ရခိုင်စစ်မျက်နှာကို ချောင်းကြည့်ခြင်း

လတ်တလောတွင် AA ၏ လက်နက်ခဲယမ်းတပ်ဆင်မှုနှင့်ပတ်သက်၍ တွက်ချက်ရန်ခက်ခဲသည်။ သို့သော် မြေပြင်သတင်းများအရ AA တွင် စစ်ဒေသအသီးသီးတွင် လက်နက်ခဲယမ်း‌ လုံလောက်စွာပြင်ဆင်ထားကြောင်း သိရသည်။ ထို့အတူ မကြာမီကပေါ်ပေါက်လာသည့် ပြည်မ PDF နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့(CDF)များကိုပင် လက်နက်အကူအညီအချို့ ပေးနေသည်ကို တွေ့နေရသည်။

By ဂေါင် 25 Jun 2022

DMG ၊ ဇွန် ၂၅
(ဆောင်းပါး)

ရက္ခိုင့်တပ်တော်(AA)သည် စစ်ကောင်စီဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတက်ရောက်ခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့်တွေ့ဆုံခြင်းတို့ နောက်ပိုင်းတွင် စစ်ကောင်စီနှင့် (AA)တို့အကြားက ဆက်ဆံရေးမှာ တစ်စတစ်စယိုယွင်းလာကာ လတ်တလော ရခိုင်ဒေသ၏စစ်ရေးဟာလည်း တာဆူလျက်ရှိနေသည်။

ထို့အတူ စစ်ကောင်စီသည် AA ၏ အုပ်ချုပ်ရေးအဖွဲ့ဝင်များကို လိုက်လံရှာဖွေခြင်း၊ ဖမ်းဆီးခြင်း၊ AA ရိက္ခာသယ်ယူမှုအား ပိတ်ပင်ခြင်း၊ AA နှင့်ဆက်စပ်သည့် မွတ်ဆလင်များအား ခြိမ်းခြောက်ခြင်းတို့နှင့်အတူ စစ်ကြောင်းလှုပ်ရှားမှုများ အကြီးအကျယ်ပြုလုပ်လာနေသည်ကိုလည်း တွေ့ရသည်။

အလားတူ AA ကလည်း စစ်ကောင်စီ၏ အခြေခံယန္တရားများဖြစ်သော အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ အခွန်အခ ကောက်ခံမှုများကို အစားထိုးနေရာယူ ဆောင်ရွက်လာနေသည်။ ထိုသို့နှစ်ဘက်ဆက်ဆံရေး တင်းမာနေမှုနှင့်အတူ စစ်ကောင်စီသည် ရေငုပ်သင်္ဘောအပါအဝင် စစ်လက်နက်ကြီးများ ရွှေ့ပြောင်းတပ်ဆင်မှု၊ စစ်အင်အား တိုးချဲ့ချထားမှုတို့ကိုလည်း ပြည်နယ်အနှံ့တွင် ပြင်ဆင်လာသည်။

“ပြောရမယ်ဆိုရင် မြန်မာစစ်တပ်ဖက်က ရေငုတ်သင်္ဘော ထုတ်ပြလာတာတွေကိုကြည့်ရင် တစ်ခုခုဖြစ်လာရင် ရှိသမျှအင်အားနဲ့ မီးကုန်ယမ်းကုန်တိုက်မယ်ဆိုတဲ့ လက္ခာဏာမျိုးကို ဖော်ပြနေတယ်”ဟု ဇွန်လ ၁၄ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ဦးခိုင်သုခကပြောဆိုခဲ့သည်။

