ယူနက်စကိုမျှော်ရင်း အပျက်အစီးနှင့်အဖျက်အဆီး များလာနေသော မြောက်ဦးရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသ

စင်စစ်တွင် ရှေးဟောင်း အမွေအ နှစ်တစ်ခုကို ပြုပြင်ထိန်းသိမ်းတော့မည်ဆိုပါက (၁)စစ်မှန်သောမူလပုံသဏ္ဍာန်(Authenticity and Design )ကို မထိခိုက်စေရန်လည်းကောင်း၊ ရှေးယခင်ကအသုံးပြုခဲ့သောပစ္စည်းများ(Materials)ကို တတ်နိုင်သမျှအသုံး ပြုခြင်းသည်လည်းကောင်း၊ ရှေးကအသုံးပြုခဲ့သည့်ဖန်တီးတည်ဆောက်မှုအတတ်ပညာ(Quality Control) ကိုအနီးစပ်ဆုံးတူနိုင်ရန်လည်းကောင်း၊ ကျွမ်းကျင်လုပ်သားများကိုသာအသုံးပြုခြင်း ( Workmanship ) သည်လည်း ကောင်း များစွာအရေးကြီးပါသည်။

By ဇော်ထွန်း (မြောက်ဦး) 22 Sep 2021

 

DMG ၊ စက်တင်ဘာ ၂၂

(ဆောင်းပါး/Culture Article)

မြောက်ဦးမြို့တော်သည် ကုလားတန်မြစ်နှင့် လေးမြို့မြစ်ကြား တောင်တန်းတောင်ကုန်းလေးများ၏ အလယ်တွင်တည်ရှိပြီး မင်းဆက်ပေါင်းလေးဆယ်ကျော်အုပ်စိုးခဲ့သည့် ရှေးဟောင်းမင်းနေပြည်တော် တစ်ခုဖြစ်ခဲ့သည်။ ရခိုင်လူမျိုးတို့အတွက် အလေးအမြတ်အထားရဆုံးဖြစ်ခဲ့သော မြို့တော်ဖြစ်ပြီးမြန်မာနိုင်ငံတွင် နန်းသက်အရှည်ကြာဆုံးသော ရှေးဟောင်းမြို့တော်တစ်ခုလည်း ဖြစ်ခဲ့သည်။

အဆောက်အဦးအများစုကိုကျောက်ဖြင့်တည်ဆောက်ခဲ့ကြသဖြင့် ယနေ့အချိန်တွင် မြောက်ဦးဟုဆိုလျင် ရေညှိတလိပ်လိပ်တက်နေသောကျောက်တုံးအိုအို တို့ကို ပြေးမြင်မိကြပေလိမ့်မည်။

မြောက်ဦးမြို့တော်သည် ဗမာမြို့ဝန်ခေတ်၊ အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ် အစရှိသောခေတ်အဆက်တို့ ကိုခါးသီးစွာ ဖြတ်ကျော်လာခဲ့ရပြီး မြန်မာနိုင်ငံ၏ အပစ်ပယ်ခံ အိမ်နိမ့်စံဘဝဖြင့် နှစ်ပေါင်း ၂၃၇ နှစ် ၊ စုစုပေါင်း နှစ် ၆၀၀ နီးနီးထိအောင် သက်တမ်းရှည်ကြာလာခဲ့ပြီဖြစ်သည်။အတိအကျဆိုရလျင် ၅၉၁ နှစ်ထိ ရှည်ကြာခဲ့ပြီ ဖြစ်ပါသည်။ မြို့တော်၏ပင်မနေရာဖြစ်သော နန်းတော်ရာကုန်းထက်တွင် အုပ်ချုပ်သူ အဆက်ဆက်တို့က ရုံး၊ အိမ်ရာနှင့်တကွ အိမ်သာများပါ အသီးသီးဆောက်လုပ်နေထိုင်ခဲ့ကြဖူးသည်။ နန်း တော်ရာဒုတိယအဆင့်တွင်ပင် အဝေးပြေးကားဂိတ်ကြီးတည်ဆောက်ခဲ့သဖြင့် နန်းတော်ရာသည် အမှိုက်သရိုက်ဆိုးများနှင့် တကွ သေးနှံ့လှိုင်လှိုင် ချေးနှံ့အိုင်အိုင်ဖြင့် မြင်မကောင်းကြားမကောင်းအောင် ရှိခဲ့ဖူးသည်။

