အစိုးရ၊ တပ်မတော်နဲ့ AA တို့ကြားက ရခိုင်ပြည်ငြိမ်းချမ်းရေးရောင်နီ

မြန်မာနိုင်ငံရဲ့ တတိယအကြိမ် အထွေထွေ ရွေးကောက်ပွဲအပြီးမှာ ရွေးကောက်ပွဲ မလုပ်နိုင်ခဲ့တဲ့ ရခိုင်ပြည်နယ်က မြို့နယ်များကို ရွေးကောက်ပွဲ ပြုလုပ်ပေးဖို့ AA ရဲ့ တောင်းဆိုချက်ကို တပ်မတော်က ကြိုဆိုလက်ခံလိုက်ပြီးတဲ့နောက် နှစ်ဘက်တိုက်ပွဲတွေ ရပ်စဲသွားခဲ့ပေမယ့် အစိုးရဘက်ကတော့ ရခိုင်ပြည်နယ်ငြိမ်းချမ်းရေး၊ နေရပ်စွန့်ခွာလာသူများ နေရပ်ပြန်နိုင်ရေးကိစ္စတွေအတွက် အစိုးရရဲ့လုပ်ဆောင်နေမှုများကို ပြည်သူထံချပြတာမျိုးတော့ မတွေ့ရသေးပါဘူး။

11 Dec 2020

By မင်းထီး | DMG

ရခိုင်ပြည်နယ်အတွင်း ၂၀၁၈ နှစ်ကုန်ပိုင်းကနေ စတင်ပြင်းထန်နေခဲ့တဲ့တိုက်ပွဲတွေ ခေတ္တငြိမ်သက်နေချိန် မြန်မာ့တပ်မတော်ဘက်ကရော ရခိုင့်တပ်တော်(AA) ဘက်ကပါ ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရေးအတွက် ကြားဝင်စေ့စပ်ပေးနေတဲ့ အဖွဲ့အစည်းရှိနေတယ်လို့ အတည်ပြုထုတ်ဖောပြာဆိုကြပြီး တစ်ပတ်အတွင်းမှာပဲ “ဂျပန်အစိုးရ၏ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်” ရခိုင်ပြည်နယ်ကို ရောက်ရှိလာခဲ့ပါတယ်။

ကိုယ်စားလှယ်ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ၂၀၂၀ နိုဝင်ဘာလ(၈) ရက်နေ့မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ခဲ့ခြင်း မရှိခဲ့ဘဲ (၂)နှစ်အတွင်း တိုက်ပွဲအများဆုံးဖြစ်ခဲ့တဲ့ ကျောက်တော်မြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ်တို့ကို သွားရောက်လေ့လာခဲ့ပါတယ်။ ဒါ့အပြင် ရခိုင်အင်အားကြီးပါတီဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ(ANP) နဲ့လည်း စစ်တွေမြို့မှာ တွေ့ဆုံခဲ့တာကို တွေ့ ရပါတယ်။

နိုဝင်ဘာလ (၁၂) ရက်နေ့မှာ ရခိုင့်တပ်တော်(AA)ဘက်က ရခိုင်ပြည်နယ်အတွင်းက ရွေးကောက်ပွဲမကျင်းပ နိုင်ခဲ့တဲ့ နေရာတွေကို (၂၀၂၀) ဒီဇင်ဘာလမကုန်ခင်မှာ ရွေးကောက်ပွဲပြုလုပ်ပေးဖို့ အစိုးရနဲ့ တပ်မတော်ကို တိုက်တွန်းကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီး တစ်ရက်တည်းမှာပဲ မြန်မာ့တပ်မတော်ဘက်ကလည်း AA ရဲ့ထုတ်ပြန်ချက်ကို ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ကတော့ အဲ့ဒီထုတ်ပြန်ကြေညာချက်နဲ့ ပတ်သက်ပြီး ဒီကနေ့အထိ ပြန်လည်ပြောဆိုထားမျိုး မတွေ့ရသေးပါဘူး။ ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ကတော့ ရွေးကောက်ပွဲပြုလုပ်မယ်ဆိုပါက လိုအပ်တဲ့ပစ္စည်း အစုံအလင်ရှိထားပြီးဖြစ်တဲ့အတွက် အဆင်အသင့်ဖြစ်ကြောင်း မီဒီယာတွေကို ဖြေကြားထားတာကို တွေ့ရပါတယ်။