၂၀၁၈ ခုနှစ်မှစတင်ကာ ၂ နှစ်ကြာ ပြင်းထန်းစွာဖြစ်ပွားခဲ့သည့် ရခိုင်စစ်ပွဲသည် ၂၀၂၀ ရွေးကောက်ပွဲကာလမှ စတင်ကာ စစ်ကောင်စီနှင့် AA တို့အကြား နားလည်မှုဖြင့် ရပ်တန့်ထားနိုင်ခဲ့သည်။ တိုက်ပွဲရပ်တန့်ခဲ့သည့် ကာလတွင် နှစ်ဘက်စစ်ရေးလှုပ်ရှားမှုများကို လျော့ချခဲ့ကာ ထိပ်တွေ့တိုက်ပွဲအနည်းငယ်မှလွဲ၍ ဆက်ဆံရေး ကောင်းမွန်ခဲ့သည်။ AA က ပြည်ထောင်စုနေ့ကိုတက်ရောက်ခြင်း၊ စစ်ကောင်စီက ကိုဗစ်ဆေးများပေးခြင်း၊ သုံ့ပန်းများကို ပြန်လွှတ်ပေးခြင်းတို့ကိုပင် တွေ့မြင်ခဲ့ရသည်။

ဖမ်းဆီးမှုများလာ

လက်ရှိတွင် နှစ်ဘက်စလုံးမှာ အမြင်မကြည်မှုများက ကြောက်မက်ဖွယ်အသွင် တွေ့မြင်လာရသည်။ အကြောင်းမှာ ယခုရက်ပိုင်းအတွင်းဖမ်းဆီးခြင်းများ ကြမ်းတမ်းလာနေသောကြောင့်ဖြစ်သည်။ ယင်း၏အကြောင်းပြချက်မှာ “သူ့ဘက်ဖမ်းတော့ ကိုယ့်ဘက်ကလည်း ဖမ်းပြမယ်”ဟူသည့် အခြေအနေဖြစ်နေပြီး စစ်ရေးတင်းမာမှု၏ အမြင့်ဆုံးအချိန်ဖြစ်နေသည်။

DMG မှ ကောက်ယူထားသည့်စာရင်းအရ ပြီးခဲ့သည့်ဇွန်လ ၁၁ ရက်မှ ဇွန်လ ၂၃ ရက်နေ့အထိ ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့် စစ်တွေမြို့တို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး၊ မြောက်ဦးနှင့် ရမ်းဗြဲမြို့နယ်တို့မှ ရဲတပ်ဖွဲ့ဝင် ၃ ဦးတို့ကို ရက္ခိုင့်တပ်တော်က ဖမ်းဆီးခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ဦးခိုင်သုခက “ဒီရက်ပိုင်းမှာ မြန်မာစစ်တပ်တပ်ဖွဲ့ဝင်တချို့ကို ကျနော်တို့ ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာ မှန်ပါတယ်။ ကျနော်တို့ရဲ့ တပ်ဖွဲ့ဝင်တွေကို မြန်မာစစ်တပ်ဖက်က ဖမ်းဆီးတဲ့အတွက် ကျနော်တို့ဖက်ကလဲ အလားတူ လုပ်ဆောင်ရတာဖြစ်ပါတယ်”ဟု DMG ကိုပြောသည်။

ထို့ကြောင့် AA တပ်ဖွဲ့ဝင်များကို ပြန်လွှတ်ပေးလျှင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း ပြန်လည် လွှတ်ပေးမည်ဖြစ်ကြောင်းလည်း ဦးခိုင်သုခကဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိသေးပေ။

သို့သော်လည်း BBC က သတင်းတစ်ပုဒ်တွင် စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက “ရခိုင်ပြည်နယ်နဲ့ပတ်သက်ပြီးတော့ အားလုံးသည်းခံနေတဲ့အခြေအနေ။ တပ်တော်ဘက်ကတော့ အကြောင်းမဲ့ဖမ်းဆီးတာ မရှိဘူး။ AA နဲ့ပတ်သက်ပြီးတော့လည်း ဖမ်းဆီးတာမရှိဘူး။ သို့သော် ကျနော်တို့အနေနဲ့ကတော့ လုံခြုံရေးနဲ့ပတ်သက်လာလို့ရှိရင် အုပ်ချုပ်ရေးယန္တရားကို နှောက်ယှက်တာပဲဖြစ်ဖြစ် ဒါတွေကတော့ ကျနော်တို့ တည်ဆဲဥပဒေအရ အရေးယူရမှာဖြစ်တယ်။ ကျန်တဲ့ဟာတွေမှာ အကြောင်းမဲ့ဖမ်းဆီးတာတို့ သူတို့(AA)နဲ့ဆက်သွယ်ပြီး ဖမ်းဆီးတာတို့ တစ်ခုမှမရှိဘူး”ဟု ပြောဆိုထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များကို AA ကဖမ်းဆီးခဲ့သည့် ဒေသများတွင် စစ်ကောင်စီတပ်ဘက်ကလည်း ဒေသခံ အရပ်သားများကို သံသယဖြင့် လိုက်လံဖမ်းဆီးမှုများ တစ်နေ့ထက်တစ်နေ့ များပြားလာနေသည်။

