အကြွေးပင်လယ်တွင် နစ်မြုပ်ယင်း နစ်မြုပ်နေရရှာသည့် တောင်သူလယ်သမားများ၏ဘဝ

ခေတ်အဆက်ဆက် အကြွေးငွေများနှင့် နပန်းလုံးနေကြသည့် တောင်သူတွေသည် နှစ်စဉ်နှစ်တိုင်းချေးငွေကို ယူကြရစမြဲပင်ဖြစ်သည်။ လယ်မထွန်မီက လယ်ငှားခနှင့် လယ်အငှားထွန်ယက်သူများကို စရံငွေပေးချေဖို့အတွက် ချေးငွေများကို လယ်သမားအများစုမှာ ချေးယူနေကြရသည်။

22 Aug 2021

DMG ၊ ဩဂုတ် ၂၂

(သတင်းဆောင်းပါး)

ရခိုင်တွင် ဇူလိုင်လအတွင်းက တပတ်ကျော်ခန့်ကြာ ရေကြီးရေလျှံမူတွေကြောင့် လယ်ယာမြေ ရေနစ်မြုပ်ဆုံးရှုံးသွားသည့် လယ်သမားတချို့သည် အခက်အခဲများစွာနှင့် ရင်ဆိုင်နေကြရသည်။

ရေနစ်မြုပ် လွှမ်းမိုးမူကြောင့် ရခိုင်ပြည်အတွင်း မြို့နယ် ၁၀ မြို့နယ်လောက်တွင် လယ်ဧက ၁၂၈၀၀ ကျော် ပျက်စီးသွားခဲ့တယ်လို့ ရခိုင်ပြည်နယ်တောင်သူလယ်သမားသမဂ္ဂစာရင်းများအရ သိရသည်။

ခေတ်အဆက်ဆက် အကြွေးငွေများနှင့် နပန်းလုံးနေကြသည့် တောင်သူတွေသည် နှစ်စဉ်နှစ်တိုင်းချေးငွေကို ယူကြရစမြဲပင်ဖြစ်သည်။ လယ်မထွန်မီက လယ်ငှားခနှင့် လယ်အငှားထွန်ယက်သူများကို စရံငွေပေးချေဖို့အတွက် ချေးငွေများကို လယ်သမားအများစုမှာ ချေးယူနေကြရသည်။

လယ်သမားများတွင် တစ်ဦးနှင့်တစ်ဦး အခက်အခဲကြုံပုံချင်း မတူညီကြဘဲ တချို့လယ်သမားများတွင် စိုက်ထားသည့် ပျိုးပင်များပျက်စီးသွားခဲ့ရပြီး မျိုးစပါးများကို အစမှပြန်ကြဲကြရမည့် အခြေအနေများ ဖြစ်ပေါ်နေလျက်ရှိသည်။

“ရေကျသွားတာနဲ့  အကုန်ပါသွားတော့ အစကနေ ပြန်စိုက်ရမယ်။ ပျိုးစပါးစိုက်ဖို့ကလည်း ငွေမရှိသေးဘူး။ ဆိုတော့  မျိုးစပါးကနေ ပြန်ကြဲရမယ်ပေါ့။ ဒါပေမဲ့ ပြန်ကြဲဖို့ကလည်း အချိန်မရှိတော့ဘူး” ဟု ကျောက်တော်မြို့နယ် ရွှေပြည်သစ်ကျေးရွာက လယ်သမားတစ်ဦးဖြစ်သည့် ဦးကျော်ဝင်းက ပြောကြားထားသည်။

စပါးပင်များ အနည်းငယ်ကြီးထွားလာချိန်တွင်  ရေနစ်မြုပ်မှုဒဏ်ကို ခံခဲ့ရခြင်းကြောင့် မျိုးစပါးအဆင့်မှ ပြန်ကြဲဖို့ အချိန်မမှီတော့သည့်အချိန်တွင် ပျိုးထောင်ထားသည့် ပျိုးစပါးပင်များကို ဝယ်ယူ၍ စိုက်ပျိုးရမည်ဆိုလျင်လည်း ငွေကြေး အခက်အခဲဖြစ်နေကြောင်း  ဦးကျော်ဝင်းက ဆက်လက်ပြောကြားထားသည်။

