စိန်ခေါ်မှုတွေပြည့်နှက်နေတဲ့ ရခိုင်က စစ်ဘေးရှောင်တွေရဲ့ အိမ်ပြန်ခရီး

တိုက်ပွဲကာလအတွင်းမှာ ရခိုင်ပြည်အတွင်းက ဒေသခံပြည်သူနှစ်သိန်းကျော်ဟာ စစ်ဘေးရှောင်တွေအဖြစ် ရောက်သွားခဲ့ရ ပြီးတော့ ကလေးငယ်တွေအပါအဝင် အပြစ်မဲ့တဲ့အရပ်သားတွေ ထိခိုက်သေဆုံးမှုဟာလည်း အများအပြားရှိခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွေအနီးက ကျေးရွာတွေဆိုရင် ရွာလုံးကျွတ်မီးရှို့ခံရပြီးတော့ လူသူကင်းမဲ့တဲ့ ရွာပျက်တွေအဖြစ် ပြောင်းလဲသွားခဲ့ရပါတယ်။

By အောင်ထိန် 20 Sep 2021

DMG ၊ စက်တင်ဘာ ၂၀

မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော်(AA)ကြား ၂၀၂၀ ရွေးကောက်ပွဲကိုအခြေခံပြီး နှစ်ဖက်နားလည်မှုတွေနဲ့ ရခိုင်ပြည်အတွင်း တိုက်ပွဲတွေရပ်တန့်ထားတာဟာ အချိန်ကာလအားဖြင့် ၁၀ လကျော်ကြာမြင့်လာခဲ့ပြီလည်းဖြစ်ပါတယ်။

တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာကာ ဘေးကင်းလုံခြုံမဲ့နေရာတွေဆီ ထွက်ပြေးခိုလှုံလာကြတဲ့ ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်တွေဟာလည်း လက်ရှိတိုက်ပွဲတွေငြိမ်သက်နေတာကြောင့် မိမိနေရပ်တွေဆီ တဖြည်းဖြည်းနဲ့ပြန်သွားပြီး အခြေချလာတာတွေရှိပါတယ်။

စစ်ဘေးရှောင်တွေဟာ အစိုးရတာဝန်ရှိသူတွေရဲ့ စီစဉ်ပေးမှုနဲ့ နေရပ်ပြန်ကြတာမဟုတ်ဘဲ မိမိတို့အစီအစဉ်တွေနဲ့ဘဲ နေရပ်ပြန်နေကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့သြဂုတ်လအတွင်းက စစ်ဘေးရှောင်ဦးရေတစ်သောင်းကျော်ဟာ မိမိတို့အစီအစဉ်နဲ့ နေရပ်ကိုပြန်သွားခဲ့ကြတာ ရှိတယ်လို့ စစ်ဘေးရှောင်စာရင်းတွေကောက်ယူနေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

စစ်ဘေးရှောင်စခန်းတွေမှာ အလှူရှင်တွေနည်းပါးလာသလို ကိုဗစ်ရဲ့ရိုက်ခတ်မှုဒဏ်တွေကြောင့် စစ်ဘေးရှောင်တွေမှာ အလုပ်အကိုင်မရှိဘဲ စားနပ်ရိက္ခာကျပ်တည်းလာတာကြောင့် နေရပ်ပြန်ပြီးလုပ်ကိုင်စားသောက်ဖို့ စစ်ဘေးရှောင်တွေဆုံးဖြတ် လာကြတာဖြစ်ပါတယ်။

နေရပ်ပြန်သွားတဲ့ စစ်ဘေးရှောင်တွေထဲမှာ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း စတဲ့မြို့နယ်တွေက အများဆုံး ပါဝင်ကြပြီးတော့ ရသေ့တောင်၊ ဘူးသီးတောင်မြို့နယ်တွေကလည်း အနည်းအကျဉ်းပါဝင်ကြတယ်လို့ သိရပါတယ်။

