အိမ်ကြက်ချင်းပြိုင် မည်သူနိုင်

လတ်တလောအခြေအနေတွင် ရခိုင်ပြည်၌ မြန်မာစစ်တပ်နှင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့တိုကြား စစ်ရေးငြိမ်သက်နေသော်လည်း ရခိုင့်တော်လှန်ရေးအဖွဲ့အစည်းနှစ်ခုကြားတွင် အဖုအထစ်များရှိလာနေသည်။ ၁၉၆၇ ခုနှစ်တွင် တည်ထောင်ခဲ့သော ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်(ALP)နှင့် ၂၀၀၉ ခုနှစ်တွင် တည်ထောင်ခဲ့သော ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဦးဆောင်သော ရက္ခိုင့်တပ်တော်(AA)တို့ကြား ပဋိပက္ခများ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ဒေသခံ ရခိုင်လူထုများမှာလည်း ရိုက်ခတ်မှုကိုခံစားနေရသည်။

By နေမျိုးလင်း 10 Aug 2022

DMG ၊ သြဂုတ် ၁၀

(ဆောင်းပါး)

လွမ်းမော၊တမ်းတခဲ့ရသော ရခိုင့်အနာဂတ်အိပ်မက်များကို ပုံဖော်ထုဆစ်နေသည်မှာ လက်ရာမြောက်သည့် အနေအထားသို့ ရောက်ရှိနေပြီ။ နှစ်ပေါင်းများစွာဆုံးရှုံးနေသည့် ရခိုင့်ကြမ္မာ ရခိုင်တို့ဖန်တီးရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်များမှာ လှမ်းမျှော်ကြည့်စရာမလိုတော့ဘဲ ပြန်လည်သက်ဝင်ခါစ ပြုနေသည့် အနေအထားဖြစ်၏။

ထိုသို့ပြောင်မြောက်သော လက်ရာမွန်များကို ထုဆစ်နေကြသူများမှာလည်း အမျိုးကိုချစ်သော အမျိုးသားရေး စိတ်ရှိကြသည့် ရခိုင်လူမျိုးများပင်။ ထိုသူများ၏ အန္တိမရည်မှန်းချက်မှာလည်း တူညီကြသည်။ ရခိုင့်ကြမ္မာ ရခိုင်တို့ ဖန်တီးရေးသာဖြစ်သည်။ ၁၇၈၄ ခုနှစ်တွင် ရခိုင့်နိုင်ငံတော် ကျဆုံးသွားသည့်အချိန်မှစတင်ကာ ခေတ်အဆက်ဆက် တော်လှန်ရေးဆင်နွှဲခဲ့ကြရာ လက်ရှိတွင် အသီးအပွင့်အချို့ကို မြည်းစမ်းစားသုံးခွင့် ရရှိနေကြပြီဖြစ်သည်။

ရခိုင်ပြည် ပြန်လည်လွတ်မြောက်ရန်ကြိုးပမ်းနေသည့် သမိုင်းကြောင်းသည် ရှည်လျားလှသည်။ တော်လှန်ရေးကို ရိုက်ချိုး၍မရနိုင်ဆိုသကဲ့သို့ ရခိုင့်တော်လှန်ရေးမှာလည်း ပြီးဆုံးသည်ဟူ၍မရှိခဲ့ပေ။ သို့ရာတွင် နှောင့်နှေးကြန့်ကြာမှုများနှင့် ရင်ဆိုင်ခဲ့ရဖူးသည်။

သို့သော် ရခိုင်လူမျိုးများ၏ မျိုးချစ်စိတ်သည် အရှိန်အဟုန်ကောင်းစွာဖြင့် မြစ်ရေကဲ့သို့ အဆက်မပြတ်စီးဆင်းနေခဲ့သည်။

ရခိုင့်နိုင်ငံတော်သည် ဗမာဘုရင် ဗဒုံမင်း(ဘိုးတော်မောင်ဝိုင်း)၏ ကျူးကျော်စစ်ကြောင့် ကျဆုံးသွားသော အခါတွင်လည်း တောင်မင်းကျော်ထွီးကဲ့သို့သူများကလည်း ဦးဆောင်တိုက်ပွဲဝင်ခဲ့ကြသည်။ နယ်ချဲ့အင်္ဂလိပ် လက်အောက်သို့ ကျရောက်သွားသည့်အချိန်တွင်လည်း မင်းသားကြီး ရွှေဘန်း၊ ဒေးဝန်း အောင်ကျော်ရွှီ၊ မြို့သူကြီး အောင်ကျော်ဇံ ၊ ဆရာတော် ဦးစိန္တာ စသူတို့က တော်လှန်တိုက်ခဲ့ကြသည်။

