မြောက်ဦးမြို့မှ အင်တာနက်ရှာပုံတော်

ဝါး၏ထိပ်ဖျားပိုင်းတွင်မူ ဝိုင်ဖိုင် (Hotspot)လွှင့်ထားသော ဖုန်းတစ်လုံးကို ချိတ်ဆွဲထားသည်။ အမြင့်နေရာသို့ ရောက်ရှိသွားသည့်ဖုန်းဖြင့် အင်တာနက်လိုင်းကိုချိတ်မိစေပြီး ယင်းဖုန်းမှဝိုင်ဖိုင်ကို မြေပြင်မှဖုန်းဖြင့်ဖမ်းယူကာ အင်တာနက်သုံးစွဲကြသည်။

By နေဝင်းစံ 30 Dec 2020

နေဝင်းစံ | DMG

နေရာအနှံ့အပြားမှ ထိုးထိုးထောင်ထောင်ထွက်နေသော ဝါးလုံးများကြောင့် ရှေးဟောင်းအမွေအနှစ်များ တည်ရှိရာ မြောက်ဦးမြို့ကို ပုံစံသစ်တစ်မျိုးနှင့် တွေ့မြင်နေရသည်။ လက်တောင် ၃၀ ကျော်အရှည်ရှိမည့် ဝါးလုံးကို နှစ်လုံးဆက်ကာ အဆောက်အအုံအမြင့်၊ အပင်မြင့်နှင့် ကုန်းမြင့်နေရာတို့၌ စိုက်ထူထားကြလေသည်။

၂၀၁၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့က ရခိုင်ပြည်နယ်အတွင်းမှ မြောက်ဦးအပါအဝင် မြို့နယ်ရှစ်မြို့နယ်တွင် အစိုးရက ကြိုတင်အသိမပေးဘဲ အင်တာနက်လိုင်းများကို ဖြတ်တောက်ခဲ့သည်။ ယင်းနောက်တွင် မြောက်ဦးမြို့ အနှံ့ ဝါးလုံးများကို စိုက်ထူလာကြခြင်းဖြစ်သည်။

အင်တာနက်ဖြတ်တောက်ခံရမှုကြောင့် ရခိုင်ပြည်နယ်အတွင်းမှ လူဦးရေ ၆ သိန်းကျော်မှာ အင်တာနက် အသုံးပြုခွင့်ဆုံးရှုံးသွားခဲ့ကြောင်း ဒီဂျစ်တယ်အခွင့်အရေး လှုပ်ရှားဆောင်ရွက်နေသော အဖွဲ့အစည်းများက ဆိုကြသည်။

အင်တာနက်လိုင်းကို တောင့်တနေသူများထဲတွင် မြောက်ဦးမြို့နယ်၊ လက်ကောက်ဈေးရပ်ကွက်တွင် နေထိုင်သည့် မောင်ငြိမ်းမင်းလှိုင်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။ သူသည် ဆေးတက္ကသိုလ်များ (ရန်ကုန်)တွင် ဖောင်ဒေးရှင်းပညာသင်နှစ် တက်ရောက်နေသူဖြစ်သည်။

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကူးစက်ပြန့်နှံ့မှုကြောင့် မြန်မာနိုင်ငံအတွင်းမှ တက္ကသိုလ်၊ ကောလိပ်နှင့် စာသင်ကျောင်းများကို အစိုးရကပိတ်ထားခဲ့သည်။ ယင်းကြောင့် မောင်ငြိမ်းမင်းလှိုင်မှာ ၂၀၂၀ ပြည့်နှစ် မတ်လတွင် ရန်ကုန်မှ မိမိနေရပ်မြောက်ဦးမြို့သို့ ပြန်လာခဲ့သည်။