ဂျပန်ကိုယ်စားလှယ်တော်ကြီး Mr.Yohei Sasakawa ကတော့ (၂၈/၁၁/၂၀၂၀) ရက်နေ့ ရခိုင်အမျိုးသားပါတီနဲ့ တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲမှာ ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲပြုလုပ်မယ်ဆိုရင် ပြုလုပ်လို့ရနိုင်ကြောင်း ပြောကြားသွားပါတယ်။ လက်ရှိရွေးကောက်ပွဲမှာ NLD ပါတီက တစ်နိုင်ငံလုံး ၈၃% အထက်အပြတ်အသတ် အနိုင်ရရှိထားပေမယ့် ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က နေရာတစ်ချို့အပါအဝင် မြို့နယ်ပေါင်း (၁၅) ခုမှာ ရွေးကောက်ပွဲ မပြုလုပ်နိုင်ခဲ့ပါဘူး။

ရခိုင်ပြည်နယ်အတွင်း မြို့နယ်(၉) ခုနဲ့ တချို့တစ်ဝက် ကျန်နေရာနှစ်ခုအပါအဝင် ကိုယ်စားလှယ်နေရာအားလုံး အမျိုးသားလွှတ်တော် (၈) နေရာ ၊ ပြည်သူ့ (၉) နေရာ ၊ ပြည်နယ်လွှတ်တော် (၂၀) နေရာ စုစုပေါင်း ကိုယ်စားလှယ်နေရာ ( ၃၇) နေရ ကျန်ရှိနေပြီး လူပေါင်း ဆယ့်နှစ်သိန်းခန့်က ဆန္ဒမဲပေးပိုင်ခွင့် ဆုံးရှုံးနေရဆဲဖြစ်ပါတယ်။ ဒါဟာ ရခိုင်ပြည်နယ်က ရရှိသင့်တဲ့ ကိုယ်စားလှယ်အရေအတွက်ပေါင်း (၆၃) နေရာရဲ့ (၆၀ %) ရာခိုင်နှုန်းကျော်ကို ဆုံးရှုံးခံထားရတဲ့အတွက် ရခိုင်ပြည်နယ်အတွက်တော့ မျှတတဲ့ရွေးကောက်ပွဲ မဟုတ်သလို ရခိုင်လူထုရဲ့ ကိုယ်စားပြုမှုနဲ့ အဆိုတင်ပြပိုင်ခွင့်ပါ ဆုံးရှုံးမှုကြီးဖြစ်ပါတယ်။

ဂျပန်နိုင်ငံဟာ မြန်မာစစ်အစိုးရနဲ့ ဆက်ဆံရေးကလည်း ပုံမှန်ရှိနေခဲ့သလို မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်းလဲလာပြီး နောက်ပိုင်းမှာလည်း မြန်မာကြွေးမြီတချို့ကို ကူညီပေးဆပ်ခဲ့ဖူးသလို ပံ့ပိုးငွေတွေ နှစ်စဉ်ကူညီပေးနေတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံ စစ်အစိုးရသက်တမ်းတစ်လျှောက် မြန်မာနိုင်ငံအပေါ် တစ်ဖြည်းဖြည်း ဩဇာညောင်းလာခဲ့တဲ့ တရုတ်နိုင်ငံရဲ့ဩဇာကို ထိန်းချုပ်ထားချင်ပုံလည်း ရပါတယ်။