ပုဏ္ဏားကျွန်းမြို့မှ ဖမ်းဆီးခံရသူများထဲတွင် စံပြရပ်ကွက်မှ ဦးဘလှိုင်(၃၅)နှစ်၊ မြို့သစ်ရပ်ကွက်မှ ဦးကျော်မင်း(၆၀)နှစ်၊ ကိုတင်မောင်သန်း(၃၀)နှစ်၊ စံပြရပ်ကွက်မှ ကိုမျိုးသွင်(၂၇)နှစ်၊ ကိုပရဟိတ(၅၀)နှစ်၊ ပေါက်တောပြင်ကျေးရွာမှ မောင်နိုင်ထွန်း(၁၈)နှစ်၊ မောင်အောင်ခိုင်(၁၇)နှစ်တို့ဖြစ်ကြသည်။

ထို့အတူ မြောက်ဦးမြို့မှ ဒေသခံ ၂၀ ဦးထက်မနည်းနှင့် ကျောက်တော်မြို့မှ ဒေသခံ ၂၀ ဦးထက် မနည်းမှာလည်း ဖမ်းဆီးခံခဲ့ရသည်။ လက်ရှိတွင် လွတ်မြောက်လာသူအချို့ရှိသော်လည်း လူဦးရေ အတိအကျကိုမသိရသေးပေ။
ဤအချက်များကိုကြည့်ခြင်းအားဖြင့် ရခိုင်စစ်ပွဲသည် ဆိုင်းမဆင့်ဗုံမဆင့် အချိန်မရွေး မီးဟုန်းဟုန်း ထတောက်နိုင်သည့် အခြေအနေတစ်ရပ်ဖြစ်ကြောင်း နိုင်ငံရေးအကဲခတ်တို့က သုံးသပ်နေကြသည်။

“အခုဖြစ်နေတဲ့အခြေအနေရဲ့ ဖြစ်ပေါ်တိုးတက်မှုကတော့ ရခိုင်ပြည်နယ်မှာ စစ်ပွဲတွေပြန်ဖြစ်ဖို့ အတိတ်နိမိတ်တွေ ပြနေတာလို့ပြောရမယ်”ဟု မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က မှတ်ချက်ပေးသည်။

နှစ်ဘက် စစ်ရေးပြင်ဆင်မှု

လက်ရှိတွင် AA သည် စစ်သည်အင်အား ၃၀၀၀၀ ကျော်ရှိနေပြီဖြစ်သဖြင့် မြန်မာ့တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များထဲတွင် လက်နက်အင်အားကလွဲလျှင် “ဝ”တပ်ဖွဲ့နှင့် စစ်သည်အင်အား တန်းတူဖြစ်လာသည့် အင်အားကြီးတပ်ဖွဲ့ဖြစ်နေသည်။

ထို့အတူ စစ်ကောင်စီနှင့် ၂ နှစ်တာ အပစ်ရပ်နေစဉ်ကာလအတွင်း ၎င်းတို့၏ တပ်တည်ဆောက်ရေးအပိုင်းကို ခိုင်မာစွာလုပ်ဆောင်ခဲ့သည်ကို မြေပြင်အခြေအနေတွင် မြင်နေရသည်။ AA သည် စစ်ဒေသနယ်မြေများအပြင် စစ်ဒေသအသစ်များ၊ တပ်ရင်းတပ်ဖွဲ့များကိုလည်း စနစ်တကျဖွဲ့စည်းကာ အခိုင်အမာ အခြေချပြင်ဆင်ထားကာ စစ်ပွဲအတွက် အသင့်အနေအထားနှင့် စောင့်ဆိုင်းနေသည်။