စစ်ဘေးဒဏ်ခံခဲ့ရတဲ့ ရသေ့တောင်မြို့နယ်၊ သမီးလှကျေးရွာသား ဦးလှကျော်သာက “ကျွန်တော်တို့မှာ အိမ်ကလည်း မီးလောင်တဲ့အထဲမှာပါသွားတယ်။ လက်ထဲမှာ ပိုက်ဆံကလည်းမရှိ၊ မိသားစုကလည်းများတယ်။ အခုနေမယ့်အိမ်ကိုတောင် လုပ်ဖို့အခက်အခဲဖြစ်နေတယ်။ မိုးမလုံ၊ လေမလုံနဲ့နေရတယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်အတွင်းမှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအစောပိုင်းကနေ မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲ စတင်ခဲ့တာဟာ ၂၀၁၉၊ ၂၀၂၀ နှစ်တွေမှာတော့ နှစ်ဖက်စစ်ရေးပဋိပက္ခတွေ ပိုမိုပြင်းထန်ခဲ့ပါတယ်။

တိုက်ပွဲကာလအတွင်းမှာ ရခိုင်ပြည်အတွင်းက ဒေသခံပြည်သူနှစ်သိန်းကျော်ဟာ စစ်ဘေးရှောင်တွေအဖြစ် ရောက်သွားခဲ့ရ ပြီးတော့ ကလေးငယ်တွေအပါအဝင် အပြစ်မဲ့တဲ့အရပ်သားတွေ ထိခိုက်သေဆုံးမှုဟာလည်း အများအပြားရှိခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွေအနီးက ကျေးရွာတွေဆိုရင် ရွာလုံးကျွတ်မီးရှို့ခံရပြီးတော့ လူသူကင်းမဲ့တဲ့ ရွာပျက်တွေအဖြစ် ပြောင်းလဲသွားခဲ့ရပါတယ်။

ဆင်းရဲချို့တဲ့စွာနေထိုင်ရင်း တစ်သက်သာစုဆောင်းထားသမျှ ပစ္စည်းဥစ္စာတွေဟာလည်း သဲထဲရေသွန်ဆုံးရှုံးခဲ့ရသလို အသက်ရှင်သန်ရေးအတွက် စစ်ဘေးရှောင်စခန်းထဲက အခန်းကျဉ်းကျဉ်းလေးထဲမှာ မိသားစု အစုလိုက်အပြုံလိုက် နေထိုင်ရင်း အလှူရှင်တွေလာရောက်လှူဒါန်းတဲ့ စားနပ်ရိက္ခာတွေနဲ့ အသက်ဆက်ခဲ့ကြရပါတယ်။

စစ်ဘေးရှောင်စခန်းတွေဆီကို အစောပိုင်းမှာ အလှူရှင်တွေရဲ့ပံ့ပိုးကူညီမှုတွေ လစဉ်ပုံမှန်ရောက်ရှိပေမယ့် အခုနောက်ပိုင်းမှာတော့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ပြည်တွင်းပြည်ပအလှူရှင်တွေနဲ့ ပုဂ္ဂိုလိကအလှူရှင်တွေရဲ့ ထောက်ပံ့ကူညီပေးမှုတွေပုံမှန်မရရှိတော့တဲ့အခါ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာတွေကျပ်တည်းလာခဲ့ပါတော့တယ်။

ဒီလိုအခြေအနေမှာ စစ်ဘေးရှောင်တွေအနေနဲ့ အခြားရွေးချယ်စရာမရှိတော့ဘဲ နေရပ်ပြန်မယ့်လမ်းကို ရွေးချယ်ခဲ့ကြတာဖြစ်တယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC) အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

“လောလောဆယ်မှာ သူတို့ကြုံရမှာက နေရေးထိုင်ရေး၊ စားရေးသောက်ရေးတွေမှာ သူတို့လက်တလော အခက်အခဲကြုံရမယ်။ နေအိမ်တွေပြုပြင်ရမယ့်အပိုင်းတွေရှိတယ်။ သူတို့စားသောက်ဖို့အတွက် အနီးအနားမှာ အလုပ်အကိုင်ရှာရမယ့် အပိုင်းတွေရှိတယ်။ နောက်ပြီးသူတို့ရဲ့မြေနေရာကို ပြန်လည်ပြုပြင်ရမယ့်အပိုင်းတွေရှိတယ်။ သူတို့မှာတော့ လိုအပ်ချက်တွေအများကြီးရှိနေတယ်။ ဒါပေမယ့် သူတို့အနေနဲ့တစ်ခြားဖက်မှာ ပိုပြီးတော့ အခြေအနေဆိုးတဲ့ အတွက်ကြောင့် ဒီဖက်မှာကြုံရမယ့်အခက်အခဲ့တွေရင်ဆိုင်ပြီးတော့မှ ဖြေရှင်းကြမယ်ဆိုပြီး သွားနေကြတဲ့ အနေအထားဖြစ်တယ်” လို့ ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

