားရေး၊ သံတမန်ရေး စသည့် ကဏ္ဍပိုင်းတွင် အထိနာမည်ဟုလည်း သုံးသပ်နေကြသည်။
အခြားတစ်ဖက်တွင် အာရက္ခတပ်တော်အတွက်လည်း ယင်းမြို့ ၂ ခုစလုံးသည် ပြည်သိမ်းတိုက်ပွဲ အဆုံးအဖြတ် ဖြစ်သည့်အပြင် စီမံကိန်းများကို အကြောင်းပြု၍ တရုတ်နှင့် အန္ဒိယကို သံတမန်ဆက်ဆံရေး တည်ဆောက်ရန်ပါ အခွင့်အလမ်းများရှိသောကြောင့်လည်း မဖြစ်မနေသိမ်းပိုက်ရန် လိုအပ်ကြောင်း နိုင်ငံရေး အကဲခတ်များက ပြောသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက " ခြုံပြီးပြောရရင်တော့ ဒီရာသီဥတုက အရင်တုန်းကလို တောတွေ၊ တောင်တွေမှာလိုမျိုး လုပ်တဲ့ စစ်ဆင်ရေးမဟုတ်တဲ့အတွက် မြို့တွေ၊ ရွာတွေကို ဗဟိုပြုပြီးတော့ တိုက်တဲ့ တိုက်ပွဲဖြစ်တဲ့အတွက် ဒါက အဟန့်အတား သိပ်မဖြစ်လောက်ဘူးလို့ မြင်ပါတယ် " ဟု သုံးသပ်သည်။
ကျောက်ဖြူမြို့တွင် ဓညဝတီရေတပ် ဌာနချုပ်အပါဝင် ခလရ ၃၄၊ ခမရ ၅၄၂၊ ခမရ ၅၄၃၊ အမှတ် ၃၂ ရဲတပ်ရင်း၊ တောင်မော်ကြီး ရေတပ်ဌာနခွဲ၊ အုံးကျွိန် ရေတပ်စခန်းတို့ရှိပြီး ရေတပ်အားကောင်းသည့် ဒေသဖြစ်သည်။
ယင်းအပြင် စစ်တွေတွင် ဒကစ (စစ်တွေ)ဌာနချုပ်အပြင် ခလရ ၂၀၊ ခလရ ၂၃၂၊ ခလရ ၂၇၀၊ ခမရ ၃၄၄၊ ခမရ ၃၅၄၊ စစ်တွေ ရေတပ်ဌာန၊ ရွှေမင်းဂံရေတပ်စခန်း၊ အမှတ် ၁၂ ရဲတပ်ရင်း၊ အမှတ် ၃၆ ရဲတပ်ရင်းတို့ ရှိပြီး ရေတပ်၊ ကြည်းတပ် အင်းအားဖြည့်ထားကြောင်း သိရသည်။
စစ်တွေနှင့် ကျောက်ဖြူသည် ပင်လယ်ကျွန်းမြို့များ ဖြစ်ပြီး စစ်ကောင်စီ၏ အကြီးမားဆုံးသော ရေတပ်ဌာနများ တည်ရှိသည့်အပြင် နှစ်မြို့စလုံးတွင် လေဆိပ်များလည်းရှိသည်။
လက်ရှိတွင် နှစ်မြို့စလုံး၏ မြို့အဝင်/အထွက်အပါအဝင် ကားလမ်းများကို အာရက္ခတပ်တော်က ထိန်းချုပ်ပိတ်ဆို့ထားပြီး စစ်ကောင်စီကလည်း လေကြောင်းနှင့် ရေကြောင်းကို အသုံးပြ၍ စစ်အင်အားများ ဖြည့်တင်းလျက်ရှိနေသည်။