“AA ရဲ့ အားသာချက်ကတော့ ရခိုင်ပြည်သူတွေ ထောက်ခံမှုကောင်းတယ်။ အင်အားသောင်းချီရှိတယ်။ အဲဒီမှာ တပ်ဖွဲ့ဝင်တွေက လူငယ်တွေ၊ တိုက်ခိုက်ရေးစွမ်းရည် အားကောင်းတယ်။ ပထဝီကျွမ်းကျင်မှုရှိတဲ့အတွက် အလွယ်တကူ တပ်ဖျောက်သလို ကိုယ့်အိမ်ကွင်းလည်းဖြစ်နေတယ်”ဟု ရခိုင့်နိုင်ငံရေးစစ်ရေး လေ့လာသုံးသပ်သူ ဦးဖေသန်းကဆိုသည်။

စစ်ကောင်စီမှာ လက်ရှိနှင့် ပြီးခဲ့သည့်ကာလက ဗမာပြည်ရှိ PDF အင်အားစုများ၊ တခြား EAOs များနှင့် တိုက်ခိုက်နေရသဖြင့် စစ်ပန်းနေသည့်သဘောဖြစ်နေသော်လည်း စစ်ကောင်စီ၏ တစ်ခုတည်းသော အားသာချက်မှာ လက်နက်ကြီးများ အကန့်အသတ်မဲ့သုံးစွဲနိုင်ခြင်းနှင့် လေကြောင်း၊ ရေကြောင်းပါ အင်အားပြနိုင်ခြင်းများ ရှိနေပြန်သည်။

“စစ်ကောင်စီဘက်ကတော့ လက်နက်ကုန်း၊ ဗျူးဟာကုန်းတွေကနေ အဝေးပစ်လို့ရတာတော့ အားသာတယ်။ ရေငုတ်သင်္ဘောကတော့ ဟန်ရေးပြလုပ်ထားတာပါမယ်။ ရေငုတ်သင်္ဘောကတော့ အရေးကြီးတဲ့ အစိတ်အပိုင်းမှာ လက်နက်ပစ္စည်းတွေ သယ်ယူရေးမှာ အသုံးပြုနိုင်မယ်။ ဒါပေမယ့် လေကြောင်းစစ်ဆင်ရေးမှာတော့ အားသာချက်ရှိတယ်”ဟု ဦးဖေသန်းက သုံးသပ်သည်။

လတ်တလောတွင် AA ၏ လက်နက်ခဲယမ်းတပ်ဆင်မှုနှင့်ပတ်သက်၍ တွက်ချက်ရန်ခက်ခဲသည်။ သို့သော် မြေပြင်သတင်းများအရ AA တွင် စစ်ဒေသအသီးသီးတွင် လက်နက်ခဲယမ်း‌ လုံလောက်စွာပြင်ဆင်ထားကြောင်း သိရသည်။ ထို့အတူ မကြာမီကပေါ်ပေါက်လာသည့် ပြည်မ PDF နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့(CDF)များကိုပင် လက်နက်အကူအညီအချို့ ပေးနေသည်ကို တွေ့နေရသည်။

ယင်းကြောင့် ဆက်စပ်ကြည့်လျှင် ပြီးခဲ့သည့်နှစ်က ဧရာဝတီသတင်းဌာနနှင့်အင်တာဗျူးတခုတွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရခိုင်တွင် လက်နက်စက်ရုံတည်ဆောက်သွားမည်ဟု ပြောဆိုခဲ့သည်။ ထို့ကြောင့် AA အနေဖြင့် သူတို့ထိန်းချုပ်သည့်နယ်မြေတွင် လက်နက်စက်ရုံ တည်ဆောက်ထားပြီလားဟုပင် စဉ်းစားနိုင်သည်။