မြန်မာနိုင်ငံဟာ (၁၉၈၈ ကနေ ၂၀၁၀-၁၁) ဦးသိန်းစိန်အစိုးရ အာဏာရယူချိန်ထိ ပြည်ပကြွေးကျန်ငွေ အမေရိကန်ဒေါ် လာသန်းပေါင်း (၂၇၄၄.၁၉၇) ထိကျန်ရှိနေခဲ့ပြီး ဦးသိန်းစိန်အစိုးရ လက်ထက်မှာ ကြွေးမြီးများထဲက ထက်ဝက်နီးပါးကို အဖွဲ့ဝင် (၁၁) နိုင်ငံပါဝင်တဲ့ (Paris Club) မြီးရှင်နိုင်ငံများအဖွဲ့က ပေးလျော်ခဲ့တယ်လို့ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီအဖွဲ့က ၂၀၁၈ ခုနှစ်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ပြည်ထောင်စုလွှတ်တော် ကြွေးမြီးစာရင်းချုပ် ထုတ်ပြန်ချက်အရ (၃၁.၃.၂၀၁၈ ထိ) အမေရိကန်ဒေါ်လာ သန်းပေါင်း (၁၀.၂ ဘီလီ ယံကျော်) တင်ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံကြွေးမြီးဆပ်ရမယ့် နိုင်ငံများစာရင်းကို ပြန်ကြည့်ရင် တရုတ်နိုင်ငံက အများဆုံးဖြစ်ပြီး၊ ဂျပန်နိုင်ငံက ဒုတိယအများဆုံး ပေးဆပ်ရမယ့် နိုင်ငံဖြစ်နေတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံ ကိုဗစ်အလွန် ပြန်လည်ထူထောင်ရေးအတွက် ငွေးကြေးများစွာ လိုအပ်နေဦးမှာဖြစ်ပြီး ဆက်လက်ပြီးလည်း ငွေချေးရဦးမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ဂျပန်အစိုးရကို ပေးဆပ်ဖို့အတွက် ကြွေးမြီး(၁.၈) ဘီလီယံပတ်ဝန်းကျင်နဲ့ ဒုတိယ အများဆုံးမှာရှိနေပြီး တရုတ်တစ်နိုင်ငံတည်းကို (၄.၂ ) ဘီလီယံထိရှိနေပြီး ပထမအများဆုံးနဲ့ အတိုးနှုန်းအကြီးဆုံးမှာ ရှိနေပါတယ်။

တရုတ်နိုင်ငံရဲ့ အရှိန်အဟုန်ဖြင့် ကြီးထွားလာတဲ့ ချမ်းသာကြွယ်ဝမှုနဲ့ အာဆီယံနိုင်ငံများအပါ် ကြီးထွားလာနေတဲ့ဩဇာကို ထိန်းချုပ်ထားနိုင်ဖို့အတွက် အမေရိကရဲ့ မဟာမိတ်ဖြစ်တဲ့ အာရှဩဇာပိုင်ရှင် ဂျပန်နဲ့ မဟာမိတ်အိန္ဒိယက အစွန်းကုန်ကြိုးစားကြပါလိမ့်မယ်။ ၁၉၄၈ လွပ်လပ်ရေးနဲ့အတူ စတင်လာတဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းပဋိပက္ခနဲ့ ပင်လုံကတိကဝတ်ပျက်ကွက်မှုဟာ နာတာရှည် ပြည်တွင်းစစ်အဖြစ်နဲ့ နှစ်ပေါင်းခုနစ်ဆယ်ကျော်လာတဲ့အထိ တန်းတူရေးကိုအခြေခံတဲ့ ဖယ်ဒရယ်နိုင်ငံတည်ဆောက်နိုင်ရေး အဖြေမရနိုင်သေးပါဘူး။

ပြည်တွင်းစစ်ရေးတင်းမာမှုကို အဆုံးသတ်ရေးဟာ အနာဂတ် မြန်မာနိုင်ငံအတွက် အရေးအကြီးဆုံးဖြစ်သလို (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဉပဒေအရ မြန်မာနိုင်ငံရေးမှာ လုပ်ပိုင်ခွင့် အများစုကိုရထားတဲ့ တပ်မတော်ရဲ့ဆောင်ပုဒ်ဖြစ်တဲ့ ထာဝရငြိမ်းချမ်းရေးဟာ အရေးအကြီးဆုံးဖြစ်တယ်ဆိုတာ အငြင်းပွားစရာ မရှိပါဘူး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်ကိုကျော်လွန်ပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူထောက်ခံမှုကို အပြည့်အဝရရှိထားနိုင်တာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ငါးနှစ်တာအစိုးရသက်တမ်းအတွင်း တိုင်းရင်းသားဒေသတွေမှာ အငြင်းပွားစရာတစချို့ ရှိခဲ့ပေမယ့် ပြည်နယ်အများစုက ကိုယ်စားလှယ်နေရာတွေကိုပါ ၂၀၂၀ ရွေးကောက်ပွဲမှာ ထောက်ခံမှု ရရှိထားတာကို တွေ့ရပါတယ်။