ယခင်က လယ်သမားများတွင် စပါးပျိုးပင် ပျိုးထောင်ရောင်းချသူများ အများအပြားရှိခဲ့သော်လည်း လက်ရှိတွင် လယ်သမားများသည် ပျိုးပင်ပျိုးထောင်သည့် အလေ့အထများ နည်းပါးလာနေကြောင်း သိရသည်။ ယင်းအခြေအနေကြောင့် ပျိုးစပါးပင်များရှားပါးလာပြီး ဝယ်ယူစိုက်ပျိုးရန် အခက်အခဲကြံနေရခြင်းဖြစ်သည်။ ပျိုးစပါးပင် လက်ဝယ်ရှိသည့် လယ်သမားများထံမှလည်း ပျိုးပင်များကို သူထက်ငါဦးအောင် ဈေးကြီးပေး၍ ခက်ခဲစွာ ဝယ်ယူနေကြရကြောင်း သိရသည်။ ယင်းသို့ ဈေးကြီးပေးဝယ်ယူ၍ မိုးတွင်းကာလအမှီ ဝယ်ယူစိုက်ပျိုးနိုင်ရန်အတွက်လည်း ကုန်သည်များဆီမှ နားလည်မှုနှင့် ကြိုတင်ချေးငွေများ ချေးယူနေကြရခြင်းဖြစ်သည်။

ယင်းသို့ ပျိုးပင်ဝယ်ယူစိုက်ပျိုးရန်အပြင် မျိုးစပါးစေ့များဝယ်ယူကာ စိုက်ပျိုးနိုင်ရန်အတွက်လည်း လယ်သမားအများစုသည် ချေးငွေများ ချေးယူနေကြရစမြဲပင်ဖြစ်သည်။ ယင်းအပြင် စပါးပင်များ သန်မာစွာကြီးထွားဖွံ့ဖြိုးစေရန်အတွက်လည်း မြေဆီမြေသြဇာဝယ်ယူရန်ပါ ငွေကြေးလိုအပ်လေ့ရှိနေကြသည်။

ရခိုင်က လယ်သမားအများစုမှာ နှစ်စဉ်နှစ်တိုင်း ချေးငွေချေးယူခြင်းနှင့် ကင်းကွာကြခြင်းမရှိချေ။ နှစ်စဉ်နှစ်တိုင်း အကြွေးများဖြင့်ပတ်လည်ကာ မိမိတို့စီးပွားရေး၊ ဝမ်းရေး၊ မိသားစုရေးအတွက် လယ်ယာစိုက်ပျိုးကာ ရုန်းကန်နေရသည့် လယ်သမားများထဲမှ  ရေနစ်မြုပ်ကာ စိုက်ပျိုးလယ်ယာမြေ ပျက်စီးဆုံးရှုံးသွားသည့် လယ်သမားများ၏ ရှေ့ရေးမှာ အခက်အခဲများစွာဖြင့် ရင်ဆိုင်ကြရမည့်အခြေအနေ ဖြစ်ပေါ်နေလျက်ရှိနေသည်။

ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့်လည်း လယ်ယာမြေရေနစ်မြုပ်သွားခဲ့သည့် လယ်သမားများအတွက် မျိုးစပါးတစ်တင်းကို ၈၅၀၀ ကျပ်ဖြင့် တင်း ၂၄၀၀၀ ကျော်ကို ဈေးနှုန်းလျော့ချကာ ယခုနှစ် သြဂုတ်လ ပထမပတ်တွင်  မြို့နယ်အလိုက်ရောင်းချနေကြောင်း သိရသည်။ ယင်းအပြင် မျိုးစပါးဝယ်ယူရန် အခက်အခဲရှိသည့် လယ်သမားများအတွက်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးက တာဝန်ခံလျှင် အကြွေးစနစ်နဲ့ ရောင်းချပေးနေကြောင်း သိရသည်။

ယင်းအကြောင်းအရာနှင့်ပတ်သက်၍ စိုက်ပျိူးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးထွန်းမြင့်က “ မျိုးစပါးမရလို့ မစိုက်ရတာမျိုးမဖြစ်အောင် ကျွန်တော်တို့က လုပ်ထားပါတယ်။ ဒါပေမဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးက အာမခံတယ်ဆိုရင် ကျွန်တော်တို့က ယာယီအကြွေးနဲ့ ပေးမယ်။ သူတို့က တကယ်ဆင်းရဲတာလား။ တကယ်ပိုက်ဆံမရှိတာလား။ ဒါကို ကျေးရွာအုပ်ချုပ်ရေးမှူးက ပြန်ရတဲ့အခါ ပြန်ပေးပါမယ်ဆိုရင် ကျနော်တို့ကအကြွေးနဲ့ ရောင်းချပေးပါမယ် ” ဟု ပြောသည်။