တစ်ဘက်တွင်လည်း ယခုအချိန်တွင် ချေမှုန်းရေးရိုင်ဖယ်၊ ကျည်ဆံ၊ လက်ပစ်ဗုံးများကို ဒေသအခြေစိုက် PDF များတောင် စမ်းသပ်ထုတ်လုပ်နိုင်ပြီဖြစ်သည်ကတစ်ကြောင်းနှင့် AA မဟာမိတ်များဖြစ်သည့် KIA နှင့် UWSA တို့ရှိ လက်နက်စက်ရုံများတွင် AA လေ့လာနိုင်မည့် အခွင့်အလမ်းများလည်း ရရှိနိုင်သည်။

လက်ရှိရခိုင်တွင် စစ်ကောင်စီသည် တိုင်းတပ်များ၊ စကခ ၃ ခုအပြင် အနည်းဆုံးတပ်မ ၂ ခုအထက် အင်အားဖြည့်တင်းထားကြောင်းလည်း လေ့လာစောင့်ကြည့်နေသူများထံမှ သိရသည်။ ရခိုင် တပ်ရင်း၊တပ်ခွဲများနှင့် အရေးပါသည့် ဗျူဟာအမြောက်စခန်းများတွင် လက်နက်ကြီးပစ်ကူအဖြစ် ၁၀၅ မမ၊ ၁၂၀ မမတို့အပြင် အတွဲလိုက်ဒုံးများအား ပြင်ဆင်ထားသည်။

ယင်းမှတခါ ၎င်းအခြေအနေကိုအားဖြည့်ရန်အတွက် လေကြောင်းပစ်ကူ၊ ရေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူများဖြည့်တင်းနိုင်ရန် ပြင်ဆင်နေမှုကိုလည်း မြေပြင်တွင်တွေ့ရသည်။ ရေကြောင်းပစ်ကူကို အပြည့်အဝ သုံးစွဲနိုင်ရန်အတွက် လက်ရှိရေကြောင်းစစ်ဆင်ရေးလုပ်ရမည့် နေရာများဖြစ်သော ကုလားတန်မြစ်၊ မယူမြစ်၊ လေးမြို့မြစ်ကြောင်းအပြင် ရမ်းဗြဲကျွန်းနှင့် ရခိုင်တောင်ပိုင်းတွင် ရေတပ်သင်္ဘောများ အဆင်သင့်ပြင်ထားသည်။

အခြားတဘက်မှာလည်း ပြီးခဲ့သည့် ဇွန် ၁၃ ရက်နေ့က စစ်ကောင်စီဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ရခိုင်ပြည်ရှိ တပ်မတော်သားများအနေဖြင့် ၂၄ နာရီ လုံခြုံရေးသတိရှိရှိဖြင့် တာဝန်ထမ်းဆောင်ရန်နှင့် အမြဲတမ်း စစ်ရေးသတိဖြင့် တိုက်ပွဲဝင်ရန်အသင့်ဖြစ်နေရမည်ဟု မှာကြားခဲ့သည်။

တကျော့ပြန် စစ်ပွဲဖြစ်လာရင်

နှစ်ဘက်တပ်များ စစ်ရေးပြင်ဆင်မှုများနှင့်အတူ ဖမ်းဆီးမှုများစွာဖြင့် သည်းမခံနိုင်သည့် အခြေအနေ တစ်ခုအောက်တွင် ထိပ်တိုက်တွေ့ကာ တိုက်ပွဲများဖြစ်လာနိုင်ကြောင်းလည်း ဦးခိုင်သုခက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုဖူးသည်။

ယင်းကြောင့် ယခုတကျော့ပြန်စစ်ပွဲသည် ဘယ်နေ့၊ ဘယ်အချိန်တွင်ဖြစ်လာမည်ကို မည်သူမှ ကံသေကံမ မပြောနိုင်သော်လည်း တိုက်ပွဲအစပြုသည်နှင့် ဆက်တိုက်ပြင်းထန်မှုများဖြစ်လာမည်ဟုလည်း သုံးသပ်နေကြသည်။ ထိုသို့ဖြစ်လာပါက ယခင်တိုက်ပွဲများထက် ဒေသခံတို့ ဆိုးဝါးသည့်စစ်ဘေးစစ်ဒဏ်ကို ခံစားကြမည်မှာ မလွဲပေ။