အင်တာနက်ကင်းမဲ့ဇုန်ထဲသို့ ရောက်ရှိလာသည့် မောင်ငြိမ်းမင်းလှိုင်သည် ဇွန်လအတွင်းမှစ၍ အခက်အခဲ ကြုံတွေ့လာရတော့သည်။ ကျောင်းသင်ခန်းစာများကို အွန်လိုင်းမှတစ်ဆင့် သင်ကြားပို့ချလျက်ရှိရာ မောင်ငြိမ်းမင်းလှိုင်မှာ အင်တာနက်မရရှိသဖြင့် အခြားကျောင်းသားများကဲ့သို့ ပညာသင်ကြားခွင့်မရရှိဘဲ ဖြစ်နေသည်။

ယခုပို့ချပေးနေသည့် သင်ခန်းစာများကို မသင်ကြားရပါက “ကျနော်ဆရာဝန်ဖြစ်လာတဲ့အခါ အခက်အခဲတွေ ရှိလာနိုင်တယ်” ဟု မောင်ငြိမ်းမင်းလှိုင်က ပြောသည်။

အကယ်၍ အွန်လိုင်းသင်ခန်းစာကို တက်ရောက်မည်ဆိုပါက အခြားသူများနည်းတူ မြို့အနီးဝန်းကျင်ရှိ တောင်ပေါ်နေရာများသို့ သွားရောက်ကာ အင်တာနက်သုံးစွဲရပေသည်။
မြောက်ဦးအပါအဝင် ရခိုင်က မြို့နယ်ရှစ်မြို့နယ်အား အင်တာနက်ဖြတ်တောက်လိုက်သည့်နောက်တွင် မြောက်ဦးဒေသခံများမှာ အင်တာနက်အသုံးပြုနိုင်ရန် စတင်စဉ်းစားခဲ့ကြကြောင်း ပြောသည်။

ပထမတွင် စစ်တွေမြို့နယ်နှင့် ပေါက်တောမြို့နယ်တို့၌ အင်တာနက်လိုင်းများရရှိကြသဖြင့် အဆိုပါမြို့နယ်များမှ အင်တာနက်လိုင်းများကို ဖမ်းယူရရှိနိုင်မည့် တောင်ပေါ်နေရာများသို့ တက်ရောက်ကာ စမ်းသပ်သုံးစွဲခဲ့ကြသည်။

မြောက်ဦးဒေသခံများမှာ တောင်ပေါ်တက်၍ အင်တာနက် သုံးစွဲနေကြရဆဲဖြစ်သည်။

မြောက်ဦးမြို့အနီးရှိ ဘုရားသုံးဆူတောင်တွင် အင်တာနက်ဖမ်းယူရရှိသဖြင့် တောင်ပေါ်တက်၍ အင်တာနက် သုံးစွဲခဲ့ရသည်။ ယင်းနောက် အနီးဝန်းကျင်ရှိ ဆန်ဝင်တောင်၊ ခြင်္သေ့နှစ်ကောင်တောင်၊ မုတ်ဆိပ်တောင်၊ မြို့ဦးခေါင်းတောင်တို့တွင်လည်း စမ်းသပ်သုံးစွဲကြရာ အင်တာနက်လိုင်းအနည်းငယ်မိသည်။ ယင်းကြောင့် မြောက်ဦးဒေသခံများ၏ အင်တာနက်အသုံးပြုမည့်နေရာမှာ တောင်ပေါ်နေရာများ ဖြစ်လာတော့သည်။

သို့သော် မြောက်ဦးမြို့နယ်သည် တိုက်ပွဲဧရိယာထဲတွင်ပါဝင်သောကြောင့် တောင်ပေါ်သို့သွားရောက်ပြီး အင်တာနက်သုံးစွဲရခြင်းမှာ မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ်ကို စိုးရိမ်နေကြရသည်။

မောင်ငြိမ်းမင်းလှိုင်ကဲ့သို့ ဘဝတက်လမ်းအတွက် အင်တာနက်အသုံးပြုရန်လိုအပ်နေသူ နောက်တစ်ဦးမှာ မြောက်ဦးမြို့နယ်မှ နိုင်ငံခြားဘာသာတက္ကသိုလ် တက်ရောက်နေသည့် မမြတ်နိုးဇင်ဖြစ်သည်။