တိုက်ပွဲငြိမ်သက်နေတဲ့အချိန်ကစပြီး ဒီနေ့အချိန် နေရပ်ပြန်သွားကြတဲ့ စစ်ဘေးရှောင် တစ်သိန်းကျော်အထိရှိလာ နေပြီဖြစ်ပေမယ့် နေရပ်မပြန်နိုင်သေးဘဲ စစ်ဘေးရှောင်စခန်းတွေမှာခိုလှုံနေကြတဲ့ စစ်ဘေးရှောင်ဦးရေဟာလည်း ကိုးသောင်းကျော်အထိ ရှိနေသေးပါတယ်။

ကျန်ရှိနေသေးတဲ့ စစ်ဘေးရှောင်ကိုးသောင်းကျော်ဟာလည်း ဒုက္ခသည်စခန်းတွေထဲမှာ အနေအထိုင်အစားအသောက် ဆင်းရဲကျပ်တည်းစွာနဲ့ ဆက်လက်နေထိုင်ရမယ့်အစား မိမိတို့ရဲ့ဒေသတွေဆီပြန်သွားပြီး ဖြစ်သလိုလုပ်ကိုင်စားသောက် နေထိုင်မယ်ဆိုတဲ့လမ်းကို ရှေ့ကသွားသူတွေနည်းတူ ရွေးချယ်လာနိုင်ပါတယ်။

ကျောက်တော်မြို့နယ်အတွင်းက နေအိမ် ၂၀၀ ခန့် မီးရှို့ခံရပြီး ရွာလုံးကျွတ်စစ်ဘေးရှောင်နေကြရတဲ့ တင်းမကျေးရွာသား တွေဟာလည်း လာမယ့်အောက်တိုဘာလထဲမှာ မိမိတို့အစီအစဉ်နဲ့နေရပ်ပြန်ကြဖို့ ပြောဆိုထားပါတယ်။ တင်းမကျေးရွာသားတွေ နေရပ်ပြန်နိုင်ဖို့အတွက် မိုင်းရှင်းလင်းရေးနဲ့ နေအိမ်တွေပြန်လည်တည်ဆောက်ပေးဖို့အတွက် စစ်ကောင်စီကို အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမယ့် လက်ရှိအချိန်ထိတော့ တောင်းဆိုတာတွေ ဖြစ်မလာသေးပါဘူး။

စစ်ဘေးရှောင်တွေ နေရပ်ပြန်ရေးနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ဆောင်ရွက်ပေးမှုတွေဟာ ဒီနေ့အထိ ထူးခြားမလာ သေးတဲ့အပေါ် တင်းမကျေးရွာသားတွေက မေးခွန်းထုတ်နေကြပါတယ်။

“ကျွန်တော်တို့ကတော့ ကိုယ့်ရပ်ကိုယ့်မြေကိုတော့ပြန်ချင်ပါတယ်။ ဒီလိုစစ်ဘေးရှောင်ဘဝမှာ ကြပ်ကြပ်တည်းတည်းနဲ့ အခက်အခဲပေါင်းများစွာကိုရင်ဆိုင်ပြီးတော့ ကျွန်တော်တို့မနေချင်တော့ဘူး။ တောရွာတောဓလေ့တွေနဲ့ ကောင်းကောင်း မွန်မွန်ပဲ လုပ်ကိုင်စားသောက်ချင်တယ်။ ဒီမှာက ကျွန်တော်တို့ ရေရှည်နေရမယ့် အခက်အခဲ့တွေကမလွယ်ဘူး” လို့ တင်းမကျေးရွာသား ဦးစောသိန်းက ပြောပါတယ်။