“အခုနောက်ပိုင်းမှာ ဖြစ်လာမယ်ဆိုရင်တော့ အရင်တုန်းကထက် ပိုပြီးပြင်းထန်လာနိုင်ခြေရှိတယ်။ အရင်တုန်းက တောနားတောင်နားတွေမှာ ချောင်းမြောင်းပစ်ခတ်တာတွေထက် မြို့ပြစစ်ဆင်ရေးအထိ ဖြစ်လာနိုင်တယ်လို့ သုံးသပ်တာတွေရှိတယ်။ ဒါကြောင့် အရင်အခြေအနေထက် ပိုပြီးတော့ အထိနာစရာတွေရှိလာမယ်”ဟု ကျောက်တော်မြို့နယ်မှ လွှတ်တော်အမတ်ဟောင်း ဦးဦးထွန်းဝင်းကဆိုသည်။

အကယ်၍ စစ်ပွဲဖြစ်လာသည်နှင့်အမျှ ဒေသခံတို့မှာလည်း ယခင်ကဲ့သို့ သံသယခေါင်းစဉ်အောက်တွင် ဖမ်းဆီးခြင်းများကို ခံလာရနိုင်သည်။

ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့သည့်တိုက်ပွဲကာလ ၂ နှစ်ကျော်အတွင်း AA နှင့် ဆက်စပ်သည်ဆိုသည့် သံသယဖြင့်ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် တရားစွဲခံခဲ့ရသူ ၂၀၀ ကျော်နှင့် တရားခံပြေးအဖြစ် သတ်မှတ်ခံခဲ့ရသူ ၁၀၀၀ ခန့်ရှိခဲ့ကြောင်း သဇင်ဥပဒေအထောက်အကူပြုအဖွဲ့မှ ထုတ်ပြန်ခဲ့သော စာရင်းများအရ သိရသည်။

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ်လ ၁ ရက်နေ့မှာ ၂၀၂၀ မတ်လ ၂၀ ရက်နေ့အထိစာရင်းအရ ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေများဖြင့် အရေးယူထားသည့် အမှုပေါင်း ၁၀၈ မှုရှိခဲ့ကြောင်းလည်း ပြည်နယ်ဥပဒေချုပ် ဦးကျော်လှထွန်းက ရခိုင်ပြည်နယ်လွှတ်တော်တွင်တင်ပြခဲ့သည့် စာရင်းများတွင် ဖော်ပြခဲ့သည်။

ယင်းသို့ အကြမ်းဖက်ဥပဒေပုဒ်မများဖြင့်တရားရင်ဆိုင်နေရာကနေ လွတ်မြောက်သွားသူများရှိခဲ့သော်လည်း လက်ရှိတွင် ဒေသခံ ၆၀ ခန့်မှာ တရားရင်ဆိုင်နေရဆဲဖြစ်ကြောင်းလည်း စာရင်းပြုစုနေသည့် စာရေးဆရာ ဝေဟင်အောင်ထံမှ သိရသည်။

ရခိုင်ပြည်တွင် AA ၏ တရားစီရင်ရေးလုပ်ငန်းများ ကြီးထွားလာသည်နှင့်အမျှ အဆိုပါ Community တွင် ထဲထဲဝင်လုပ်နေသူ အများအပြားရှိနေခြင်းကို တွေ့ရမည်ပင်။ တချို့က ထင်ထင်ပေါ်ပေါ် လုပ်ကိုင်နေကြပြီး တချို့က သွယ်ဝိုက်သောနည်းဖြင့် အနည်းနဲ့အများကတော့ ဆက်စပ်မှုရှိနေကြသည်။

လွှတ်တော်အမတ်ဟောင်း ဦးဦးထွန်းဝင်းက “ကျနော်တို့ Community ထဲကို ဟိုဘက်ကတော့ AA ဆိုတဲ့ တံဆိပ်ကပ်ပြီးတော့ ကြည့်ထားတာ။ အခုကတော့ ပိုပြီးတော့ သံသပိုကြီးထွားလာတာ။ ဒီဟာကတော့ ကျနော်တို့အပေါ်မှာ တစုံတခုလုပ်လာရင် အကျိုးဆက်ကပိုကြီးလာမယ်”ဟု မှတ်ချက်ပေးသည်။

