စစ်ရှောင်စခန်းက မီးအိမ်ရှင် (သို့မဟုတ်) နှလုံးသားလှသည့် မထက်ထက်ဇော်

ဆရာမလေးမှာ ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ချောင်းကြီးကျေးရွာဇာတိဖြစ်သည်။ ရွာအနီးတွင် လက်နက်ကြီးများကျရောက်လာသဖြင့် အသက်အန္တရာယ်ကိုစိုးရိမ်ကာ ၂၀၂၀ ပြည့်နှစ် ဇွန်လက စစ်တွေမြို့ပေါ်သို့ စစ်ဘေးခိုလှုံရန် မိဘနှစ်ပါးနှင့်အတူရောက်ရှိလာသူဖြစ်သည်။ ဆရာမလေးမှာ စစ်ဘေးရှောင်စခန်း၌ ခိုလှုံနေသည်မှာ ယခုအခါ တစ်နှစ်ကျော်ကြာမြင့်လာပြီဖြစ်သည်။

By မင်းထွန်း 30 Dec 2021

DMG ၊ ဒီဇင်ဘာ ၃၀

(ဆောင်းပါး)

ဆရာမရွက်ပြသည့် “က ကာ ကား၊ ခ ခါ ခါး၊ စ စာ စား”စာလုံးများကို အတန်းထဲရှိ လက်နှစ်ဖက်ပိုက်ထားကြသော အသက်(၇)နှစ်အရွယ်ကလေးများက အာခေါင်မှထွက်နိုင်သည့် အသံကုန်အောင် ကျယ်လောင်စွာရွတ်ဖတ်နေကြသည်။

ထိုစာသင်ခန်းထဲတွင်ရှိသော ဆရာမအပါအဝင် ကျောင်းသားလေးများမှာ စစ်ပွဲ၏သားကောင်များဖြစ်ကြပြီး ထိုစာသင်ခန်းသည်လည်း စစ်ဘေးရှောင်စခန်းထဲမှ စာသင်ခန်းတစ်ခုဖြစ်သည်။

ရခိုင်မှာ ၂ နှစ်ကြာဖြစ်ပွားခဲ့သော မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ စစ်ရေးပဋိပက္ခအတွင်း မိမိတို့၏ကျေးရွာများကိုစွန့်ခွာကာ အသက်လုထွက်ပြေးလာကြသောသူတို့သည် လက်ရှိအချိန်ထိ နေရပ်သို့မပြန်နိုင်ကြသေးဘဲ စစ်ဘေးရှောင်စခန်းများတွင် ရှိနေကြဆဲဖြစ်သည်။

ထိုသို့နေရပ်မပြန်နိုင်သေးသူများထဲတွင် စစ်တွေမြို့၊ အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်းရှိ လူမှုကယ်ဆယ်ရေးစစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသည့် အသက် ၂၁ နှစ်အရွယ် ဆရာမလေး မထက်ထက်ဇော်လည်း တစ်ဦးပါဝင်သည်။

ဆရာမလေးမှာ ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ချောင်းကြီးကျေးရွာဇာတိဖြစ်သည်။ ရွာအနီးတွင် လက်နက်ကြီးများကျရောက်လာသဖြင့် အသက်အန္တရာယ်ကိုစိုးရိမ်ကာ ၂၀၂၀ ပြည့်နှစ် ဇွန်လက စစ်တွေမြို့ပေါ်သို့ စစ်ဘေးခိုလှုံရန် မိဘနှစ်ပါးနှင့်အတူရောက်ရှိလာသူဖြစ်သည်။ ဆရာမလေးမှာ စစ်ဘေးရှောင်စခန်း၌ ခိုလှုံနေသည်မှာ ယခုအခါ တစ်နှစ်ကျော်ကြာမြင့်လာပြီဖြစ်သည်။

“ရွာနားတွေကို လက်နက်ကြီးတွေနဲ့ပစ်တယ်။ လေယာဉ်က ဗုံးချတာတွေကို တိုက်ရိုက်မြင်ရတယ်။ မနေရဲတော့ စစ်ဘေးရှောင်ဖို့ ရောက်လာတာပါ”

မထက်ထက်ဇော်မှာ ငယ်စဉ်က သူမရည်မှန်းထားခဲ့သော ကျောင်းဆရာမအလုပ်ကို ၂၀၁၆ ခုနှစ်က တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီးနောက်တွင် စတင်ခဲ့သည်။ ဆရာတစ်ဦးမှ စာပြပေးရန်ပြောဆိုလာသဖြင့် မထက်ထက်ဇော်မှာ ဆယ်တန်းကျောင်းသားများကို သင်္ချာဘာသာရပ်အား သုံးလခန့်သင်ခဲ့ရသည်ဟု ပြောသည်။