ထို့နောက် ဗမာခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ ဗမာမဟုတ်သောတိုင်းရင်းသားများကို တန်းတူအခွင့်အရေး ပေးမည်ဟု ပြောစကားများကို ရခိုင်ခေါင်းဆောင်အချို့များလည်း ယုံကြည်ခဲ့ကြပြန်သည်။ သို့ရာတွင် ဗိုလ်ချုပ်အောင်ဆန်းလည်း လုပ်ကြံခံရပြီး မြန်မာပြည်လွတ်လပ်ရေးရရှိသောအခါ ထိုကတိစကားများလည်း အသက်မဝင်ခဲ့ဘဲ ဗမာကြီးစိုးသော အာဏာရှင်စနစ်သာ သက်ဆိုးရှည်ကြာသွားသည်။

ထို့ကြောင့် ကိုယ့်ထီးနန်းဖြင့်နေထိုင်ခဲ့သော ရခိုင်လူမျိုးတို့သည် ဗမာအာဏာရှင်စနစ်ကို ဆက်လက်တော်လှန် တိုက်ခိုက်ရပြန်သည်။ ရခိုင်ပြည်လွတ်မြောက်ရေးအဖွဲ့(AIO) အတွင်းရေးမှူး ဦးစံကျော်ထွန်း၊ ရခိုင်ပြည် ကွန်မြူနစ်ပါတီမှ ဦးကျော်ဇံရွှီ၊ ရက္ခိုင်ပြည်တပ်မတော်(AA)မှ ဗိုလ်ချုပ် ခိုင်ရာဇာ၊ ရခိုင်ပြည်လွတ်မြောက်ရေး တပ်မတော်(ALP)မှ ဥက္ကဋ္ဌကြီး ခိုင်မိုးလင်း အစရှိသူတို့က အစဉ်အဆက် တိုက်ပွဲဝင်တော်လှန်ခဲ့ကြပေသည်။

လက်ရှိတွင် ရခိုင်ပြည်နှင့် ရခိုင်လူမျိုးကိုယ်စားပြုအဖြစ် တော်လှန်ရေးတပ်ဖွဲ့ သုံးဖွဲ့ရှိသည်။ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်(ALP/ALA)မှာ သက်တမ်းရှည်ကြာသည့် အဖွဲ့အစည်းဖြစ်ပြီး ရခိုင်ပြည်တပ်မတော်(ANC/AA)နှင့် ရက္ခိုင့်တပ်တော်(ULA/AA)ဟူ၍ရှိသည်။

ယင်းတို့အနက် ရခိုင်ပြည် လွတ်မြောက်ရေးတပ်မတော်သည် အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ကို လက်မှတ်ရေးထိုးထားသည်။ ရခိုင်ပြည်တပ်မတော်(ANC/AA)နှင့် ရက္ခိုင့်တပ်တော်(ULA/AA)တို့မှာ အစိုးရနှင့် မည်သည့်သဘောတူညီချက်မျှ လက်မှတ်ရေးထိုးထားခြင်းမရှိသေးပေ။

လတ်တလောအခြေအနေတွင် ရခိုင်ပြည်၌ မြန်မာစစ်တပ်နှင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့တိုကြား စစ်ရေးငြိမ်သက်နေသော်လည်း ရခိုင့်တော်လှန်ရေးအဖွဲ့အစည်းနှစ်ခုကြားတွင် အဖုအထစ်များရှိလာနေသည်။ ၁၉၆၇ ခုနှစ်တွင် တည်ထောင်ခဲ့သော ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်(ALP)နှင့် ၂၀၀၉ ခုနှစ်တွင် တည်ထောင်ခဲ့သော ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဦးဆောင်သော ရက္ခိုင့်တပ်တော်(AA)တို့ကြား ပဋိပက္ခများ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ဒေသခံ ရခိုင်လူထုများမှာလည်း ရိုက်ခတ်မှုကိုခံစားနေရသည်။

