အကာအကွယ်မဲ့နေသော စစ်တလင်းမှ မြေစာပင်များ

“အရီးမှာသားကို ပြန်မရတာတော့မှန်တယ်။ ဒါပေမယ့် အရီးကတော့ လုံးဝမကျေနပ်ဘူး။ အရီးမှာသား တစ်ယောက်သာရှိတယ်။ ရပ်ရွာမှာလည်း တစ်ခါမှ ပြဿနာမဖြစ်ဖူးဘူး။ မောင်နှမငါးယောက်မှာ အကြီးဆုံး သားတစ်ယောက်သာရှိတယ်။ ကျန်တာမိန်းကလေးတွေ။ နောက်နောင် အရီးသားလို မဖြစ်ရအောင် ကာကွယ် ကြစေချင်တယ်။”ဟု ကိုချစ်သူအောင်၏ မိခင်ဒေါ်အေးအေးနုကတောင်းဆိုသည်။

By စိမ်းကိုကို 10 Aug 2019

Written by  စိမ်းကိုကို | DMG

ဓနိအမိုး၊ အကာနှင့် တိုင်အဖြစ်အသုံးပြုသောထား ဝါး တို့မှာ နဂိုရည်မပျက် သစ်လွင်မှုကိုဖေါ်ပြနေသည်။ ကျေးလက်က ဖြစ်သလိုတည်ဆောက်ထားသော အဆိုပါ အိမ်ကလေးအတွင်းရှိ ဝါးကြမ်းခင်းပေါ်၌ အမျိုးသမီး တစ်စု ရောက်ရှိနေကြသည်။ ထိုအမျိုးသမီးစုထဲတွင် ရင်စွယ်ထုငိုကြွေးနေသည့် အသက် ၂၂ နှစ်အရွယ် မိန်းကလေး တစ်ဦးကို အားပေးနှစ်သိမ့်ပေးနေကြသည်။

အမျိုးသမီးငယ်၏ အမည်မှာ မဖြိုးချေဖြစ်ပြီး သူသည် ပြီးခဲ့သည့် သြဂုတ်လ ၁ ရက်နေ့က ပုဏ္ဏားကျွန်းနှင့် စစ်တွေမြို့နယ်အစပ် မင်းချောင်းတံတားပေါ်၌ တပ်မတော်မှ ပစ်ခတ်မှုကြောင့်သေဆုံးသွားသည့် ကိုချစ်သူ အောင် အသက် ၂၆ နှစ်၏ ဇနီးသည်ပင်ဖြစ်သည်။

ကိုချစ်သူအောင် အသက် ၂၆ နှစ်သည် စစ်တွေမြို့နယ် အမြင့်ကျွန်းကျေးရွာသားဖြစ်ပြီး လွန်ခဲ့သော ၇ နှစ် နှစ်ခန့်မှ စကာ ကျေးရွာအနီးတွင်ရှိသော XJ ဂဏန်းဒိုင်၌ အလုပ်လုပ်ကိုင်နေသူဖြစ်သည်။ ပြီးခဲ့သော  ၂နှစ် နှစ်ခန့်က အမြင့်ကျွန်းကျေးရွာအနီး ချီလိုင်ဖင်းကျေးရွာမှ မဖြိုးချေနှင့် အိမ်ထောင်ကျကာ ချီလိုင်ဖင်းကျေးရွာ ၌ နေထိုင်နေကြခြင်းဖြစ်သည်။

သြဂုတ်လ ၁ ရက်နေ့က ကိုချစ်သူအောင်နှင့် ယောက်ဖဖြစ်သူ ကိုဇော်မြင့်လွင်တို့နှစ်ဦးမှာ အလုပ်ပြီး၍ အိမ်ပြန် လာကြစဉ် မင်းချောင်းတံတားပေါ်၌ ကိုချစ်သူအောင် ပစ်ခတ်ခံရခြင်းဖြစ်သည်။