တံတိုင်းတချို့ လမ်းခင်းစရာကျောက်သားများအဖြစ် အသွင်ပြောင်း၊ ကျုံးမြောင်းတချို့ လူနေအိမ်ရာ ပုံစံ ယူ၊ စေတီတချို့တူးဖော်ထုခွဲရောင်းချစရာရွှေတွင်းငွေတွင်းကြီးသဖွယ်ဖြစ်နှင့် လောကဓံ၏ ပြင်းထန်သော လှိုင်း လေကြမ်းကြမ်းကြီးများကြားတွင် ဟိုပုန်းသည်လျှိုးဖြင့် မသေရုံတမယ်အသက်ရှင်သန်နေရသောမြို့မှာ ရခိုင်လူ မျိူးတို့၏ နောက်ဆုံးမင်းဆက်တို့ ထီးနန်းစိုက်ခဲ့ရာမြောက်ဦးမြို့တော်ကြီးပင်ဖြစ်ပါသည်။

၂၀၁၂ ခုနှစ်အတွင်း ရခိုင်ဒေသကိုဦးတည်လှုပ်ခတ်ခဲ့သော မူဆလင်ငလျင်လှိုင်းနောက်ပိုင်းတွင် ကော်ဖီအာနန်ဦးဆောင်သော အကြံပေးကော်မရှင်ပေါ်ပေါက်လာခဲ့သည်။ ထိုကော်မရှင်၏ အကြံပြု ချက်များ ထဲတွင် မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်အား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရေးဆောင်ရွက်ပေးရန်လည်း ပါလာခဲ့ရာ မြောက်ဦးအမွေအနှစ်ဒေသသည် ကွယ်ဝှက်တိတ်ဆိတ်အသံတိတ်နေခဲ့ရာမှ လူအများ၏ အာရုံ စိုက်စရာဒေသစာရင်းတွင် အမှတ်မထင်ပါဝင်လာခဲ့ရတော့သည်။ ကော်ဖီအာနန်ကို အကြံပြုထောက်ပြပေးခဲ့ကြ သော ရခိုင်မျိုးချစ်ပြည်ချစ်ပုဂ္ဂိုလ်ကြီးများနှင့် ထည့်သွင်းဖော်ပြအကြံပြုပေးခဲ့သော ကွယ်လွန်လေပြီးဖြစ်သူ ကု လ သမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကော်ဖီအာနန်တို့မှာ ကျေးဇူးတင်စရာကောင်းလှပါသည်။

ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ခြင်းဆိုသည်မှာ အမွေအနှစ်တစ်ခုသည် အများနှင့်မတူတစ်မူထူးခြားသော လက္ခဏာရှိသည့်တန်ဖိုး (Outstanding Universal Value) အား ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ် ကျေးမှုဆိုင်ရာအဖွဲ့အစည်း (UNESCO) က ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် အတည်ပြုသတ်မှတ်ကာ ကမ္ဘာတစ်ခုလုံးအနေဖြင့် ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြစ်သည်ဟု အလွယ်နားလည်ခေါ်ဆိုနိုင်မည်ဖြစ်သည်။ ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်သွားခဲ့လျင် -

