- ရခိုင်တွင် ကျောင်းသုံးပုံနှိပ်စာအုပ်များ ပြတ်လပ်ပြီး ဈေးနှုန်း မြင့်တက်နေ
- တိုက်ပွဲနီးကပ်လာ၍ ကျောက်ဖြူမြို့က ဌာနဆိုင်ရာဝန်ထမ်းများ ပြောင်းရွှေ့ရန် ကြိုးပမ်းနေ
- "တခါတလေကျရင် ကိုယ့်ဘဝကိုယ် အဆုံးစီရင် ပစ်ချင်တယ်"
- စစ်မှုထမ်းကိစ္စ ဆန္ဒပြ တောင်ကုတ်ဒေသခံများကို AA က ရှင်းပြနေ
- စပါးစိုက်ပျိုးရန် တွန့်ဆုတ်နေကြသည့် ရခိုင်တောင်သူများ
AA ရဲ့ မြို့သိမ်းတိုက်ပွဲတွေ အကန့်အသတ်ရှိလာနေတာ ဘာကြောင့်လဲ
ယခုအချိန်တွင် မပြီးပြတ်သေးသည့် မြို့သိမ်းတိုက်ပွဲများကို အကန့်အသတ်ဖြင့်သာ ဆင်နွှဲနေရကြောင်း မေ ၂၂ ရက်တွင် အာရက္ခတပ်တော်က ထုတ်ပြောလာသည်။
27 May 2025

DMG ၊ မေ ၂၇
၂၀၂၃ နိုဝင်ဘာလက စတင်ခဲ့သည့် အာရက္ခတပ်တော် (AA)၏ မြို့သိမ်း၊ ပြည်သိမ်းတိုက်ပွဲများသည် ယနေ့အချိန်ထိ ပြင်းထန်နေဆဲဖြစ်သည်။ လက်ရှိတွင် မြို့နယ် ၁၅ ခုထိ အာရက္ခတပ်တော်က သိမ်းပိုက်ထိန်းချုပ်ထားပြီး ရခိုင်တွင် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် ၃ မြို့သာ ကျန်တော့သည်။
သို့သော် ယခုအချိန်တွင် မပြီးပြတ်သေးသည့် မြို့သိမ်းတိုက်ပွဲများကို အကန့်အသတ်ဖြင့်သာ ဆင်နွှဲနေရကြောင်း မေ ၂၂ ရက်တွင် အာရက္ခတပ်တော်က ထုတ်ပြောလာသည်။
ယင်းကြောင့် အာရက္ခတပ်တော်သည် လက်ရှိ ကျောက်ဖြူနှင့် စစ်တွေမြို့နယ်တို့တွင် နိုင်ငံခြား စီမံကိန်းများ အပါဝင် ပြည်သူလူထုအတွက်ပါ စဉ်းစားရသဖြင့် အကန့်အသတ်များရှိနေခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။
" AA အနေနဲ့ကတော့ နိုင်ငံခြားပိုင် အရင်းအနှီးတွေကို သူ့အနေနဲ့ ကာကွယ်မယ်။ နောက်ထပ် ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း ဖိတ်ခေါ်ထားတာရှိတယ်။ ဒါကြောင့် ဒီဟာတွေ ထိခိုက်မှုမရှိရအောင် ထိမ်းသိမ်းရမယ့် အပိုင်းရှိတယ်လို့ မြင်မိတယ်။ ဘာပဲဖြစ်ဖြစ် ဒီအကန့်အသတ် ဆိုတာကတော့ ပြည်သူတွေကို သက်ညှာတာမျိုးလည်း ဖြစ်တယ်။ နောက်ဆုံးတိုက်ပွဲမှာ ပြည့်သူ့အိုးအိမ်တွေ ပျက်စီးဆုံးရှုံးမှု အတိုင်းထက်အလွန် မဖြစ်ရအောင်လည်း သူ့အနေနဲ့ အကန့်အသတ်ရှိတာမျိုးလည်း ဖြစ်တယ် " ဟု ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက ပြောသည်။
ကျောက်ဖြူမြို့တွင် တရုတ်ပိုင်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် (SEZ) နှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံ ကိန်းများရှိနေပြီး စစ်တွေတွင်လည်း အန္ဒိယနိုင်ငံ၏ ကုလားတန်မြစ်ကြောင်း ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်းများ ရှိနေခြင်းဖြစ်သည်။
ထို့အပြင် အာရက္ခတပ်တော်သည် ရခိုင်ဒေသက လက်ကျန်မြို့သိမ်းတိုက်ပွဲ အပါအဝင် မဟာမိတ်ဒေသများတွင်လည်း ပူးပေါင်းနေရသဖြင့် စစ်ရေးအကန့်အသတ်များ ရှိနေခြင်းလည်း ဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က ရှုမြင်သည်။
" အရက္ခတပ်တော်က တခြားပြည်နယ်တွေမှာလည်း ပါဝင်တိုက်ခိုက်နေရတာ ရှိတယ်။ ဥပမာ ချင်းပြည်နယ်မှာဆိုရင် ချင်းညီနောင်တပ်ဖွဲ့နဲ့ ပူးပေါင်းပါဝင် တိုက်ခိုက်နေရတဲ့ အနေအထားရှိတယ်။ အလားတူ KIA ဒေသ၊ ကချင် ပြည်နယ် စစ်ဆင်ရေးမှာလဲ ပါဝင်နေရတယ်။ ဒါလည်း အကန့်အသတ် တစ်ခုပါပဲ။ ပြောချင်တာက သူ့အနေနဲ့ တပြည်လုံးဆိုင်ရာ မဟာဗျူဟာလုပ်ငန်းစဉ်တွေကို ချမှတ်၊ ဖော်ဆောင်နေရတဲ့ တချိန်တည်းမှာ ပြည်နယ်တစ်ခုချင်းအရ စစ်ကောင်စီ ကင်းစင်ရေးလုပ်ငန်းပါ လုပ်ဆောင်နေရတဲ့ အနေအထားရှိတာကြောင့် အကန့်အသတ်များစွာ ရှိနေတယ်လို့ နားလည်ပါတယ် " ဟု နိုင်ငံရေး အကဲခတ်သူ ဦးသန်းစိုးနိုင်က ပြောသည်။
လက်ရှိတွင် အာရက္ခတပ်တော်သည် မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်းနှင့် ကချင်၊ ရှမ်းမြောက်၊ ချင်း စသည့်ဒေသ များတွင် မဟာမိတ်များနှင့် ပူးပေါင်းစစ်ဆင်ရေးများ ရှိနေပြီး ရခိုင်က စစ်တွေနှင့် ကျောက်ဖြူတို့ကိုလည်း မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်လျက်ရှိသည်။