“အလုပ်ကတော့ အတူထွက်လာကြတာ။ သူက ကွမ်းဝယ်မယ်ဆိုပြီး ကွမ်းဝယ်ကျန်ခဲ့တာ။ ကျွန်တော်က ရှေ့ကလာခဲ့တယ်။ ကျွန်တော့်မှာက ဆိုင်ကယ်မီးကောင်းတော့ အဝေးကနေလှမ်းမြင်ရတယ်။ ဒါပေမယ့် တံတားပေါ်မှာ ဘာမှမတွေ့ဘူး။ အနားကိုရောက်မှ ဟေ့ကောင် ရပ်ရပ်လို့ပြောတယ်။ ကျွန်တော်ကရပ်ပေးတယ်။”ဟု ကိုချစ်သူဝင်း ပစ်ခတ်မခံရမည် မိနစ်ပိုင်းအလိုက ဖြစ်စဉ်အပေါ် လွတ် ကိုဇော်မြင့်လွင့်ကပြောသည်။

ကိုချစ်သူအောင်နှင့် ဇော်မြင့်လွင်တို့ လုပ်ကိုင်နေကြသော ဂဏန်းဒိုင်မှာ ပုဏ္ဏားကျွန်းမြို့နယ် ဘက်ခြမ်း တွင်ရှိပြီး၊ သူတို့ပြန်လာသည့် အမြင့်ကျွန်းကျေးရွာနှင့် ချီလိုင်ဖင်းကျေးရွာမှာ စစ်တွေမြို့နယ်ဘက်ခြမ်းတွင် ရှိသည်။ မြို့နယ် နယ်နမိတ်ကို မင်းချောင်းတံတားမှ ပိုင်းခြားထားခြင်းဖြစ်သည်။ အမြင့်ကျွန်းကျေးရွာနှင့် ဂဏန်းဒိုင်ကို မော်တော်ဆိုင်ကယ်ဖြင့် မိနစ်ပိုင်းအတွင်းရောက်နိုင်သည်။ သို့သော် လက်ရှိရခိုင်ပြည်နယ် အတွင်းပဋိပက္ခများကြောင့် မြို့နယ် ၈ ခုကို ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့်အထဲတွင် ပုဏ္ဏားကျွန်းမြို့နယ် လည်းပါဝင်သည်။

သို့သော် အလုပ်နှင့်နီးသည့်အတွက် ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ထုတ်ပြန်ထားသည်ကို သိရှိကြသော်လည်း ပုံမှန်သွားလာ နေကြခြင်းဖြစ်သည်။ ကိုချစ်သူအောင်နှင့် ကိုဇော်မြင့်လွင်တို့အပြင် ကျေးရွာမှ လူတစ်ချို့မှာ လည်း အလုပ်ပြီးလျှင် ပုံမှန်သွားလာနေကြခြင်းပင်ဖြစ်သည်။ ယုံကြည်စိတ်ချစွာဖြင့် သွားလာနေ ကြသည့် ဂဏန်းဒိုင် အလုပ်သမားများနှင့် ကျေးရွာအတွင်းမှ ပုစွန်၊ ဂဏန်း၊ ငါး ရှာဖွယ်စားသောက်နေကြသူများကို ကိုချစ်သူအောင်၏ဖြစ်စဉ်က တုတ်လှုပ်စေခဲ့သည်။

ကိုဇော်မြင့်လွင်သည် အခင်းမဖြစ်မီ မိနစ်အနည်းငယ်က မင်းချောင်းတံတားပေါ်သို့ ဆိုင်ကယ်ဖြင့် တက်လာစဉ် တပ်မတော်မှသားတစ်ချို့က တံတားဘေး လူသွားလမ်းမှ ရုတ်တရက် တားဆီးစစ်ဆေးခံရခြင်းဟု ကိုဇော်မြင့်လွင်ကဆိုသည်။

“စစ်တာက မီးတွေကိုသတ်ပြီးတော့ စစ်တယ်။ ဆိုင်ကယ်မီးကိုလည်းသတ်လိုက်တယ်။ ကျွန်တော်ဖုန်းမီး ထွန်းတော့ ဖုန်းမီးကိုပါသတ်လိုက်တယ်။ စစ်နေတုန်းမှာ ကျွန်တော်မှာ ယောက်ဖတစ်ယောက်လာဦးမယ် နောက်က။ မယုံရင် လို့ ကျွန်တော်ကပြောတယ်။ အဲဒီအချိန်မှာ သူက တံတားဆီကိုတက်လာပြီ။ တက်လာတော့ ဟိုမှာလာပြီ ကျွန်တော့်ယောက်ဖလို့ ပြောတယ်။”ဟု ကိုဇော်မြင်လွင်ကပြောသည်။