၎င်းတို့ အဖွဲ့အစည်းနှစ်ခုကြားတွင် ပြဿနာများ မကြာခဏဆိုသကဲ့သို့ ဖြစ်ပေါ်နေသည်ကိုတွေ့ရသည်။ ယခုရက်ပိုင်းအတွင်းတွင် မြင်တွေ့ရသည့် သတင်းများမှာလည်း စိတ်မချမ်းမြေ့ဖွယ်ရာ အကြောင်းအရာများပင်ဖြစ်၏။ မည်သည့်အကြောင်းရင်းခံများကြောင့် ပဋိပက္ခများ ယခုကဲ့သို့ ကြီးထွားလာရသည်ကို မသိရသော်လည်း စိတ်မကောင်းဖြစ်ရပေသည်။

ယခုရက်ပိုင်းအတွင်းဖြစ်ပေါ်သော ကနဦးအခြေအနေများအရ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒုတိယဗိုလ်မှူးကြီး ခိုင်ပေါ်လင်းကို သြဂုတ်လ(၂)ရက်နေ့တွင် ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးသွားသည်ဟုသိရသည်။

ယင်းနောက် ထိုလုပ်ရပ်ကို လက်စားချေသောအနေဖြင့် စစ်တွေဒေသခံတစ်ဦးကို သြဂုတ်လ ၇ ရက်နေ့က ဖမ်းဆီးလိုက်ပြီး သံသယရှိသူများကို ဆက်လက်ဖမ်းဆီးမည်ဟု ရခိုင်ပြည်လွတ်မြောက်ရေးပါတီဘက်က ပြောဆိုသည်။ ထိုကိစ္စများနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော်(AA)ဘက်မှ တစ်စုံတစ်ရာပြောဆိုခြင်းမျိုး မရှိ‌သေးပေ။

မည်သို့ပင်ဆိုစေကာမူ ရခိုင်လူမျိုးကို ကိုယ်စားပြုသည့်အဖွဲ့အစည်းများအနေဖြင့် ထိုသို့လုပ်ဆောင်ရန်မလိုအပ်ဟု ရှုမြင်မိသည်။ မိမိတို့၏လမ်းစဉ်အတိုင်း ရခိုင်အမျိုးသားရေးပန်းတိုင်ကိုချီတက်ရာတွင် ထိုသို့ အနုတ်လက္ခဏာများက တစ်မျိုးသားလုံး၏ စည်းလုံးညီညွတ်မှုကိုလည်း ထိခိုက်စေပြီး ရောက်နှင့်ပြီးခရီးများကို ဆက်လက်ချီတက်ရာတွင်လည်း အခက်တွေ့စေကြမည့် လုပ်ရပ်များပင်။

မည်သည့်အဖွဲ့အစည်းများတွင်မဆို သူ့ပရိသတ်နှင့်သူ ရှိကြသည်။ ပရိသတ်နည်းသည်၊များသည်သာ ကွာခြားမည်။ ထိုသို့ အဖွဲ့အစည်းနှစ်ခုကြား ပဋိပက္ခများရှိနေလျှင် ပရိသတ်များကြားတွင် ဝိရောဒိများ ကွဲပြားလာကာ အမျိုးသားညီညွတ်ရေးလမ်းစဉ်များကို ချိုးဖောက်မိကြမည်ကိုလည်း စိုးရိမ်စရာဖြစ်သည်။

ထို့ကြောင့် အတားအဆီး၊အနှောင့်အယှက်တို့နှင့် ကြုံတွေ့လျှင်လည်း အမျိုးသားရေး ရည်မှန်းချက်ခရီးစဉ်ကို ဆက်လက်ခရီးနှင်ရန်လိုသည်။ အကျပ်အတည်းများနှင့်ရင်ဆိုင်ရလျှင် မည်သို့ကျော်လွှားကြမည်ကို အေးဆေးတည်ငြိမ်စွာဖြင့် မှန်ကန်စွာလုပ်ဆောင်ရန် အရေးကြီးပေသည်။ နှစ်ဦးနှစ်ဖက် ညှိနှိုင်းဖြေရှင်းခြင်း လမ်းစဉ်များကိုကျင့်သုံးကာ ပွင့်လင်းမြင်သာစွာ ဖြေရှင်းဆောင်ရွက်သင့်ကြသည်။