သူမ၏ကျောင်းမှ အောင်စာရင်းထွက်ပြီး တစ်လခန့်အကြာတွင် မြောက်ဉီးမြို့နယ်ကို အင်တာနက်ဖြတ်တောက် ခံလိုက်ရခြင်းဖြစ်သည်။ သူမ၏ကျောင်းသို့ တက္ကသိုလ်ဝင်ခွင့်စာရွက်များကို အွန်လိုင်းမှတစ်ဆင့် ပေးပို့ရသဖြင့် တောင်ပေါ်သို့သွားရောက်ပြီး အင်တာနက်အသုံးပြုခဲ့ရသည်။ အခြားလေ့လာစရာများရှိပါကလည်း တောင်ပေါ်သို့ သွားရောက်ရသည်။

၂၀၁၉ ခုနှစ် ရက်လ(တိတိကျကျမမှတ်မိ)သည့် နေ့လည်ခင်းတစ်ခုတွင် အင်တာနက်အသုံးပြုရန်အတွက် သူမ၏ အပေါင်းအဖော်များနှင့် တောင်ပေါ်သို့သွားရောက်ခဲ့စဉ် လက်နက်ကြီး ပစ်ခတ်မှုနှင့်ကြုံတွေ့ခဲ့ရကြောင်း ပြောသည်။

“လက်နက်ကြီးပစ်သံကြားတော့ အိမ်ကနေဖုန်းဆက်ပြီ၊ သမီးရယ် မလာသေးဘူးလားဆိုပြီးတော့ပေါ့” ဟု မမြတ်နိုးဇင်က ပြန်ပြောင်းပြောပြသည်။

အင်တာနက်အသုံးပြုရန်အတွက် တောင်ပေါ်နေရာများသို့ သွားရောက်နေကြရသည်မှာ အန္တရာယ်ရှိသဖြင့် မြောက်ဦးဒေသခံများမှာ နောက်ထပ်နည်းလမ်းတစ်ခုဖြင့် အင်တာနက်အသုံးပြုနိုင်ရန် စဉ်းစားလာကြသည်။

တောင်ပေါ်နေရာများတွင် အင်တာနက်လိုင်းမိပါက တောင်ကဲ့သို့မြင့်မားအောင်ပြုလုပ်ပါက အင်တာနက် ရနိုင်မည်ဟူ၍ စဉ်းစားချက်ဖြစ်သည်။ စဉ်းစားချက်အား အကောင်အထည်ဖော်ရန် လက်တောင် ၃၀ ကျော်အရှည်ရှိမည့် ဝါးနှစ်လုံးအားဆက်ကာ နေအိမ်၊ ကုန်းမြင့်နှင့် အုန်းပင်ကဲ့သို့သော အမြင့်နေရာများတွင် စိုက်ထူလေသည်။

ဝါး၏ထိပ်ဖျားပိုင်းတွင်မူ ဝိုင်ဖိုင် (Hotspot)လွှင့်ထားသော ဖုန်းတစ်လုံးကို ချိတ်ဆွဲထားသည်။ အမြင့်နေရာသို့ ရောက်ရှိသွားသည့်ဖုန်းဖြင့် အင်တာနက်လိုင်းကိုချိတ်မိစေပြီး ယင်းဖုန်းမှဝိုင်ဖိုင်ကို မြေပြင်မှဖုန်းဖြင့်ဖမ်းယူကာ အင်တာနက်သုံးစွဲကြသည်။

လက်တောင် ၃၀ ကျော်အရှည်ရှိမည့် ဝါးနှစ်လုံးအားဆက်ကာ နေအိမ်၊ ကုန်းမြင့်နှင့် အုန်းပင်ကဲ့သို့သော အမြင့်နေရာများတွင် စိုက်ထူထားကြသည်ကိုတွေ့ရစဉ်။

ထိုနည်းလမ်းဖြင့် မြောက်ဦးမြို့ခံပြည်သူများသည် အင်တာနက်ကို ရှာဖွေသုံးစွဲနေကြရသည်။ သို့သော် မြန်နှုန်းမြင့် 4G အင်တာနက်လိုင်းရရှိနိုင်သည်အထိ ယင်းနည်းလမ်းကလည်း မစွမ်းဆောင်နိုင်ပေ။