သို့သော်လည်း လယ်သမားများသည် သြဂုတ်လ တတိယအပတ် ၁၇ ရက်နေ့အထိ  ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနက ရောင်းချပေးနေမှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာ သိရှိထားခြင်းမရှိသေးကြောင်း သိရသည်။

“လယ်ကွင်းတွေကို ဒီအတိုင်း အလွတ်ထားလို မဖြစ်ဘူးလေ။ ဆိုတော့ သူတို့ မျိုးစပါးပြန်ဝယ်၊ ပြန်ကြဲလုပ်နေကြပါပြီ။ ကျွန်တော်တို့ရွာက လယ်သမားတွေကတော့ ပြန်စိုက်နေကြပါတယ်။ အစိုးရက ထောက်ပံ့ပေးတဲ့အနေအထားတော့ ကျွန်တော်တို့လည်း မသိသေးဘူးခင်ဗျ ”ဟု ကျောက်တော်မြို့နယ် ရွှေပြည်သစ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းမြင့်က  ပြောသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရခိုင်ပြည်နယ်ဘဏ်ခွဲ)အနေဖြင့် လယ်သမားများအတွက် သြဂုတ်လ ပထမပတ်မှစ၍ ချေးငွေများ ထုတ်ချေးပေးနေတယ်လို့ ဘဏ်မန်နေဂျာ ဦးအေးသိန်း၏ ပြောကြားချက်အရ သိရသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၉ ခုနှစ်က မိုးစပါးစိုက်ပျိုးရေးစရိတ်ချေးငွေ (ကျပ် ရ၉ ဒသမ ၈ ဘီလီယံ) ကို  ထုတ်ချေးပေးခဲ့ကြောင်း၊ ၂၀၂၀ ခုနှစ် မေလ ၂၇ ရက်နေ့အထိ ချေးငွေပြန်ဆပ်မူမှာ (၁၁ဒသမ ၁၀ ဘီလီယံ) ခန့်သာရှိသေးကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရခိုင်ပြည်နယ်ဘဏ်ခွဲ) ၏ စာရင်းအရ သိရသည်။

ချေးငွေပြန်မဆပ်နိုင်သည့် လယ်သမားများအနေဖြင့်လည်း စိုက်ပျိုးရေးဘဏ်မှ ချေးငွေထပ်ချေး၍ ရမည်မဟုတ်ပေ။ ယင်းကြောင့် ချေးငွေမဆပ်နိုင်သည့် တောင်သူလယ်သမားများသည် လယ်ယာအသုံးစရိတ်ပြတ်လာသည့်အခြေအနေနှင့် ကြုံနေကြရမည်မှာ အမှန်ပင်ဖြစ်သည်။

တောင်သူလယ်သမားအများစုက ချေးငွေမဆပ်နိုင်ခြင်းသည် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် လယ်ယာမြေထွန်ယက်ပြီး စပါးများမစိုက်ပျိူးနိုင်ခဲ့ခြင်း၊ မရိတ်သိမ်းနိုင်ခဲ့ခြင်း၊  စပါးရောင်းဝယ်ရေးအဆင်မပြေမှုတို့ကြောင့် ဖြစ်သည်။

တောင်သူလယ်သမားများအတွက် အခက်အခဲဖြစ်ပေါ်နေသည့် အခြေအနေများနှင့် ပတ်သက်၍လည်း တောင်သူလယ်သမားသမဂ္ဂ ဥက္ကဌ ဦးအောင်ကျော်ဇံက “တောင်သူလယ်သမားတွေမှာ သမာရိုးကျပြောရရင် အခက်ခဲတွေအများကြီးရှိကြတာပေါ့၊ အဓိကတော့ မျိုးစပါးတွေ၊ ဓာတ်မြေသြဇာတွေလိုအပ်တယ်၊ အခုက ဒီရေကြောင့် ဆုံးရှုံးသွားတဲ့ လယ်ဧကတွေလည်းရှိတယ်၊ အဲဒီဆုံးရှုံးသွားတဲ့ လယ်ဧကတွေအတွက် လယ်သမားတွေကို မဖြစ်မနေ အထောက်အပံ့ပေးဖို့ လိုအပ်တယ်” ဟု ပြောကြားထားသည်။