လက်ရှိ NLD ပါတီဥက္ကဋ္ဌဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာလည်း မြန်မာ့နိုင်ငံရေးသမိုင်းမှာ စစ်အာဏာရှင် တစ်ပါတီစနစ်ဖြုတ်ချရေး အရေးတော်ပုံကို ဦးဆောင်နိုင်ခဲ့ပြီး ပြည်နယ်ဒေသတိုင်းရင်းသားများပါ ထောက်ခံပေးနေတဲ့ မြန်မာနိုင်ငံရဲ့ တစ်ဦးတည်းသော ဩဇာပိုင်ရှင်လည်းဖြစ်ပါတယ်။

သို့သော်လည်း ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ လက်ရှိအစိုးရ NLD ပါတီအစိုးရ စတင်အုပ်ချုပ်ခဲ့တဲ့ ၂၀၁၅-၂၀၂၀ ငါးနှစ်တာကာလအတွင်းမှာတော့ မြန်မာနိုင်ငံမှာ သိသာတဲ့ ပြုပြင်ပြောင်းလဲမှုမျိုး မလုပ်နိုင်ခဲ့သလို အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးဟာလည်း တိုးတက်မလာနိုင်ခဲ့ပါဘူး။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတချို့နဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ခဲ့ပေမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကလည်း အထမမြောက်နိုင်ခဲ့ဘူးလို့တောင် ဆိုနိုင်ပါတယ်။ အထူးသဖြင့် မြောက်ပိုင်းမဟာမိတ်အုပ်စုနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်မရေးဆိုးနိုင်ခဲ့သလို ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာရသူပေါင်း နှစ်သိန်းကျော်အထိ ရှိနေခဲ့တာပါ။

၂၀၁၈ ဩဂုတ်လမှာ ဖြစ်ပွားခဲ့တဲ့ မောင်တောဒေသမှာ ရဲစခန်းပေါင်းသုံးဆယ်ကို အာဆာအကြမ်းဖက်အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် မြန်မာ့တပ်မတော်က ဝင်ရောက်ရှင်းလင်းရာမှာ မွတ်ဆလင်ခုနစ်သိန်းလောက်ထိ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ရတယ်ဆိုတဲ့ နိုင်ငံတကာရဲ့စွပ်စွဲချက်တွေကြောင့် နိုင်ငံတကာတရားရုံး (ICJ) မှာ တရားစွဲဆိုခံထားရတဲ့အထိ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

၂၀၁၉ ဒီဇင်ဘာလမှာ COVID-19 ကမ္ဘာ့ကပ်ရောဂါ ဝင်ရောက်လာပြီးနောက်ပိုင်း အစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကလည်း ပိုမိုနှေးကွေးခဲ့တာကို တွေ့ရပါတယ်။ ၂၀၁၉ တတိယပင်လုံကျင်းပခဲ့တဲ့အချိန်ထိ တိုင်းရင်းသားလက်နက်ကိုင် မြောက်ပိုင်းမဟာမိတ်အုပ်စု၊ တပ်မတောနဲ့ အစိုးရတို့ကြား တရုတ်နိုင်ငံက ကြားဝင်ညှိနှိုင်းပေးခဲ့တာကို တွေ့ရပေမယ့် ငြိမ်းချမ်းရေးဆိုင်ရာ သဘောတူညီချက်တစ်ခုမှ မရရှိနိုင်ခဲ့သလို ၂၀၁၉ နှောင်းပိုင်းလောက်ကစတင်ပြီး တရုတ်နဲ့ မြန်မာအစိုးရကြားမှာ ဆက်ဆံရေးအေးသွားတာကို တွေ့ရပါတယ်။