ရခိုင်နှင့် ချင်းပြည်နယ်မှ မြို့နယ်အချို့တွင် အင်တာနက်ပိတ်ထားရခြင်းမှာ ရခိုင်ဒေသနှင့်ပတ်သက်ပြီး စစ်ရေး ဆိုင်ရာလျှို့ဝှက်ချက်များ ပေါက်ကြားမှုရှိခြင်းကြောင့်ဟု တပ်မတော်က ထုတ်ဖော်ပြောဆိုထားသည်။

၂၀၂၀ ပြည့်နှစ် ဇွန်လ ၂၃ ရက်နေ့ကပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
ရခိုင်ဒေသနှင့်ပတ်သက်ပြီး စစ်ရေးဆိုင်ရာလျှို့ဝှက်ချက်များမှာ “ဘယ်စစ်ကြောင်းကတော့ ဘယ်နေရာကနေ ဘယ်နေရာကို သွားနေတယ်ဆိုတဲ့ ဟာမျိုးတွေပေါ့” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

အင်တာနက်ဖြတ်တောက်ခံရသည့်မြို့နယ်များမှာ တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ အေအေတို့ တိုက်ပွဲ ဖြစ်ပွားမှုများရှိသည့် ရခိုင်ပြည်နယ်အတွင်းမှ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့ပါဝင်သည်။ ချင်းပြည်နယ်မှ ပလက်ဝမြို့နယ်သည်လည်း တိုက်ပွဲဖြစ်ပွားမှုရှိသဖြင့် အင်တာနက်ဖြတ်တောက်ခံလိုက်ရသည်။

၂၀၁၄ သန်းခေါင်းစာရင်းအရ အဆိုပါမြို့နယ်များ၌နေထိုင်ကြသည့် လူဦးရေတစ်သန်းကျော်သည် အင်တာနက် ဆက်သွယ်ရေးပြတ်တောက်မှုကို ကြုံတွေ့နေကြရသည်။ ပိတ်ထားသည့်အင်တာနက်လိုင်းများကို ပြန်ဖွင့် ပေးရန် ပြည်တွင်းပြည်ပအဖွဲ့အစည်းများသာမက နိုင်ငံတကာသံရုံးများမှလည်း တောင်းဆိုခဲ့ကြသည်။

ယင်းနောက်တွင် မောင်တောမြို့နယ်သည် တည်ငြိမ်မှုရှိလာသည်ဟုဆိုကာ ပြီးခဲ့သည့် မေလအစောပိုင်းက အင်တာနက်လိုင်းများပြန်ဖွင့်ပေးခဲ့သည်။

အင်တာနက်ဖြတ်တောက်ပြီး တစ်နှစ်ကျော်အကြာ ၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၁ ရက်နေ့တွင် မြောက်ဦးအပါအဝင် ကျန်မြို့နယ်များကို အစိုးရက 2G အင်တာနက်လိုင်းသာ ပြန်ဖွင့်ပေးခဲ့သည်။
အဆိုပါ 2G အင်တာနက်လိုင်းကိုသုံးစွဲနေသူ မမြတ်နိုးဇင်က “2G ဖွင့်ထားတော့ မက်ဆေ့က ဝင်ချင်တဲ့အချိန် ဝင်တယ်။ အင်တာနက်ကတော့ တစ်နေကုန်ဖွင့်ထားတာ။ မက်ဆေ့တွေဝင်တဲ့အခါ ပြန်ပြီးပြောဖြစ်တယ်။ သူတို့ဆီကိုတော့ ဘယ်အချိန်ရောက်သွားမှန်းမသိဘူး” ဟု ဆိုသည်။