ရခိုင်မှာ လက်ရှိတိုက်ပွဲတွေရပ်တန့်နေတာဟာ မြန်မာစစ်တပ်နဲ့ အေအေတို့အကြား ခိုင်မာတဲ့စာချုပ်တွေနဲ့ ရပ်တန့်နေတာ မဟုတ်ဘဲ နှစ်ဖက်သဘောတူညီချက်နဲ့ ရပ်တန့်နေတဲ့အနေအထားသာဖြစ်ပါတယ်။ ဒါကြောင့် ရခိုင်ပြည်မှာ တိုက်ပွဲတွေ တကျော့ပြန်ဖြစ်လာမှာကိုလည်း နေရပ်ပြန်သွားကြတဲ့စစ်ဘေးရှောင်တွေရော၊ နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်တွေကပါ စိုးရိမ်မှုရှိကြပါတယ်။ လက်နက်ကြီးသံ၊ သေနတ်သံတွေကြားထဲက အသက်လုပြီး သူတို့နောက်ထပ်တစ်ခေါက် မပြေးချင်ကြတော့ပါဘူး။

စစ်ဘေးရှောင်တွေ မိမိရပ်ရွာမှာ စိတ်အေးချမ်းစွာနဲ့ လုပ်ကိုင်စားသောက်နိုင်ဖို့အတွက် နှစ်ဖက်သေနတ်သံတွေ မထွက်ပေါ်လာဖို့အရေးကြီးတယ်လို့ မြေပုံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ဆိုပါတယ်။

“တိုက်ပွဲတွေဖြစ်လား၊ မဖြစ်လား အဲဒီအပေါ်မှာမူတည်သလို သူတို့ရဲ့စားဝတ်နေရေးအတွက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းခွင်တွေက စိတ်မချရတဲ့အခြေအနေကြောင်းနဲ့လည်းဆိုင်တယ်။ အဲဒီလိုအခြေအနေအေးချမ်းဖို့ဆိုရင်တော့ ငြိမ်းချမ်းရေးတစ်ခုကို အစိုးရနဲ့ အေအေတပ်တော်ကြားမှာ သဘောတူညီချက်ရယူမှ နိုင်ငံရေးအရ အဆင်ပြေမှသာလျှင် စစ်ဘေးရှောင်တွေအတွက် လုံးဝယုံကြည်စိတ်ချရမယ့်အခြေအနေမျိုးပြန်ဖြစ်လာပြီးတော့ ပြန်သွားကြဖို့ စိတ်ကူးတွေရှိလာမယ်လို့ယူဆတယ်” လို့ ဦးဖေသန်းကပြောပါတယ်။

နေရပ်ပြန်သွားကြတဲ့ စစ်ဘေးရှောင်တွေကတော့ မိမိတို့နေအိမ်နဲ့ ကျေးရွာတွေကိုပြန်လည်တည်ဆောက်ပြီး စားဝတ်နေရေး နလန်ထူနိုင်ဖို့အတွက် ရုန်းကန်နေကြရမှာအမှန်ပါပဲ။ ဒါပေမယ့် စစ်တလင်းပြင်ဖြစ်ခဲ့တဲ့ဒေသတွေမှာ မိုင်းနဲ့ စစ်ကျန် လက်နက်တွေရဲ့အန္တရာယ်ကလည်း လက်တကမ်းမှာ ရှိနေနိုင်ပါတယ်။

ကျေးလက်တောရွာတွေမှာနေထိုင်ကြသူတွေအနေနဲ့ အခုနှစ်မှာ စပါးမစိုက်ပျိုးနိုင်တဲ့တာကြောင့် ဝမ်းစာသိုလှောင်ထားမယ့် စပါးလည်းမရှိသလို လယ်ယာလုပ်ငန်း၊ တောင်ယာလုပ်ငန်းတွေကို ပြန်လည်စတင်နိုင်ဖို့အတွက်လည်း အကူအညီတွေ များစွာလိုအပ်နေပါသေးတယ်။

နေရပ်ပြန်သွားကြတဲ့ စစ်ဘေးရှောင်တွေရဲ့ဘဝ ပြန်လည်ထူထောင်နိုင်ဖို့အတွက် နဂိုအနေအထားအတိုင်း ပြန်မရောက်နိုင်ရင်တောင် နေထိုင်စားသောက်ရေးအဆင်ပြေစေဖို့အတွက် ရှေ့ဆက်ရမယ့်ခရီးဟာ ရင်မောစရာတွေနဲ့ပါပဲ။

အောင်ထိန်ရေးသားသည်။

ဗီဒီယိုများ