(၁) ထိုယဉ်ကျေးမှုအမွေအနှစ်များကို သက်ဆိုင်ရာလူမျိုးကသာမက တစ်ကမ္ဘာလုံးကပါ ထိန်းသိမ်းရန် တာဝန်ရှိ သွားသည်။  
(၂) ရှေးဟောင်းအမွေအနှစ်များကို စနစ်တကျထိန်းသိမ်းနိူင်ရန် နည်းပညာအကူအညီရနိုင်မည်။
(၃) အမွေအနှစ်များကိုထိန်းသိမ်းရန် လိုအပ်သောပစ္စည်းများနှင့် ငွေကြေးအထောက်အပံ့ရနိုင်မည်။
(၃) အမွေအနှစ်ကိုအခြေခံသော ခရီးသွားလုပ်ငန်းများ တိုးတက်လာမည်။
(၄) ရှေးဟောင်းအမွေအနှစ်နှင့် ခရီးသွားလုပ်ငန်းကိုအခြေခံသော သင်တန်းကျောင်းများ ပေါ် ပေါက်လာမည်။        ဧည့်လမ်းညွှန်ကျောင်း၊ ကျောက်ဆစ်နည်းပညာကျောင်း၊ အခြားသော ယဉ်ကျေးမှုအမွေအနှစ်အတွက် အထောက်အပံ့ဖြစ်စေနိုင်သောကျောင်းစသည်)
(၅) ရခိုင်လူမျိုးများ၏ ထောင်ချီဖြတ်သန်းလာခဲ့သော သမိုင်းကို ကမ္ဘာ့သို့အလွယ်တကူချပြခွင့်ရမည်။ သီးခြားတင်ပြနေစရာမလိုတော့ဘဲ အွန်လိုင်းပေါ်မာ လက်ညှိုးကလေးထောက်လိုက်သည်နှင့် ရခိုင်တို့၏ ကိုယ်ပိုင်အမျိုးသားရေးလက္ခဏာ နှင့် နှစ်ထောင်ချီသမိုင်းကြောင်းများကို လူတိုင်းအလွယ်တကူ သိရှိနိုင် မည်ဖြစ်သည်။

မြောက်ဦးဒေသတွင် “ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်” ဟူသော စကားလုံးနှင့်အတူ “ဖွံ့ဖြိုးတိုးတက်ရေး” ဟူသော စကားလုံးလည်း တွင်ကျယ်လာခဲ့သည်။ အကောင်းနှင့်အဆိုးတို့ ဒွန်တွဲနေတတ်သော လောကဓမ္မတာ သဘောအရအားရဝမ်းသာစရာတို့နှင့်အတူ စိတ်ပျက်ညည်းညူးဖွယ်ရာတို့ကလည်းကျွဲကူးရေပါဆိုသလိုပါလာခဲ့ ခြင်းဖြစ်သည်။

အားသာချက်များအနည်ဖြင့် မြောက်ဦးမြို့၏ ပြိုင်ဘက်ကင်းသောရှေးဟောင်းအမွေအနှစ်များအကြောင်း သတင်းစာ၊ဂျာနယ်များတွင်ရေးသားဖော်ပြလာခဲ့ကြသည်။ စကားဝိုင်းများတွင် ထည့်သွင်းဆွေးနွေးလာခဲ့ကြ သည်။လူမှုမီဒီယာများပေါ်တွင ်ခါတိုင်းနှင့်မတူအောင်ရေးသားပြောဆိုဆွေးနွေးလာခဲ့ကြသည်။၂၀၁၅ခုနှစ်ရွေး ကောက်ပွဲနှင့်အတူတက်လာသော ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့်အစိုးရ၏ မြောက်ဦးအမွေအနှစ်ယဉ် ကျေးမှုဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းရေးစီမံကိန်းနှင့် လက်တွေ့ကျသောလှုပ်ရှားမှုများကိုပါ မျက်ဝါးထင်ထင်တွေ့မြင်လာခဲ့ရတော့သည်။ ဤအရာများက အိမ့်နိမ့်စံဘဝဖြင့် မှေးမှိန်နေသော မြောက်ဦးဒေသအား အိမ့်ရှေ့စံဖြစ်စေသောအရွေ့အပြောင်းကြီးတစ်ခုသို့တွန်းပို့ပေးနေသော ပဏာမခြေလှမ်း များဖြစ် ခဲ့သည်ဟုဆိုရမည်ဖြစ်ပေသည်။

