ပြည်သူများအတွက် ရှေ့ဆက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လွတ်မြောက်လာသည့် ရခိုင်ကျောင်းသားများပြော

ပြည်သူများ၏လိုအပ်ချက်ကို ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့မှုကြောင့် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရခြင်းမှ ပြန်လည်လွတ်မြောက်လာသော ရခိုင်ကကျောင်းသားလေးဦးတို့က ပြည်သူများအတွက် ရှေ့ဆက်ဆောင်ရွက်သွားမည်ဟု ပြောဆိုကြသည်။

11 Mar 2022

DMG ၊ မတ် ၁၁

ပြည်သူများ၏လိုအပ်ချက်ကို ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့မှုကြောင့် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရခြင်းမှ ပြန်လည်လွတ်မြောက်လာသော ရခိုင်ကကျောင်းသားလေးဦးတို့က ပြည်သူများအတွက် ရှေ့ဆက်ဆောင်ရွက်သွားမည်ဟု ပြောဆိုကြသည်။

ရခိုင်ကျောင်းသားလေးဦးတို့မှာ ချုပ်ရက်စေ့သွားသဖြင့် ယနေ့မတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းအချိန်တွင် စစ်တွေအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်ဟု လွတ်မြောက်လာသည့် (စစ်တွေကွန်ပျုတာတက္ကသိုလ် ပြန်ကြားရေးတာဝန်ခံ) ကိုဦးသန်းနိုင်ကပြောသည်။

“ကျနော်တို့လွတ်မယ့်ရက်က မတ်လ ၁၃ ရက်နေ့ဖြစ်တယ်။ ဒါပေမယ့် အဲဒီနေ့က တနင်္ဂနွေနေ့ဖြစ်နေတဲ့အတွက် ဒီနေ့ ၁၁ ရက်နေ့မှာ စောပြီးတော့လွတ်လိုက်တာဖြစ်တယ်။ ကျနော်တို့ပြန်လွတ်လာတဲ့အတွက် အများကြီးဝမ်းသာတယ်။ ကျနော်တို့ကို ဝန်းရံပေးတဲ့ ကျောင်းသူ၊သားတွေ၊ ပြည်သူတွေကိုလည်း အထူး ကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်”ဟု သူကပြောသည်။

ပြန်လည်လွတ်မြောက်လာသူများမှာ ရခိုင်ပြည်ကျောင်းသားသမဂ္ဂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေး၊ စစ်တွေကွန်ပျူတာတက္ကသိုလ်မှ ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်၊ ကျောင်းသားများသမဂ္ဂ(ကျောက်ဖြူပညာရေးကောလိပ်) တွဲဖက်အတွင်းရေးမှူး ကိုမြတ်စိုးဝင်း၊ ရခိုင်ကျောင်းသားများသမဂ္ဂတက္ကသိုလ်များ(ရန်ကုန်)မှ အဖွဲ့ဝင် ကိုကောင်းထွန်းတို့ဖြစ်ကြသည်။

၎င်းတို့လေးဦးမှာ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့က ရခိုင်ပြည်တွင် အင်တာနက်ပြန်လည်ဖွင့်ပေးရန်နှင့် စစ်တပ်နှင့် အစိုးရကိုအလိုမရှိဟု ဆန္ဒဖော်ထုတ်ခဲ့မှုကြောင့် နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ-၅၀၅(ခ)၊ ဘေးစီမံဥပဒေပုဒ်မ-၂၉ တို့ဖြင့် တရားစွဲဆိုခံရပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံခဲံရသည်။

ပြည်သူများ၏လိုအပ်ချက်ကို ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့၍ နှစ်ရှည်ထောင်ဒဏ်များချမှတ်ခြင်းမှာ လက်ခံနိုင်စရာမရှိကြောင်း မိသားစုဝင်များနှင့် ကျောင်းသားသမဂ္ဂတို့မှ တုံ့ပြန်ခဲ့ကြသည်။

ယခုကဲ့သို့ ပြည်သူများအတွက် မားမားမတ်မတ်ရပ်တည်ပြီး လုပ်ဆောင်နိုင်ခဲ့သည့်အပေါ် ဂုဏ်ယူမိကြောင်း ပြန်လည်လွတ်မြောက်လာသည့် ကိုကျော်နိုင်ဌေးကပြောသည်။