ထို့နောက် မထက်ထက်ဇော်မှာ မိမိဇာတိကျေးရွာဖြစ်သော မြေပုံမြို့နယ်၊ ချောင်းကြီးကျေးရွာတွင် ပြင်ပကျူရှင်ဆရာမအဖြစ် အလယ်တန်းကျောင်းသူ၊ကျောင်းသားများကို သင်္ချာနှင့် အင်္ဂလိပ်စာဘာသာရပ် ဦးစားပေးသင်ပြခဲ့သည်ဟုဆိုသည်။

ထိုသို့ကျေးရွာ၌ စာသင်ခဲ့သောအချိန်များကို ဆရာမလေး မထက်ထက်ဇော်တစ်ယောက် လွမ်းဆွတ်နေဟန် ရှိသော်လည်း ယခုသူမရောက်ရှိနေသောစာသင်ခန်းထဲမှ စစ်ဘေးရှောင်ကျောင်းသူ၊ကျောင်းသားလေးများမှာ ဆရာမလေး၏ လွမ်းဆွဲစိတ်ကိုဖြေဖျောက်ပေးနိုင်သလို တင်းမာသည့်သံယောဇဉ်ကြိုးများဖြင့်လည်း ရစ်ပတ်ထားကြသည်။

မထက်ထက်ဇော် စစ်ဘေးရှောင်ရန်ရောက်ရှိပြီး မကြာမီမှာပင် သူမခိုလှုံနေသည့် အလိုတော်ပြည့် စစ်ဘေးရှောင်စခန်းမှ ကျောင်းသူ၊ကျောင်းသားများကို စာသင်ပြပေးရန်ပြောဆိုလာသဖြင့် ထိုတာဝန်ကို နှစ်ခါပြန်မစဉ်းစားပဲ လက်ခံခဲ့သည်ဟုဆိုသည်။

“ကိုယ်က ကျောင်းဆရာမအလုပ်ကိုဝါသနာပါတော့ လုပ်ရင်မှန်မယ်။ ကိုယ်သိတဲ့အရာတွေကို စစ်ဘေးရှောင်ကျောင်းသားတွေကို မျှဝေပေးရမှာဖြစ်တဲ့အတွက် လုပ်မယ်လို့ဆုံးဖြတ်ခဲ့တယ်”

မထက်ထက်ဇော်ခိုလှုံနေသည့် အလိုတော်ပြည့်စစ်ဘေးရှောင်စခန်းတွင် ရသေ့တောင်၊ ကျောက်တော်၊ မြေပုံနှင့် ပလက်ဝမြို့နယ်တို့မှ စစ်ဘေးဒုက္ခသည်ဦးရေ (၂၈၀)ခန့်ရှိသည်။ ယင်းအထဲတွင် KG တန်းမှ တက္ကသိုလ်ဝင်တန်းအထိ စစ်ဘေးရှောင်ကျောင်းသား၊သူဦးရေ (၅၀)ခန့် ပါဝင်သည်။

ထိုစစ်ဘေးရှောင်စခန်းမှ တက္ကသိုလ်ဝင်တန်းကျောင်းသားများကို စစ်တွေမြို့ပေါ်ရှိ ပြင်ပကျုရှင်ဝိုင်းများတွင် စာသင်ကြားရန် ဘုန်းတော်ကြီးကျောင်းမှ စီစဉ်ပေးထားသည်။ KG တန်းမှ အဋ္ဌမတန်းအထိ ကျောင်းသားများကိုမူ မထက်ထက်ဇော်နှင့် ရသေ့တောင်မြို့နယ်၊ အဝဒါကျေးရွာမှ မနှင်းဝေချေတို့က စာသင်ပြပေးလျက်ရှိသည်။ ထိုကျောင်းသားများသည် အစိုးရကျောင်းများတွင်လည်း တက်ရောက်လျက် ရှိကြသည်။

ရခိုင်ပြည်နယ်တစ်ခုလုံးတွင် စစ်ဘေးရှောင်ကျောင်းသား၊သူဦးရေ (၇၇၁၄)ဦးရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံး၏ စာရင်းအရသိရသည်။

အလိုတော်ပြည့်စစ်ဘေးရှောင်စခန်းရှိ ကျောင်းသားများ ည ၇ နာရီမှ ၁၁ နာရီအထိသတ်မှတ်ထားပြီး စခန်းရှိ ပညာရေးတွင်အားသန်သူများမှ တာဝန်ယူစောင့်ကြပ်ပေးကြရသည်။

ထိုသို့စောင့်ကြပ်ပေးမည့်ရက်ကို သတ်မှတ်ထားပြီး မထက်ထက်ဇော်မှာ တစ်ပတ်လျှင်လေးရက် ကျောင်းသားများညပိုင်းစာဖတ်ချိန်ကို စောင့်ကြပ်ပေးရသည်။

ယင်းအထဲမှ အဋ္ဌမတန်းနှင့် တက္ကသိုလ်ဝင်တန်း(နှစ်သစ်၊နှစ်ကျ)ကျောင်းသားများ စာဖတ်သည့် နံနက်အာရုံ ၄ နာရီမှ ၆ နာရီအထိကိုလည်း စောင့်ကြပ်ပေးရသည်။