သို့သော်လည်း အခြားတစ်ဖက်တွင် တဖြည်းဖြည်းတိုးတက်လာနေသောလူဦးရေနှင့်အတူ အိမ်၊ လမ်း၊ တံတား၊ ဆေးရုံ၊ စာသင်ကျောင် းအစရှိသောအခြေခံအဆောက်အအုံများအများအပြားတိုးတက်လာခဲ့သဖြင့် မြောက်ဦးအမွေအနှစ်ဒေသကို ပိုမိုထိခိုက်လာခဲ့ရပြန်သည်။ ရှေးဟောင်းအမွေအနှစ်ကာကွယ်ရေးဥပဒေကို လက်တွေ့အကောင်အထည်ဖော်မှုအလွန်အားနည်းခြင်းနှင့်အတူ အိမ်ကျူး၊ဆိုင်ကျုးများအဆမတန်များပြား လာခဲ့သည်။ ရှေးဟောင်းအမွေအနှစ်များနှင့်ဖီလာဆန့်ကျင်ဖြစ်သော ခေတ်သစ်အဆောက်အဦးများတစ်နေ့ တစ်ခြားတိုးပွားလာနေခဲ့ပြန်သည်။ငွေရှင်ကြေးရှင်ဓနရှင်များက မြေကွက်များအပြိုင်အဆိုင်ဝယ်ယူရင်းနှီးမြှုပ်နံ ကာ ဈေးကစားလာကြသည်။

ဒေသခံမဟုတ်သူငွေရှင်များသည်ပင် မြေအများအပြားကိုတိတ်တဆိတ်ဝယ်ယူ ကာ ဟိုတယ်ကြီးများဆောက်လုပ်ရန် အပြိုင်အဆိုင်ပြင်ဆင်လာကြသည် ။အနာဂတ်တွင် တိုးတက်ဖြစ်ထွန်း လာနိုင်သော ခရီးသွားလုပ်ငန်းနှင့်ဆိုင်သည့်စီမံကိန်းများကို သူ့ထက်ငါအလျင်ပြင်ဆင်လာနေခဲ့ကြသည်။ ဗုဒ္ဓသာသနိကအဆောက်အအုံများ၏အနီးအနားတွင်ပင် ကာရာအိုကေဆိုင်(KTV)များကို ရဲရဲတင်းတင်း ဆောက်လုပ်ခွင့်ရလာနေကြရသည်မှာ မြောက်ဦးအမွေအနှစ်ယဉ်ကျေးမှုဒေသအတွက် ရင်လေးစရာကောင်း လှပါသည်။လက်ရှိအချိန်တွင် မြောက်ဦးဒေသရှိယဉ်ကျေးမှုအမွေအနှစ်များသည် ပြုပြင်ထိန်းသိန်းရေး လုပ်ငန်း စဉ်အလွဲများကြောင့်လည်း ထိခိုက်မှုရှိနေသည်ဟုဆိုရမည်ဖြစ်ပေသည်။

စင်စစ်တွင် ရှေးဟောင်း အမွေအ နှစ်တစ်ခုကို ပြုပြင်ထိန်းသိမ်းတော့မည်ဆိုပါက (၁)စစ်မှန်သောမူလပုံသဏ္ဍာန်(Authenticity and Design )ကို မထိခိုက်စေရန်လည်းကောင်း၊ ရှေးယခင်ကအသုံးပြုခဲ့သောပစ္စည်းများ(Materials)ကို တတ်နိုင်သမျှအသုံး ပြုခြင်းသည်လည်းကောင်း၊ ရှေးကအသုံးပြုခဲ့သည့်ဖန်တီးတည်ဆောက်မှုအတတ်ပညာ(Quality Control) ကိုအနီးစပ်ဆုံးတူနိုင်ရန်လည်းကောင်း၊ ကျွမ်းကျင်လုပ်သားများကိုသာအသုံးပြုခြင်း ( Workmanship ) သည်လည်း ကောင်း များစွာအရေးကြီးပါသည်။ လက်တွေ့တွင်ကား ဖော်ပြပါစံနုန်းသတ်မှတ်ချက်များကို လုံးဝနီးပါးမလိုက်နာဘဲ  ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ပြုလုပ်နေကြသည်ဖြစ်ပေရာ ပြုပြင်ထိန်းသိမ်းယင်း ဖျက်မှန်းမသိဖျက်မိကာ ပျက်မှန်းမသိပျက်စီးလာနေသည့် အနည်အထားများကိုသာ ရင်လေးဖွယ်ရာ တွေ့မြင်နေရပါတော့သည်။