သေဆုံးသူ ကိုချစ်သူအောင်စီးနစ်လာသည့် ဆိုင်ကယ်မှာ ရှေ့မီးမကောင်းခြင်း၊ ဘိတ်မမိမှုတို့ရှိသော် လည်း အမြဲတမ်းသွားလာနေကျလမ်းဖြစ်သည့်အတွက် ဆိုင်ကယ်ကို ပုံမှန်အတိုင်းအရှိန်ဖြင့် မောင်းတက်လာစဉ် တပ်မတော်သားတစ်ချို့မှ ရပ်ရပ်ဟု ပြောဆိုသဖြင့် ကိုဇော်မြင့်လွင်ကို စစ်ဆေးနေသည့်နေရာနှင့် ရှေ့အနည်းငယ် အကွာ တံတားဘေးဖက်ကို ဆိုင်ကယ်ကပ်သွားစဉ် တပ်မတော်သားတစ်ဦးမှ ခြေဖြင့် ကန်လိုက်သည့်အတွက် ဆိုင်ကယ်မှာ မှောက်မလိုဖြစ်သွားပြီး  အရှိန်မထိန်းနိုင်ပဲ ဆောင့်ထွက်သွားစဉ် တပ်မတော်သား တစ်ချို့မှ သေနတ်ဖြင့် အချက် ၁၀ ခန့် ပစ်ခတ်လိုက်ကြခြင်းဖြစ်သည်။ ကိုချစ်သူအောင်မှာ အမြင့်ကျွန်းကျေးရွာ ဘက်သို့ အဆင်း တံတား၏ဘယ်ဘက် ပလက်ဖောင်းတွင် လဲကျသွားသည်။

 “ကျွန်တော်တို့က အနီးလေးဆိုတော့ ဒီအတိုင်းပဲသွားနေကြတာ။ အရင်ကလည်း တစ်ခါမှ မဖြစ်ဖူးဘူးလေ။ တစ်ခါတလေ ၁၂ နာရီတောင်တီးသွားတယ်။ ဒီလိုပြောရင်းဆိုရင်းသွားနေကြတာ။ တကယ်တော့ သူတို့ပစ်ဖို့ မလိုဘူး။ အဖွဲ့နှစ်ဖွဲ့သုံးဖွဲ့ရှိတယ်။  ရှေ့မှာလည်း တစ်ဖွဲ့ရှိသေးတယ်။ သူ့ကို တစ်ခုခုနဲ့ လုပ်လိုက်ရင်တောင် ရတယ်။ ပစ်သတ်လိုက်တာကတော့ သိပ်မကောင်းဘူး ”ဟုလည်း ကိုဇော်မြင့်လွင်ကပြောသည်။

ကိုချစ်သူအောင်သည် မောင်နှမ ၅ ဦးထဲတွင် အကြီးဆုံးသားဖြစ်ကာ အလွန်ရိုးသားသူတစ်ယောက်ဖြစ်ကာ ကြောက်တတ်သူတစ်ဦးဖြစ်သည်။ ယင်းအပြင် ယခင်ကလည်း တံတားပေါ်မှာ ခြောက်လှန့်ခံရသည့် ကိစ္စများ ရှိခဲ့သဖြင့် တစ်ဦးတည်းဆိုလျင် ညအချိန်မတော်သွားလာခြင်းမရှိပဲ အဖေါ်ပါမှသာသွားလာတတ်သူဖြစ်သည်။

ပစ်ခတ်မှုဖြစ်ပွားသည့်ကိစ္စအပေါ် တပ်မတော်မှထုတ်ပြန်ရာတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏား ကျွန်းမြို့နယ် နယ်နိမိတ်အကြားရှိ မင်းချောင်းတံတားအနီး လုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ ဝင်များက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၁၄၄ ထုတ်ပြန်ထားသည့် ပုဏ္ဏားကျွန်းမြို့နယ်ဘက်မှ စစ်တွေမြို့နယ်အတွင်းသို့ ဝင်ရောက်လာသော မသင်္ကာဖွယ်ရာသူများအား ဖမ်းဆီး ရမိခဲ့သည်။