အိမ်ကြက်ချင်းခွပ်ကြပြီး ယင်းအဖွဲ့အစည်းများနှင့်ဒေသခံများ အထိနာစေမည့်ဖြစ်ရပ်များမှာ အဝေးကို ကြည့်စရာမလိုဘဲ မြန်မာနိုင်ငံတွင်လည်းရှိသည်။ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)တို့ ၂၀၁၅ ခုနှစ်ကပင် ဖြစ်ပွားခဲ့သော ရှမ်းတပ်အချင်းချင်း တိုက်ပွဲများက သက်သေခံလျက်ရှိသည်။ ထိုသို့ ရှမ်းလူမျိုး လက်နက်ကိုင်အဖွဲ့အစည်းနှစ်ခုကြား တိုက်ပွဲများကြောင့် ဒေသခံထောင်ပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ထိုသို့ အိမ်ကြက်ချင်းခွပ်နေကြသည်ကို အရသာခံ၍ကြည့်ရှုနေကြသည့် ပွဲကြည့်ပရိသတ်များလည်း ရှိကြဦးမည်ဖြစ်သည်။ ၎င်းတို့အတွက်မူ ထိုသို့အချင်းချင်းပဋိပက္ခ ဖြစ်ပေါ်နေသည်မှာ အကျိုးအမြတ် ဖြစ်ထွန်းလှသည်။ ထို့ကြောင့် မိမိတို့လူမျိုးနှင့် မိမိတို့အဖွဲ့အစည်းအချင်းချင်း ထိခိုက်နစ်နာမည့်ကိစ္စများ၊ အမျိုးသားညီညွတ်ရေးကို ထိခိုက်စေမည့်ကိစ္စရပ်များကို ရှောင်ရှားရမည်မှာ မိမိတို့ တာဝန်သာဖြစ်သည်။ အိမ်ကြက်ချင်းခွပ်၍ မိမိတို့အတွက် အကျိုးတစ်စုံတစ်ရာ မဖြစ်ထွန်းဆိုသည်ကို အလေးထားရန်လိုအပ်သည်။

သမိုင်းကြောင်းရှည်လျားသော ရခိုင့်နိုင်ငံတော်သည်လည်း အချင်းချင်းမညီညွတ်မှုကြောင့် ကျဆင်းပြိုကွဲခဲ့ရသည်ကို နှလုံးမူရန်လိုအပ်ပေသည်။ ရခိုင်ပြည်ကိုသိမ်းပိုက်ရန် ဆင်ကြံကြံနေသော ဗမာဘုရင် ဘိုးတော်မောင်ဝိုင်းသည်  မြောက်ဦးနန်းတွင်း အရှုပ်အထွေးများနှင့်ကြုံတွေ့ရပြီး စည်းလုံးညီညွတ်မှု ပျက်ပြားနေသည့်အချိန်ကာလတွင် အခွင့်ကောင်း၊အခါကောင်းယူပြီး သိမ်းပိုက်ခဲ့သည်။

ဘိုးတော်မောင်ဝိုင်း၏ ကျူးကျော်ရန်စမှုကို ပြန်လည်တွန်းလှန်ရန် တန်းလွဲစား တောင်မင်းကြီးကျော်ထွီးနှင့် တခြားမြို့စား၊နယ်စားများ ကြိုးစားကြသော်လည်း အချင်းချင်း ယုံကြည်မှုပျောက်ဆုံးကြခြင်း၊ သံသယများ ရှိကြခြင်းတို့ကြောင့် ဗမာတပ်ကို တွန်းလှန်တိုက်ခိုက်မှုမှာ ထင်သလောက်မအောင်မြင်ခဲ့ဘဲ ရခိုင့်နိုင်ငံတော်ကျဆုံး ခဲ့ရသည်မှာ ယနေ့အထိပင်ဖြစ်သည်။

အချုပ်အားဖြင့်ဆိုရသော် လက်နက်ကိုင်ထားသောအဖွဲ့အစည်းများအနေဖြင့် သေနတ်ထုတ်လွယ်၊ ပစ်လွယ်ကြ၏။ သို့သော် အဖွဲ့အစည်းများအနေဖြင့် အမျိုးသားညီညွတ်ရေးကို ထိခိုက်စေမည့်ကိစ္စရပ်များကို ရှောင်လွှဲပြီး ရခိုင့်အကျိုးသယ်ပိုးဆောင်ရွက်ရန်သာ အရေးကြီးသည်။

ရွှေရောင်တောက်ပသော ရခိုင့်အနာဂတ် နေ့ရက်များကိုရရှိရန်အတွက် ညီညီညွတ်ညွတ်ဖြင့် ချီတက်ရန်လိုအပ်ပါကြောင်း ရေးသားလိုက်ရပေသည်။

နေမျိုးလင်း - ရေးသည်။

ဗီဒီယိုများ