“ဒါဟာ ကျနော်တို့ပြည်သူတွေအတွက် ပေးဆပ်ရတဲ့အတွက် ကျေနပ်တယ်။ ပြည်သူတွေအတွက် မားမားမတ်မတ်ရပ်တည်ပြီး လုပ်ဆောင်ခဲ့တဲ့အပေါ်မှာ ကျနော်တို့ကို ကျနော်တို့ဂုဏ်ယူတယ်။ဝမ်းလည်းဝမ်းသာပါတယ်”ဟု ၎င်းကပြောသည်။

ဆန္ဒဖော်ထုတ်မှုကြောင့် တစ်နှစ်နီးပါး အမှုရင်ဆိုင်ခဲ့ရသည့် ရခိုင်ကျောင်းသားလေးဦးကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် စစ်တွေမြို့နယ်တရားရုံးမှ ထောင်ဒဏ်(၂)နှစ်နှင့် ခြောက်လချမှတ်လိုက်သည်။ ပုဒ်မ-၅၀၅(ခ)ဖြင့် ထောင်ဒဏ်(၂)နှစ်၊ ဘေး/စီ/မံဥပဒေပုဒ်မ-၂၉ ဖြင့် ထောင်ဒဏ်ခြောက်လစီ သီးခြားကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်တစ်ခုအပေါ် ကျောင်းသားလေးဦးအား အမှုနှစ်ခုဖြင့်တရားစွဲပြီး အမြင့်ဆုံးပြစ်ဒဏ်ချမှတ်ခြင်းမှာ ဥပဒေနှင့်မညီညွတ်ဟု ဆိုကာ စစ်တွေခရိုင်တရားရုံးသို့အယူခံတက်ရောက်ခဲ့သည်။ ခရိုင်တရားရုံးမှ အမှုကိုလက်ခံကြားနာခြင်းမရှိဘဲ ပလပ်လိုက်သည့်အတွက် ထပ်မံ၍ ပြည်နယ်တရားလွှတ်တော်သို့ ပြင်ဆင်မှု တက်ရောက်ခဲ့သည်။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ပြည်နယ်တရားလွှတ်တော်မှ အပြီးသတ်အမိန့်ချရာတွင် ကျောင်းသားလေးဦးအား ပြစ်ဒဏ်တစ်နှစ်လျော့ချလိုက်သည်။

ထို့ကြောင့် ရခိုင်ကျောင်းသားလေးဦးမှာ ယနေ့မတ်လ ၁၁ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။ လွတ်မြောက်လာသည့် ကိုကျော်နိုင်ဌေးက ရခိုင်ပြည်သူများအတွက် ရှေ့ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။

“လက်ရှိနိုင်ငံရေးအခြေအနေကြောင့် ရခိုင်ပြည်ကျောင်းသားသမဂ္ဂကို ပြန်လည်ဖွဲ့စည်းပြီး ကိုယ့်အင်အားကိုတည်ဆောက်သွားမယ်။ ရှေ့ဆက်ပြီး ရခိုင်ပြည်သူတွေနဲ့ ရခိုင်ကျောင်းသူ၊သားတွေအတွက် ဘယ်လောက်ထိလုပ်ဆောင်နိုင်မလဲ။ ဒီအပေါ်မှာ ပြန်ပြီးတော့ ကျောင်းသား၊သူတွေနဲ့ညှိနှိုင်းပြီး ရှေ့ဆက်ဆောင်ရွက်သွားမယ်လို့ ရည်မှန်းထားပါတယ်”ဟု သူကပြောသည်။

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေချိန်တွင် အင်တာနက်ကို အချိန်ကြာမြင့်စွာဖြတ်တောက်ထားမှုကို ကန့်ကွက်ဆန္ဒပြသည့်အတွက် (ဗကသ)ကျောင်းသား ၂၁ ဦးမှာ နိုင်ငံတော်အကြည်အညိုပျက်စေပုဒ်မ- ၅၀၅(က)၊ (ခ) စသည့်ပုဒ်မများဖြင့် တရားစွဲခံရပြီး ထောင်ဒဏ်ချမှတ်ခံခဲ့ရသည်။

လက်ရှိတွင် ထောင်ဒဏ်ချမှတ်ခံရသည့် ဗကသအဖွဲ့ချုပ်မှ ကျောင်းသား(၁၇)ဦးမှာ ပြန်လည်လွတ်မြောက်လာပြီဖြစ်သော်လည်း ကိုနေရဲစိုး၊ ကိုဘုန်းမြင့်ကျော်၊ ကိုစိုးလှနိုင်နှင့် ကိုကျော်သီဟရဲကျော်တို့မှာ နှစ်ရှည်ထောင်ဒဏ်အသီးသီးချမှတ်ခံထားရဆဲဖြစ်သည်။

ဗီဒီယိုများ