ရခိုင်တစ်ပြည်လုံးတွင် စိုက်ပျိုးမြေ ဧကပေါင်း ၁၂ သိန်းခန့်ရှိပြီး တောင်သူများစစ်ဘေးရှောင်နေရခြင်း ၊ စိုက်ပျိုးရေးစရိတ်ကြီးခြင်းတို့ကြောင့် ယခု ၂၀၂၁ ခုနှစ်တွင် လယ်ဧက ၈၅၀၀၀ ခန့်ကိုသာ စိုက်ပျိုးနိုင်ခဲ့သည်။ လက်ရှိတွင်လည်း ရေနစ်မြုပ်မှုကြောင့် ပျက်စီးသွားခဲ့ရသည့် လယ်များတွင် အချိန်မှီ ပြန်လည်စိုက်ပျိုးဖို့ လိုအပ်နေကြသည်။

မြောက်ဦးမြို့နယ်ဘက်တွင် ဧက ၃၀၀၀ ဝန်းကျင်၊ ကျောက်တော်မြို့နယ်တွင် ဧက ၂၅၀၀ ခန့်၊ မောင်တောတွင် ဧက ၃၂၀ ခန့်၊ ဘူးသီးတောင်တွင် ဧက ၃၀၀ ခန့်၊ ပုဏ္ဏားကျွန်းတွင် ဧက ၁၅၀၀ ခန့်၊ ရသေ့တောင်တွင် ဧက ၁၆၀၀ ခန့် ၊ မင်းပြားတွင် ဧက ၅၀၀ ခန့်၊ ပေါက်တောတွင် ဧက ၁၄၀၀ ခန့်၊ သံတွဲတွင် ဧက ၄၈၀ ခန့်နှင့် တောင်ကုတ်တွင် ဧက ၁၂၀၀ ခန့် စိုက်ပျိုးပြီးလယ်ယာမြေများသည် ရေနစ်မြုပ်မှုကြောင့် ပျက်စီးသွားခဲ့ကြရသည်။ ပြည်နယ်ကောင်စီက လယ်ဧက ၆၀၀ ကျော်လောက်သာ လယ်ယာမြေပျက်စီးမှုရှိခဲ့သည်ဟု ပြောဆိုထားသည်။

ကိန်းဂဏန်းတွေအဖြေအရ ငြင်းခုန်ဖွယ်ရာဖြစ်နေသော်လည်း မည်မျှလောက် ပျက်စီးသည်ဖြစ်စေ နှစ်စဉ်လယ်ယာမြေလုပ်ကိုင်နေသည့် တောင်သူလယ်သမားများ၏ ရှေ့ရေးရပ်တည်နိုင်ရန်အတွက် မည်ကဲ့သို့ ရှေ့ဆက်ကူညီရမည်ဆိုသည့်အတွေးကို စဉ်းစားသုံးသပ်ကြရပါလိမ့်မည်။

မိုးစပါးစိုက်သည့်အချိန်ဆိုလျှင် လယ်သမားများအတွက် လိုအပ်သည့် စက်သုံးဆီများ၊ ဓာတ်မြေသြဇာ နဲ့ ပိုးသတ်ဆေးဈေးနှုန်းများသည့် တက်လာနေစမြဲပင်ဖြစ်သည်။

၂၀၂၁ ခုနှစ် မေလအထိ မြေသြဇာတစ်အိတ်ကို ၄၄၀၀၀ ကျပ်ရှိခဲ့သော်လည်း လယ်သမားများအတွက် စပါးပေါ်ပြီး ကြဲရန်အတွက်လိုအပ်သည့်လများတွင် ဈေးနှုန်းများက ပုံမှန်မြင့်တက်လေ့ရှိသည်။

ယင်းအကြောင်းအရာနှင့် ဆက်စပ်၍ ပေါက်တောမြို့နယ် ဆားပြင်ကျေးရွာက ဦးမောင်လှစိန်က “အခု ၅၄၀၀၀ လိုကြားတယ်။ လယ် ၁၀ ဧက မှာ တစ်အိတ်တောင် မဝယ်နိုင်သေးဘူး။ လုံးဝမြေသြဇာ မထည့်နိုင်သေးဘူ။ ချေးငွေလည်း အရင်နှစ်ကအကြွေးတွေ မဆပ်နိုင်သေးတော့ ချေးငွေလည်း မရပါဘူး” ဟု ၎င်း၏ အခက်ခဲများကို ပြောပြသည်။