ဖွံ့ဖြိုးတိုးတက်ရေးသည် လူသားတိုင်း၏အိပ်မက်ဖြစ်သည့်အတွက် ဖွံ့ဖြိုးတိုးတက်ရေးရှေ့ပြေးလက္ခများကိုလည်း ကြိုဆိုကြရမည်မှာ မလွဲမသွေပင်ဖြစ်သည်။ သို့သော် မြောက်ဦးအမွေအနှစ်ဒေသကဲ့သို့ ရှေးဟောင်း အမွေအနှစ်ဇုံ၏ဖွံ ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် လုပ်ဆောင်ချက်များသည် အခြားသောဒေသများ၏ဖွံဖြိုးတိုးတက်မှုနှင့် လုံးဝမတူသင့်ပါပေ။

မြောက်ဦးဒေသသည် ရှေးဟောင်းရေအသုံးချမှုစနစ် (Ancient Hydrological System)၊ ရှေးဟောင်းခံတပ်တည်ဆောက်မှုစနစ် (Ancient Fortification System)၊ သဘာဝအမွအနှစ်များ   (Natural Heritages)၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ(Intangible Cultural Heritage)၊ ဒြပ်ရှိယဉ်ကျေး မှုအမွေအနှစ်များ (Tangible Cultural Heritages) စုစည်းရောနှောနေသည့်ဒေသဖြစ်သည့်အပြင် မတူးဖော်၊ မလေ့လာ၊ မဖော်ထုတ်ရသေးသော အမွေအနှစ်ပေါင်းများစွာတည်ရှိရာ ရှေးဟောင်းဒေသဖြစ်သည့်အတွက် တိကျခိုင်မာအားကောင်းသော မဟာဗျူဟာ၊ နည်းဗျူဟာများနှင့် ကျွမ်းကျင်ပညာရှင်များ၏ ယဉ်ကျေးမှုအမွေအနှစ်အပေါ် ထိခိုက်နိုင်မှုဆန်းစစ်ချက် (Cultural Hreitage Impact Assessments) များမရှိဘဲ လျင်မြန်သော ဖွံ့ ဖြိုးတိုးတက်မှုကိုသော်လည်းကောင်း၊ ကြီးမားသောဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများကိုသော်လည်းကောင်း ခွင့်မ ပြုသင့်သေးသော အရေးကြီးသည့်အမွေအနှစ်ဒေသတစ်ခုဖြစ်သည်။

မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ၏ နောက်ထပ်ကြီးမားသောစိန်ခေါ်မှုကြီးတစ်ခုမှာ ရခိုင်ပြည် နယ်တွင်းရှိ စစ်ဘေးအန္တာရာယ်ဖြစ်သည်။ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသများကို ရှေးဟောင်းအ ဆောက်အအုံများတည်ရှိရာဇုံ (Monument Zone)၊ ရှေးဟောင်းအမွေအနှစ်ဇုံ (Archeological Zone)၊ ထိန်း သိမ်းကာကွယ်ရေးဇုံ( Protection Zone) ၊ ထိန်းသိမ်းကာကွယ်ရေးဇုံနှင့်ကပ်လျက်တည်ရှိနေသောကြားခံဇုံ       (Buffer Zone) ဟူ၍ ဥပဒေကြောင်းအရခွဲခြားသတ်မှတ်ထားပေရာ ထိုဇုံများအတွင်း စစ်ဘေးဒဏ်ကျ ရောက်ခြင်းကိုသော်လည်းကောင်း၊ သဘာဝဘေးဒဏ်ကျရောက်ခြင်းကိုသော်လည်းကောင်း၊ ထိုဇုံများနှင့် မဆီလျော်သည့် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများကိုသော်လည်းကောင်း နိုင်ငံတော်အစိုးရအနေဖြင့် အထူးတာ ဝန်ယူကာထိန်းသိမ်းစောင့်ရှောက်ပေးရမည်ဖြစ်သည်။ ရှေးဟောင်းအမွေအနှစ်သည် လူတစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခု၏ ပယောဂကြောင့် ထိခိုက်ပျက်စီးမှုမရှိသင့်ပါ။ အကယ်၍ တစ်ဦးတစ်ယောက်ကြောင့် သော်လည်းကောင်း၊ အဖွဲ့အစည်းတစ်ခုကြောင့်သော်လည်းကောင်း ထိခိုက်ပျက်စီးခဲ့သည်ရှိပါက ၎င်းသည်   အမွေအနှစ်အပေါ်ကျူးလွန်သောရာဇဝတ်မှု (Heritage Crimes)ကို ကျူးလွန်ခြင်းဖြစ်သည်ဟု ဆိုရပေမည်။  (၂၀၁၈-၂၀၂၀)နှစ် နှစ်တာပြင်းထန်သော တိုက်ပွဲကာလအတွင်း မြန်မာ့တပ်မတော်အနေဖြင့် ရှေးဟောင်းဇုံများ အတွင်းတပ်ရင်းများ တိုးချဲ့အခြေချထားခဲ့ခြင်းနှင့် လက်နက်ကြီးစခန်းများထားကာ လက်နက်ကြီး ပစ်ခတ်မှု အကြိမ်ပေါင်းများစွာပြုလုပ်ခဲ့ခြင်းတို့ကြောင့် ကိုးသောင်းပုထိုးတော်တွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်ခဲ့ခြင်း၊ မြေထဲစေတီတွင်လက်နက်ကြီးထိမှန်ခြင်း၊ ရက္ခမုနိဘုရားကြီးတွင် လက်နက်ငယ်ကျည်ဆံ ထိမှန်ခဲ့ခြင်းတို့ကို မှတ်တမ်းတင်တွေ့ရှိခဲ့ရသည်။