ထိုသို့လုပ်ဆောင်ရ၍ အိပ်ရေးပျက်ပြီး ပင်ပန်းသလိုရှိသော်လည်း စစ်ဘေးရှောင်နေရသည့် ကျောင်းသားများ၏ ဘဝကောင်းစားရေးအတွက်ဟု ဆရာမလေး မထက်ထက်ဇော်က ခံယူထားသည်။

“အိပ်ရေးပျက်တော့ ပင်ပန်းသလိုတော့တွေ့တယ်။ ပင်ပန်းပေမယ့် ကိုယ်တက်နိုင်သလောက် လုပ်ပေးတယ်။ သူတို့ကိုကောင်းစေချင်အတွက် လုပ်ပေးတဲ့ဆန္ဒလေးတစ်ခုနဲ့ဆိုတော့ ကိုယ်ကပင်ပန်းပေမယ့် ဖြေသိမ့်လို့ရတယ်”

စစ်ဘေးရှောင်စခန်းရှိ ကျောင်းသားများ၏ပညာရေးကို ပံ့ပိုးပေးသည့်အနေဖြင့် စခန်းတွင်စာသင်ကြား ပေးနေသော မထက်ထက်ဇော်နှင့် မနှင်းဝေချေတို့ကို LWF အဖွဲ့အစည်းမှ Volunteer အဖြစ်ခန့်အပ်ထားကာ တစ်လလျှင်ငွေတစ်သိန်းကျပ်စီ ထောက်ပံ့ငွေရရှိကြသည်။

ရခိုင်တွင် နှစ်ဖက်တင်းမာပြင်းထန်ခဲ့သော တိုက်ပွဲများ ဆိတ်ငြိမ်လျက်ရှိသည်မှာ တစ်နှစ်ကျော်ကြာမြင့်လာပြီ ဖြစ်သည်။ တိုက်ပွဲကြောင့်နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည့် စစ်ဘေးဒုက္ခသည်နှစ်သိန်းကျော်ထဲမှ အချို့စစ်ဘေးရှောင်များမှာ မိမိနေရပ်သို့ပြန်သွားကြသည်များရှိသော်လည်း လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးသူ ၈ သောင်းခန့်ရှိနေသေးသည်။

စစ်ဘေးရှောင်အများစုမှာ နေအိမ်များ မီးလောင်ပျက်စီးမှု၊ ရွာအနီးတွင် စစ်တပ်မှတပ်စွဲထားမှုနှင့် မြေမြှုပ်မိုင်းအန္တရာယ်တို့ကိုစိုးရိမ်၍ နေရပ်ပြန်ရန်မဖြစ်နိုင်သေးကြောင်း ပြောဆိုကြသည်။

ဆရာမလေး မထက်ထက်ဇော်၏ ဇာတိကျေးရွာဖြစ်သော ချောင်းကြီးကျေးရွာမှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်များမှာ မိမိနေရပ်သို့ပြန်သွားကြပြီဖြစ်သော်လည်း ဆရာမလေးမှာ အခြားသူများကဲ့သို့ နေရပ်မပြန်နိုင်သေးပေ။

ထိုသို့ ဆရာမလေးနေရပ်မပြန်နိုင်ခြင်းမှာ အခြားစစ်ဘေးရှောင်များစိုးရိမ်သကဲ့သို့မဟုတ်ဘဲ မိမိစာသင်ကြားပေးနေသော စစ်ဘေးရှောင်စခန်းမှကျောင်းသားများအတွက် ပညာရေးတွင် နစ်နာသွားမည်ကို စိုးရိမ်သော စိုးရိမ်မှုပင်ဖြစ်သည်။

“ပြန်သွားရင် ကလေးတွေအတွက် ထိခိုက်သွားမှာစိုးရိမ်တယ်။ ကလေးတွေကို ထားပြီးမသွားရဲဘူး”

အလိုတော်ပြည့်စစ်ဘေးရှောင်စခန်းမှ စစ်ဘေးဒုက္ခသည်များအားလုံး ငြိမ်းချမ်းစွာနှင့် လုံခြုံစွာနေရပ်ပြန်နိုင်ပါက မိမိလည်းနေရပ်ပြန်ရန်စိတ်ကူးထားကြောင်း မထက်ထက်ဇော်ကပြောသည်။

“စေတနာ၊ ဝါသနာ၊ အနစ်နာ”တို့ကိုလက်ကိုင်ထားရင်း ကျောင်းသားများကိုစာသင်ပြပေးနေသော ဆရာမလေး မထက်ထက်ဇော်ကို အလိုတော်ပြည့်စစ်ဘေးရှောင်စခန်းမှ စာသင်ခန်းထဲတွင် ဆက်၍တွေ့မြင်နေရအုံးမည်ပင်ဖြစ်သည်။

မင်းထွန်းရေးသားသည်။

ဗီဒီယိုများ