ယင်းသို့ အဘက်ဘက်က ရုန်းကန်နေရသည့် လယ်သမားများသည် လယ်ယာမြေအလုပ်သမားများအတွက်  လယ်ဧကအလိုက် လုပ်အားခပေးရန်နှင့် အကြွေးဆပ်ရန်အတွက် ထွက်ရှိသည့်စပါးများထဲမှ တချို့တဝက်ကို မဖြစ်မနေ ရောင်းချရလေ့ရှိပါသည်။ စပါးပေါ်ချိန်ဆိုလျင် လယ်သမားများ၏ စပါးများကို ကုန်သည်များက ဈေးနှိမ်၍ ဝယ်ယူကြလေ့ရှိသည်မှာ မြန်မာနိုင်ငံ၏ အလေ့အထတစ်ခုပင် ဖြစ်သည်။

လယ်ယာမြေ ရေနစ်မြုပ်မှုခံရသည့် လယ်သမားများအတွက် ယခုနှစ်တွင် ပိုမို၍ အကြွေးထူသွားသည့် အခြေအနေတစ်ရပ်ဖြစ်ပေါ်လျက်ရှိသည်။ စိုက်ထားသည့် လယ်ဧကအားလုံး ရေနစ်မြုပ်သွားမှုကြောင့် ပြန်လည်စိုက်ပျိုးနိုင်ရန်အတွက် အခက်အခဲပေါင်းများစွာဖြင့် ကြုံတွေ့နေကြရကြောင်းလည်း သိရသည်။

ပျိုးပင်ရှားပါးခြင်း၊ မျိုးစပါးများကို ခရီးဝေးကဝယ်ယူရသောကြောင့်  သယ်ယူရေးပိုင်းတွင် စရိတ်ကြီးနေသည့်ကြားမှ လယ်ငှားခကို ကာမိရန်အတွက် လယ်တစ်ဧကလောက်ကို မဖြစ်မနေ စိုက်ပျိုးနေရကြောင်း တောင်ကုတ်မြို့နယ် သင်္ဘောဆိတ်ကျေးရွာက ဦးဌေးအောင်က ပြောကြားထားသည်။

“အကုန်လုံး ရေနစ်မြုပ်ပြီး (ရခိုင်အခေါ်ပင်လယ်ဗလိ)များ စားသွားကြတဲ့အတွက် ပြန်စိုက်ပျိုးရမယ်။ အခုကပျိုးပင်ကလည်း ဝယ်ယူရတာ အခက်အခဲရှိတယ်။ ပျိုးပင်ဝယ်တဲ့အခါမှာလည်း သူများတွေထက်ဈေးပိုမှရတယ်။ မပိုရင် တစ်ခုတောင်မရဘူး။ နောက်အဝေးကနေ ဝယ်ရတယ်။ ကားခပေးရတယ်။ စရိတ်ကြီးတယ်။ တစ်ဧကလောက်ပဲ ပြန်စိုက်ပျိုးနိုင်မယ်ပေါ့။ ကျန်တာတွေက မရတော့ဘူး’’ ဟု ဦးဌေးအောင်က ၎င်း၏အခက်အခဲကို ပြောပြထားသည်။

လယ်ယာလုပ်ငန်းကို အဓိကအားထားနေရသည့် တောင်သူများအတွက် လာမယ့်နှစ်စပါးပေါ်ချိန်တွင် စပါးမ ရိတ်သိမ်းရလျှင် ၎င်းတို့ကိုအမှီပြုနေရသည့် နောက်ကွယ်ကမိသားစု၏ စားဝတ်နေရေးပြဿနာသည် ပိုမိုပြီး အခက်ခဲများရှိလာနိုင်သည်ဟု တောင်သူလယ်သမားများက ပြောသည်။

ဦးဌေးအောင်ကဲ့သို့ပင် ရခိုင်ပြည်တွင်  ရေလွှမ်းမိုးမှုဒဏ်ကိုကြုံရသည့် လယ်သမားအများစုသည် အစိုးရချေးငွေအပြင် ကုန်သည်များထံမှယူထားသည့် အကြွေးများကို လာမည့်နှစ် စပါးပေါ်ချိန်တွင်

ပြန်ဆပ်နိုင်ရန်အတွက် အခက်ကြုံနေရပြီဖြစ်ပြီး သူတို့၏ ဘဝများသည်လည်း အကြွေးပင်လယ်ထဲတွင် ဆက်လက်နစ်မြုပ်နေကြရရှာမည်မှာ အသေအချာပင်ဖြစ်သည်။  

ခင်သရဖီဦး_ရေးသားသည်

ဗီဒီယိုများ