ထို့အပြင် မြန်မာ့တပ်မတော် တပ်စွဲနေ ရာယူထားသော ရှေးဟောင်းငွေတောင်ခံတပ်တည်ရှိခဲ့ရာ ငွေတောင်စေတီတောင်ကုန်း၊ လေသာတောင်ခံတပ်နှင့် မြတောင်ခံတပ်တည်ရှိခဲ့ရာရွှေတောင်စေတီတောင်တန်း၊ ပန္နဲချောင်းစားခံတပ်နှင့်ဒတ်ချ် ကုန်တိုက်တို့ တည်ရှိခဲ့ရာ တောင်တန်းတို့တွင်လည်း ခံကတုတ်ကျင်းများ၊ ဆက်သွယ်ရေးတူးမြောင်းများ များစွာ တည်ဆောက်ထားရာ အမွေအနှစ်များအပေါ်တွင် များစွာထိခိုက်လျက်ရှိမည်မှာ အသေအချာပင်ဖြစ်သည်။ သို့သော် လုံခြံရေးအကြောင်းပြချက်ဖြင့် ရှေးဟောင်းအမွေအနှစ်ထိခိုက်ပျက်စီးမှုဆန်းစစ်ချက် (Heritages Impact Assessment) ကို မလုပ်နိုင်သဖြင့် မည်၍မည်မျှထိခိုက်ပျက်စီးလျက်ရှိမည်ကို တိကျစွာသိရှိနိုင်မည် မဟုတ်ပေ။

မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ရေရှည်တည်တံ့ရန်အတွက် အကောင်းဆုံးနည်းသည် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း( World Culture Heritage List ) ဝင်အောင်ဆောင်ရွက်ခြင်း ပင်ဖြစ်ပေမည်။ ယူနက်စကို၏ ကူညီစောင့်ရှောက်မှုအောက်ကို အမြန်ဆုံးရောက်မှသာလျင် လူတို့၏ ပယောဂကြောင့်ဖြစ်စေ၊ သဘာဝဘေးဒဏ်ကြောင့်ဖြစ်စေ၊ အိုမင်းရင့်ရော်၍ဖြစ်စေ ဖြစ်ပေါ်လာသော ထိခိုက်ယိုယွင်းပျက်စီးမှုများကို အကောင်းဆုံး ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်မည်ဖြစ်သည်။ သို့သော် ယူနက်စကို၏ အသိအမှတ်ပြုခြင်းကိုရရန်ကား ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်၏ အရည်အသွေး တစ်ခုတည်းဖြင့် ဖြစ်နိုင်သည်ကားမဟုတ်ပေ။ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်သည် မည်မျှ ပင်ရှေးကျစေကာမူ၊ ပြိုင်ဖက်ကင်းလောက်အောင်ထိ မည်မျှပင်ထူးခြားထင်ရှားနေစေကာမူ၊ အုပ်ချုပ်သူအစိုးရနှင့် ဒေသခံပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုမပါလျင် လုံးဝဖြစ်နိုင်စရာအကြောင်းမရှိပေ။