စစ်ကောင်စီဘက်ကိုလည်း လျော့တွက်လို့မရသည့် အချက်များစွာရှိနေသည်။ တချို့သော ဒေသခံများကနေ နည်းမျိုးစုံ သတင်းထောက်လှမ်းမှုများဖြင့် ယခင်တိုက်ပွဲကာလထက် အချက်အလက်များကို ရရှိထားနိုင်သည်။ ထိုအချက်မှာလည်း လုံးဝ သတိထားစရာ ရှိလာနေသည်။
ယခင်တိုက်ပွဲကာလတုန်းကလည်း စစ်ပွဲအနီးအနားကဒေသခံများကို အချက်အလက်ခိုင်လုံမှုမရှိဘဲ ဖမ်းဆီးမှုများရှိခဲ့ကာ စစ်ကြောရေးတွင် သေဆုံးသူများလည်းရှိခဲ့သည်။ ယခင်က ဖမ်းဆီးစစ်ဆေးခံရသူများတွင် စိတ်မနှံ့သူများအပြင် ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေသူ များစွာပါဝင်ခဲ့သည်။

ပြည်သူတွေ ရင်ဆိုင်ရမယ့် စိန်ခေါ်မှု

လက်ရှိ ရခိုင်ပြည်သည် တည်ငြိမ်နေသယောင်နှင့် ရှုပ်ထွေးမှုများစွာရှိနေသည်။ ရခိုင်ပြည်၏အခြေအနေသည် အသံတိတ်ဗုံးပုံစံဖြင့် အချိန်နှင့်အမျှ ပေါက်ကွဲနိုင်သည်။ ဆိုလိုသည်မှာ ရခိုင်ပြည်ကို ကုန်သွယ်ရေး၊ ကုန်စည်စီးဆင်းမှု၊ လမ်းပန်းဆက်သွယ်ရေး စသည့်အခြေခံအချက်အလက်များကို စစ်ကောင်စီက ကန့်သတ်ထိန်းချုပ်ထားနိုင်ခြင်းပင်။

အခြေခံအချက်တစ်ခုမှာ ရခိုင်မှာ အခြေချလုပ်ကိုင်နေသည့် လုပ်ငန်းတိုင်းတွင် သွင်းအားစုအရင်းအနှီး စရိတ်စခများ တရိပ်ရိပ်မြင့်တက်နေသဖြင့် လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေး စသည့်အလုပ်အကိုင် ကဏ္ဍများတွင် မလူးသာမလွန့်သာဖြစ်နေကြသည်။

စက်သုံးဆီဈေးနှုန်း၊ ကုန်ဈေးနှုန်းများ အဆက်မတန် မြင့်တက်နေမှုကို ပြည်သူများ နေ့စဉ်နှင့်အမျှရင်ဆိုင်နေကြရသည်။ ထိုအကြောင်းအရာများကို ခြုံငုံကြည့်ပါက တကျော့ပြန်စစ်ပွဲဖြစ်လာလျှင် ပိုမိုဆိုးဝါးသည့်ဒဏ်ကို ပြည်သူတို့က ခံစားရပေမည်။

သင်္ဂဟကမ်းလက်ရက္ခိတ ပရဟိတအသင်း ဥက္ကဋ္ဌ ကိုအမ်းသားကြီးက “အခုတိုက်ပွဲမဖြစ်တဲ့ အချိန်မှာတောင် တိုက်ပွဲဖြစ်ခဲ့တဲ့အချိန်ကထက် ပိုပြီးကျပ်တည်းလာနေတာ။ ကုန်ဈေးနှုန်းအပေါ်မူတည်တဲ့ စားဝတ်နေရေးနဲ့က ပိုပြီးကြီးထွားလာမယ်။ ဘက်ပေါင်းစုံက နိုင်ငံရေးအကျပ်အတည်းကြောင့် ရခိုင်မှာလည်း ထိခိုက်နေရတယ်”ဟု လက်ရှိစီးပွားရေးအကျပ်အတည်းကို သုံးသပ်ပြောဆိုသည်။