တရုတ်နိုင်ငံအစိုးရအနေနဲ့ ၂၀၂၀ ကစပြီး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရကြားမှာ ဝင်ရောက်ညှိနှိုင်းမှုတွေ မရှိတော့တဲ့နောက် စတုတ္ထပင်လုံကျင်းပချိန်မှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိတ်ကြားတာမျိုး မတွေ့ရသလို အလွတ်သဘောဆွေးနွေးပွဲများပါ ရပ်စဲသွားတာကိုတွေ့ရပြီး ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ အေအေတို့အကြား ၂၀၁၉ မှ ၂၀၂၀ နိုဝင်ဘာလအထိ တိုက်ပွဲပေါင်းလေးထောင်ဝန်းကျင်ထိ ဖြစ်ပွားခဲ့တာကို တွေ့ရပါတယ်။
အစိုးရက ရက္ခိုင့်တပ်တော် (AA) ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာပေးခဲ့ပြီး ချင်းပြည်နယ် ပလက်ဝနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်များကို သက်တမ်းရှည် အင်တာနက်ဖြစ်တောက်မှုကို လုပ်ဆောင်ထားခဲ့တဲ့အတွက် တိုက်ပွဲကာလအတွင်း လူဦးရေတစ်သန်းကျော် သတင်းအချက်အလက် အမှောင်ချခံရပါတယ်။

မြန်မာနိုင်ငံရဲ့ တတိယအကြိမ် အထွေထွေ ရွေးကောက်ပွဲအပြီးမှာ ရွေးကောက်ပွဲ မလုပ်နိုင်ခဲ့တဲ့ ရခိုင်ပြည်နယ်က မြို့နယ်များကို ရွေးကောက်ပွဲ ပြုလုပ်ပေးဖို့ AA ရဲ့ တောင်းဆိုချက်ကို တပ်မတော်က ကြိုဆိုလက်ခံလိုက်ပြီးတဲ့နောက် နှစ်ဘက်တိုက်ပွဲတွေ ရပ်စဲသွားခဲ့ပေမယ့် အစိုးရဘက်ကတော့ ရခိုင်ပြည်နယ်ငြိမ်းချမ်းရေး၊ နေရပ်စွန့်ခွာလာသူများ နေရပ်ပြန်နိုင်ရေးကိစ္စတွေအတွက် အစိုးရရဲ့လုပ်ဆောင်နေမှုများကို ပြည်သူထံချပြတာမျိုးတော့ မတွေ့ရသေးပါဘူး။

သို့သော်လည်း ရခိုင်ပြည်နယ်အတွင်း ကျန်ရှိနေသေးတဲ့ မြို့နယ်တွေကို ရွေးကောက်ပွဲပြုလုပ်၍ရနိုင်ကြောင်း ဂျပန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Mr.Yohei Sasakawa က အစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်ကို သွားရောက်ညှိနှိုင်းခဲ့ပေမယ့် အဖြေမရခဲ့ဘူးလို့ သတင်းထောက်တွေကို ပြောဆိုသွားတာ တွေ့ရပါတယ်။

ဒါကြောင့် ရခိုင်ပြည်နယ်အတွင်း နောက်ထပ် ရွေးကောက်ပွဲကိုပြုလုပ်ဖို့ မသေချာတဲ့အနေအထားဖြစ်သလို တပ်နဲ့ အစိုးရကြားမှာ ဆွေးနွေးမှုမရှိသေးတာလည်း ဖြစ်နိုင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံလုံခြုံရေးနဲ့ ကာကွယ်ရေးကို အပြည့်အဝ လုပ်ပိုင်ခွင့်ကိုရရှိထားတဲ့ တပ်မတော်နဲ့ အစိုးရကြားက ဆက်ဆံရေးဟာ နိုင်ငံအတွက် အရေးအကြီးဆုံးဖြစ်သလို မြန်မာနိုင်ငံ အနာဂတ်ဖယ်ဒရယ်နိုင်ငံ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းရေးဟာလည်း အလွန်အရေးကြီးပါတယ်။