2G အင်တာနက်လိုင်းဖြင့် အီးမေးလ်တစ်စောင်ပို့ပါက မိနစ် ၁၀ ထက် ကြာမြင့်ကြောင်းဆိုလာသူက မြောက်ဦးလူငယ်များအစည်းအရုံး၏ ပြန်ကြားရေးတာဝန်ခံ ကိုကျော်ထွန်းလင်းဖြစ်သည်။ သူသည် မြောက်ဦးမြို့မှ လူငယ်အချို့ကို ကွန်ပျူတာသင်တန်းပေးနေသူတစ်ဦးဖြစ်ကာ ကိုယ်တိုင်လည်းနည်းပညာကို လေ့လာနေသူတစ်ဦး ဖြစ်သည်။

2G အင်တာနက်လိုင်း၏ မြန်နှုန်းမှာ 25 KB သာရှိပြီး Facebook ပေါ်မှ ဓါတ်ပုံတစ်ပုံကိုမြင်တွေ့ရန် အချိန် ၅ မိနစ်မှ ၆ မိနစ်အထိကြာမြင့်သည်ဟု ကိုကျော်ထွန်းလင်းကပြောသည်။ ယင်းသို့အသုံးပြုရာတွင်လည်း နေ့အချိန်မဟုတ်ဘဲ လူအများအိပ်သည့် ညဉ့်အချိန်သုံးစွဲမှ အနည်းငယ်အဆင်ပြေကြောင်း သူကဆိုသည်။

ကုမ္ပဏီများမှ အလုပ်ခေါ်ယူ၍ အီးမေးလ်ဖြင့် အလုပ်လျှောက်လွှာတင်ရာတွင် “တင်ဖို့လုပ်တိုင်း ဝက်ဘ်ဆိုဒ်က ကျမလာဘူး။ Error ပဲပြနေတာပေါ့။ ဒါကြောင့် အလုပ်တွေမလျှောက်ဖြစ်ဘဲ ပျက်သွားတာပေါ့” ဟု ကိုကျော်ထွန်းလင်းက ပြောသည်။

အခြားနေရာမှလူငယ်များ အင်တာနက် 4G သုံးစွဲနေကြချိန် 2G အင်တာနက်လိုင်းသာရရှိသည့်နေရာမှ လူငယ်များမှာ မက်ဆေ့တစ်စောင်ပို့ရန် ရုန်းကန်နေရသည့်အတွက် “ကျနော်တို့တွေက တော်တော်လေးကို  နောက်မှာကျန်ခဲ့ပြီ” ဟု သူကဆိုပြန်သည်။

ထိုအခြေအနေများသည် မြန်မာအစိုးရက သဘောတူညီထားသော ကုလသမဂ္ဂအဖွဲ့(UN)၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်(SDGs)၏ ပစ်မှတ် ၁၆ ဒသမ ၁၀ နှင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းနှင့် အကောင်အထည်ဖော်ရေးအစီအစဉ်(MSDP)နှင့် ဆန့်ကျင် နေသည်။

ရခိုင်ပြည်နယ်၌ အင်တာနက်ဖြတ်တောက်ခံရမှုနှင့် ဒီဂျယ်တယ်အခွင့်အရေးချိုးဖောက်ခံရမှု လေ့လာ တွေ့ရှိချက်များပါဝင်သည့် အစီရင်ခံစာတစ်စောင်ကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အရေး ဆောင်ရွက်နေသည့် ရန်ကုန်အခြေစိုက်အသံအဖွဲ့မှ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

အသံအဖွဲ့၏ လေ့လာတွေ့ရှိချက်အရ ရခိုင်ပြည်နယ်တွင် အင်တာနက်မရရှိသဖြင့် ပညာရေး၊ အလုပ်အကိုင်နှင့် ပတ်သက်ပြီး တစ်ခုမျှလုပ်ဆောင်၍မရသည့် အခြေအနေဖြစ်နေသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။

“အင်တာနက်ပြန်ဖွင့်ပေးဖို့က အလျင်အမြန်လုပ်ဖို့လိုပါတယ်၊ အင်တာနက်ဖွင့်ပေးရေးဟာ တစ်ရက်နောက်ကျ တာနဲ့အမျှ မြေပြင်မှာ အသက်နဲ့ ဘဝနဲ့နစ်နာကြတဲ့ ပြည်သူတွေ အများကြီးရှိပါတယ်။ ဒါကြောင့်တစ်ရက်တောင် နောက်မကျဘဲနဲ့ အင်တာနက်ပြန်ဖွင့်ပေးဖို့လိုပါတယ်” ဟု အသံအဖွဲ့၏ သုတေသနတာဝန်ခံ ကိုရဲဝေဖြိုးအောင်က တောင်းဆိုသည်။