အုပ်ချုပ်သူ အစိုးရအနေဖြင့် ရှေးဟောင်းယဉ်ကျေးမှုဇုံကို တည်ငြိမ်အေးချမ်းအောင်ထားနိုင်ရမည့်အပြင် ရှေးဟောင်း နယ်မြေအတွင်း  စီမံခန့်ခွဲရေးလုပ်ငန်းများကောင်းမွန်စွာ ပြုလုပ်ခြင်း နှင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအ နှစ်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေကိုစိုးမိုးမှုရှိအောင် အကောင်အထည် ဖော်ဆောင်ပေးနိုင်ရမည်ဖြစ်သည်။ ထို့အပြင် တစ်နေ့တစ်ခြားတိုးပွားလာနေသော လူဦးရေ နှင့် ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကြောင့် အမွေအနှစ်အပေါ်တွင် ထိခိုက်မှုမရှိရလေအောင် မြို့သစ်စီမံကိန်းများကို စနှစ်တကျနှင့် အလျင်အမြန် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အလွန်အရေးကြီးပါသည်။ လက်ရှိအချိန်တွင်ကား ရှေးဟောင်း နယ်မြေကာကွယ်ထိန်းသိမ်းစောင့် ရှောက်ခြင်းနှင့် ပတ်သက်သော အစိုးရ၏ တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းမှာ အလွန့်အလွန်အားနည်းချက်ရှိသည်ဟု ဆိုရမည်ဖြစ်ပေသည်။

မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသ ယူနက်စကိုအသိအမှတ်ပြုရေးနှင့်ပတ်သက်၍ ဒေသခံပြည်သူများအနေဖြင့် မိမိတို့၏အမွေအနှစ်များအကြောင်း သိရှိအောင်ဆောင်ရွက်ထားခြင်း( Heritage Awareness ) ၊ အမွေအနှစ်ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများတွင် တက်တက်ကြွကြွပါဝင်ဆောင်ရွက်ခြင်း (Active Participation ) ၊ ရှေးဟောင်းအမွေအနှစ်ကာကွယ်စောင့်ရှေက်ရေး ဥပဒေကို လေးစားလိုက်နာခြင်း   ( Heritages Conservation Laws ) စသော ပူးပေါင်းပါဝင်ခြင်းမျိုးရှိသင့်ပါသည်။ ရှေးဟောင်း တံတိုင်းမြို့ရိုးနှင့် အမွေအနှစ်တည်ရှိရာ တောင်ကုန်းတောင်တန်းများကို ဖြိုချကာမြေတူးခြင်း၊ ကျုံးများနှင့် သမိုင်းဝင်နေရာများ တွင် ကျူးကျော်အိမ်နှင့်ဆိုင်ခန်းများဆောက်ခြင်း၊ ရှေးဟောင်းယဉ်ကျေးမှုဒေသနှင့် မလိုက်ဖက်မအပ်စပ်သည့် နေထိုင်စားသောက်မှုပုံစံဖြင့် ပြုမူနေထိုင်ခြင်း စသည်တို့ကို ရှောင်ရှားခြင်းဖြင့် မိမိတို့၏ အမွေအနှစ်များကို တန်ဖိုးထားမြတ်နိုးသူများဖြစ်ကြောင်း တိုက်ရိုက်နည်းဖြင့်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့်ဖြစ်စေ ကမ္ဘာသို့ချ ပြနိုင်ကြရမည်ဖြစ်သည်။ မိမိ၏ အမွေအနှစ်ကို ချစ်ခင်မြတ်နိုးတန်ဖိုးထားကြောင်းကို နှုတ်ကထုတ်ဖော်ရုံ၊ စာတွင်ထည့်ရေးရုံထက် လက်တွေ့တွင်လည်း အမှန်ချစ်မြတ်နိုးသူဖြစ်ကြောင်းကို မိမိတို့၏အပြုအမူများဖြင့် သက်သေပြကြရန် လိုအပ်ပါသည်။

မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုဒေသသည် အရှေ့တိုင်း ဗင်းနစ်မြို့ (သို့မဟုတ်) ဗင်းနစ်သည် အနောက်တိုင်း၏ မြောက်ဦးမြို့အဖြစ် ပညာရှင်များ၏ တင်စားခေါ်ဝေါ်နေကြရသည်အထိ ခမ်းနားထည်ဝါသည့် ဂုဏ်ယူဖွယ်ဒေသအဖြစ်တည်ရှိနေသေးသဖြင့် ယူနက်စကို၏ အဓိကစံနှုန်းဖြစ်သော တစ်မူထူးခြားသည့်တန်ဖိုး (Outstanding Universal Value) အတွက် စိတ်ချရသည့် အနေအထားတွင် ရှိနေသေးသည်။ လက်ရှိအချိန် တွင် မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဇုံအား ယူနက်စကိုဝင်ရောက်နိုင်ရေးအတွက် အဆိုပြုချက်   မူကြမ်းကို ပြင်သစ်နိုင်ငံပဲရစ်မြို့ရှိ  ကမ္ဘာ့ယူနက်စကိုကော်မတီသို့ တင်သွားထားပြီးဖြစ်ကြောင်း ကြားသိရသည်။ ၂၀၂၂ခုနှစ်၊ဇန်နဝါရီလအရောက်တွင် အချောသတ်အဆိုပြုလွှာကို တင်သွင်းနိုင်ခဲ့ပါက ကမ္ဘာ့ပညာရှင်များကိုယ်တိုင် မြောက်ဦးမြို့သို့လာရောက်ကွင်းဆင်း၍ အဆိုပြုလွှာပါအချက်များအား စစ်ဆေးအကဲဖြတ်ကြပေလိမ့်မည်။  ထို့နောက်တွင် ၂၀၂၃ ခုနှစ် ကျင်းပမည့် ယူနက်စကိုညီလာခံတွင် မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်အား ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြု၊ မပြု ဆုံးဖြတ်ကြပေလိမ့်မည်။

ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုနိုင်ရန်  တစ်မူထူးခြားသည့်တန်ဖိုး (Outstanding Universal Value) ကို ယဉ်ကျေးမှုအပေါ်အခြေခံသည့် အချက်(၆) ချက်နှင့် သဘာဝအပေါ်အခြေခံသည့် အချက်လေးချက်၊ စုစုပေါင်းအချက် (၁၀) ချက်ကို စံနှုန်းပြုကာရွေးချယ်သွားမည်ဖြစ်ပေသည်။ မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှု ဇုံသည်ကား ထိုအချက် (၁၀) ချက်လုံးနှင့် ကိုက်ညီနေသည့် အနေအထားတွင် အားကောင်းခိုင်မာစွာတည်ရှိ နေပါသေးသည်။ သို့သော် ယူနက်စကိုကို မျှော်နေရင်းတွင် ကာကွယ်ထိန်းသိမ်းမှု (Protection)၊ စီမံခန့်ခွဲမှု (Management)၊ နဂိုအတိုင်းတည်ရှိမှု (Authenticity) နှင့် အမွေအနှစ်များ၏ ခန်းနား ထည်ဝါမှု (Integrity Of Properties) တို့ကိုပါ ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်သွားကြရပေမည်။ ယူနက်စကို မျှော်နေရင်းနဲ့ ပို၍အိုဟောင်း၊ ပို၍ယိုယွင်း၊ အဖျက်အဆီးနှင့်အပျက်စီး ပိုများလာရသည့်အဖြစ်မျိုး မဖြစ်ပေါ် ကြရလေအောင် အားလုံးက မျက်ခြေမပြတ်စောင့်ကြည့်ကာ ထိန်းသိမ်းစောင့်ရှောက် ကာကွယ်သွားကြရ မည်ဖြစ်ပေသည်။

ဇော်ထွန်း (မြောက်ဦး)_ ရေးသားသည်။

ဗီဒီယိုများ