အကယ်၍ ယခုအချိန်ခါမှာ ရခိုင်တကျော့ပြန်စစ်ပွဲများ ပြင်းထန်လာလျှင် ကျေးလက်ပြည်သူတို့မှာ မိုင်းအန္တရာယ်နှင့် လက်နက်ကျည်ဆန်ထိမှန်ခြင်း၊ အိုးအိမ်မီးရှို့ခံရခြင်းများကြောင့် နာလန်မထူနိုင်သည့်ကြားမှ ပိုမိုဆိုးဝါးမည့်အခြေအနေဖြစ်လာမည်။ ခန့်မှန်းလို့မရသေးသည့် ဆုံးရှုံးခြင်းများ နောက်ဆက်တွဲများစွာ ကြုံလာရမည်။

အလားတူ စစ်ဘေးရှောင်းကိစ္စအတွက်လည်း ထည့်သွင်းစဉ်းစားရအုံးမည်ပင်။ ယခင်တိုင်ပွဲကာလက တပြည်နယ်လုံး စစ်ဘေးရှောင်ဦးရေ ၂ သိန်းကျော်အထိရှိခဲ့သည်။ ယင်းနောက်ပိုင်း ဒေသတည်ငြိမ်မှု များကြောင့် တဖြည်းဖြည့်နှင့် နေရပ်ပြန်သွားသူများရှိခဲ့သော်လည်း လက်ရှိအချိန်ထိ စစ်ဘေးရှောင် ၄၀၀၀၀ ကျော် ကျန်ရှိနေသေးကြောင်း REC စာရင်းအရသိရသည်။ ယင်းကြောင့် တဖန်စစ်ပွဲပြန်စမည်ကို မလိုလားကြောင်းလည်း စစ်ဘေးရှောင်များနှင့် ၎င်းတို့အရေး ကူညီပေးနေသူတို့က ပြောဆိုနေကြသည်။

“စစ်ဘေးရှောင်တွေက အစကတည်းက အခက်အခဲရှိနေတာ။ ထမင်းစားနိုင်ဖို့တောင် အနိုင်နိုင်၊ ပူပင်သောကတွေနဲ့ ရုန်းကန်နေကြရတာ။ ဒါကြောင့် ဒီမှာတဖန်ဖြစ်လာရင်တော့ မပြောပြနိုင်လောက်အောင် ဒုက္ခဖြစ်လာမှာ”ဟု ကိုအမ်းသားကြီးက ရှင်းပြသည်။

သို့သော်လည်း အခြားတစ်ဘက်တွင် စစ်ကောင်စီနှင့် AA တို့က ယခုတဖန် တကျော့ပြန်စစ်ပွဲဖြစ်လာလျှင် ရခိုင်ဒေသကို ဘယ်သူလွှမ်းမိုးနိုင်မလဲဆိုသည့် နိုင်ငံရေးအဆုံးအဖြတ်ရရှိမည်ဟုလည်း နိုင်ငံရေး အကဲခတ်တို့က ရှုမြင်နေကြသည်။

နိုင်ငံရေးလေ့သုံးသပ်သူ ဦးသန်းစိုးနိုင်က “AA နဲ့ စစ်ကောင်စီနဲ့ဟာ အရင်တုန်းကလို တိုက်ပွဲတွေဖြစ် သူ့နေရာ သူသွားနေ၊ သူ့နေရာသူပြန်နေ မဟုတ်တော့ဘူး။ ဒီနေရာမှာ ရခိုင်တပြည်နယ်လုံးကို ဘယ်သူလွှမ်းမိုး အုပ်ချုပ်မယ်ဆိုတာ အဆုံးအဖြတ်ပေးမယ့် တိုက်ပွဲအခြေအနေတရပ်အထိ ရောက်လာနိုင်တယ်လို့ ယူဆလို့ရတယ်”ဟု ဆိုသည်။

ဂေါင် - ရေးသည်။

ဗီဒီယိုများ