လက်ရှိ ရက္ခိုင့်တပ်တော် နဲ့ မြန်မာ့တပ်မတော်တို့ အကြားမှာ Online ကနေ နာရီဝက်ကြာတွေဆုံဆွေးနွေးထားကြပြီး ဒီဇင်ဘာလ ၉ ရက်နေ့ကလည်း ဝ’တပ်ဖွဲ့ထိန်းချုပ်နယ်မြေဖြစ်တဲ့ ပန်ဆိုင်းမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ပြောကြားထားသည့်တိုင် အမျိုးသားရင်ကြားစေ့ရေးကို ကြွေးကြော်ထားတဲ့ အစိုးရအနေနဲ့ ရခိုင်ပြည်တည်ငြိမ်အေးချမ်းရေးနဲ့ ငြိမ်းချမ်းရေးကိစ္စတွေကို ဖွင့်ပြောဖို့ လက်ရှောင်နေတာကို တွေ့ရပါတယ်။

အစိုးရအနေနဲ့ ရခိုင်ပြည်အတွင်း ရွေးကောက်ပွဲ မပြုလုပ်ရနေသေးတဲ့ မြို့နယ်တွေကို ရွေးကောက်ပွဲ မဖြစ်မနေပြုလုပ်ပေးဖို့ လိုအပ်နေသလို ရခိုင်လူထုနဲ့ အစိုးရကြားက ယုံကြည်မှုကို ပြန်လည်တည်ဆောက်နိုင်ရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ရခိုင်နိုင်ငံရေးပါတီအင်အားစုတွေနဲ့ ဖွဲ့စည်းဖို့လိုအပ်တယ်လို့ မြင်ပါတယ်။

လက်ရှိအပစ်အခတ် ရပ်စဲနေစဉ်ကာလအတွင်း အစိုးရအနေနဲ့ AA နဲ့ ဆွေးနွေးညှိနှိုင်းသင့်ပြီး AA ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားရာကနေ ဖျက်သိမ်းပေးဖို့ လိုအပ်ပါတယ်။ NLD ပါတီအနေနဲ့ (၁၂/ ၁၁/၂၀၂၀ ) နေ့က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်အတိုင်း အစိုးရသစ်ဖွဲ့စည်းပြီးနောက် တိုင်းရင်းသားပါတီတွေအနေနဲ့ ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးမှာ ပူးပေါင်းပါဝင်ကြဖို့ ပန်ကြားချက်အတိုင်း ယခုအချိန်က လက်တွေ့လုပ်ဆောင်ဖို့ လိုအပ်နေတဲ့အချိန်လို့ မြင်ပါတယ်။

ရခိုင်ပြဿနာဟာ ရှုပ်ထွေးနေသလို လက်ရှိ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်တို့ နှစ်ဘက်ညှိနှိုင်းအပစ်ရပ်ထားမှုကို အသိအမှတ်ပြု ကြိုဆိုသင့်ပြီး နှစ်ဘက်ရရှိထားထားတဲ့ ယုံကြည်မှု တည်တံ့ခိုင်မြဲရေးအတွက် အစိုးရက ကြားဝင်လုပ်ဆာင်ဖို့ အကောင်းဆုံး အချိန်ဖြစ်ပါတယ်။

လက်ရှိ NLD ပါတီဟာ လူထုယုံကြည်မှုကို အပြည့်အဝရရှိထားတဲ့ ပါတီဖြစ်သလို ဒီလူထုထောက်ခံမှုဟာ တခြားပါတီတစ်ခုခုအတွက် မစဉ်းစားနိုင်လောက်တဲ့ ထောက်ခံမှုဖြစ်ပါတယ်။ ရခိုင်ပဋိပက္ခဟာ ကြာလေရှုပ်လေ ဖြစ်လာနိုင်တဲ့အရေး ဆိုတာကိုလက်ခံပြီး အနာဂတ် ဖယ်ဒရယ်ပြည်ထောင်စုကြီးအတွက် တိုင်းရင်းသားများ စုပေါင်းပါဝင်နိုင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်သစ်ကို စတင်ဖို့ ရခိုင်အရေးကို စတင်ဖြေရှင်းခြင်းကသာ လက်တွေ့ကျနိုင်မယ်လို့ ရှုမြင်သုံးသပ်မိပါတယ်။

ဗီဒီယိုများ