အင်တာနက်ဖြတ်တောက်မှုကို အလွယ်တကူလုပ်၍ရနေသည့် ဆက်သွယ်ရေးဥပဒေပါ ပုဒ်မ ၇၇ နှင့် လွပ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်နေသည့် ဆက်သွယ်ရေးဥပဒေပါ ပုဒ်မ ၆၆(ဃ)၊ ၆၈(ဃ)နှင့် ပုဒ်မ ၇၈ တို့ကိုလည်း အပြီးတိုင်ဖျက်သိမ်းပေးရန် အသံအဖွဲ့က တိုက်တွန်းတောင်းဆိုထားသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ထပ်မံအနိုင်ရရှိထားသည့် လက်ရှိအာဏာရပါတီအနေဖြင့် ရခိုင်မြောက်ပိုင်းတွင် ယခုထက်ပိုမိုပြီး လုံခြုံရေးအခြေအနေကောင်းလာပါက အင်တာနက်ကိုပြန်ဖွင့်ပေးရန် ဖြစ်လာနိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က နိုဝင်ဘာ ၂၄ ရက်နေ့က DMG သို့ ပြောဆိုထားသည်။

“လုံခြုံရေးအခြေအနေအရ အခြေခံလူ့အခွင့်အရေးတချို့ ပိတ်ပင်ခံထားရတာကို ကျနော်တို့ အထူးပဲဝမ်းနည်း ပါတယ်။ ဒါတွေကို အမြန်ဆုံးပြန်ဖွင့်ပေးနိုင်ဖို့အတွက် လုံခြုံရေးအခြေအနေ ဒီထက်ကောင်းလာတာနဲ့အမျှ ပြန်ဖွင့်ပေးဖို့လည်း ဖြစ်လာနိုင်ပါလိမ့်မယ်” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

သတင်းအချက်အလက် သိရှိပိုင်ခွင့် (Right to Information )တွင် သတင်းအချက်အလက်များကို ထုတ်ဖော်ရန် အစိုးရကဦးဆောင်ရမည်ဆိုသော်လည်း ရခိုင်နှင့် ချင်းပြည်နယ်က မြို့နယ်ကိုးခုတွင် ဆန့်ကျင်ဘက်ဖြစ်သည့် 2G အင်တာနက်လိုင်းသာ ဖွင့်ပေးထားသည်။

နိုင်ငံတကာဥပဒေများထဲမှ Right to Information တွင် သင့်လျော်သည့် သတင်းအချက်အလက်များကို အများပြည်သူမှ စစ်မှန်သည့်လက်လှမ်းမီခွင့်ရရှိရန် ဆောင်ရွက်ပေးခြင်းအားဖြင့် လူထုနှင့်မီဒီယာမှ သတင်း အချက်အလက်များကို လွတ်လပ်စွာရရှိနိုင်ရန်အာမခံရမည်ဟု နိုင်ငံများသို့ တိုက်တွန်းထားသည်။

အင်တာနက်သုံးစွဲခွင့်ဆုံးရှုံးနေရသည့် ရခိုင်ပြည်နယ်မှ မြို့နယ်ရှစ်မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် တို့တွင် 4G အင်တာနက်လိုင်းဖွင့်ပေးရန်လိုအပ်နေပြီး “တကယ်လို့သာ အဲလိုမဖွင့်ပေးဘူး၊ အဆင်မပြေဘူး ဆိုရင် ကျနော်တို့အတွက် ဘာများလုပ်ပေးနိုင်မလဲပေါ့နော်။ အဲဒါကိုသိချင်တယ်” ဟု မောင်ငြိမ်းမင်းလှိုင်က မေးခွန်းထုတ်သည်။

ဗီဒီယိုများ