ဖြစ်စဉ်တွင် မင်းချောင်းတံတားအနီး လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် သြဂုတ် ၁ ရက် ည ၁၁ နာရီခန့်တွင် ပုဏ္ဏားကျွန်းမြို့နယ်ဘက်မှ စစ်တွေမြို့ဘက်သို့ မောင်းနှင်လာသည့် ဆိုင်ကယ် ၂ စီးအား မသင်္ကာ သဖြင့် ဖမ်းဆီးစစ်ဆေးစဉ် ဇော်မြင့်လွင်(ဘ)ဦးမောင်စံသိန်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရာကြည်ဖြူစွာ အစစ်ဆေးခံခဲ့ပြီး ချစ်သူအောင်(ဘ)ဦးဝင်းအောင်မှာစစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် အရှိန်ပြင်းစွာဖြင့် မောင်းနှင်ထွက်ပြေးသွားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရပ်တန့်ရန် အော်ဟစ်သတိပေး သော်လည်း ရပ်တန့်ခြင်းမရှိသည့်အတွက် ပစ်ခတ်ဖမ်းဆီး ခဲ့ရာ ၎င်းအား အသေဖမ်းဆီးရမိခဲ့သည် ဟုထုတ်ပြန်ထားသည်။

ပုဒ်မ ၁၄၄ နှင့်ပတ်သက်ပြီး မည်သူမဆို၊ သေစေလောက်သော လက်နက်ကို၊ သို့တည်းမဟုတ် ရန်မှုသော လက်နက်အဖြစ်ဖြင့် အသုံးပြုခဲ့သော သေစေတန်ရာသော အရာဝတ္ထုကို ကိုင်စွဲလျက်၊ ဥပဒေနှင့်ဆန့်ကျင်သော အစုအဝေးတွင် ပါဝင်သူဖြစ်လျှင် ထိုသူကို နှစ်နှစ်ထိထောင်ဒဏ်တမျိုးမျိုးဖြစ်စေ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ရာဇသတ်ကြီးတွင်ဖေါ်ပြထားသည်။

ပုဒ်မ ၁၄၄ သည်အထွေထွေအုပ်ချုပ်ရေးဦးဌာနမှ ထုတ်ပြန်ထားသည့်အတွက် အုပ်ချုပ်ရေးပိုင်းကသော်လည်းကောင်း၊ ရဲတပ်ဖွဲ့ကသော်လည်းကောင်း ပုဒ်မ ၁၄၄ ကို ချိုးဖောက်မှုများရှိခဲ့လျင် စစ်ဆေးဆောင်ရွက်ကာ ဥပဒေအရ အရေးယူနိုင်ပြီး ယခုဖြစ်စဉ်မှာလည်း  ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် နယ်မြေတွင် ဖြစ်ပွားခဲ့ခြင်းမဟုတ်သလို ဥပဒေအရ စစ်ဆေးဆောင်ရွက်မည်ဆိုလျှင်လည်း ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် နေရာ၌သာစစ်ဆေးဆောင်ရွက်သင့် သည်ဟု ရှေ့နေတစ်ဦးလည်းဖြစ်  ရခိုင်လူ့အခွင့် အရေးကာကွယ်မြှင့်တင်သူများအဖွဲ့မှ တာဝန်ရှိသူ ဦးဇော်ဇော်မင်းက သုံးသပ်သည်။

“ဧရိယာက ၁၄၄ ဧရိယာထဲမှာမဟုတ်တော့ဘူး။ ဒီဖက်က ၁၄၄ လွတ်တဲ့နေရာကိုရောက်နေပြီဖြစ်တယ်နေရာက ကျွန်တော်တို့သိသလောက်ဆိုရင်။ ပြောရမယ်ဆိုရင်တော့ ဥပဒေမဲ့ သတ်ဖြတ်ခံရတာပေါ့။ ”ဟုဆိုသည်။

ယင်းအပြင် ကိုချစ်သူအောင်သေဆုံးမှုဖြစ်စဉ်သည် လူ့အခွင့်အရေးအရ ဆုံးရှုံးမှုဖြစ်ပြီး မည်သူမဆို ဥပဒေ အောက်တွင် တန်းတူညီမှုရရှိရမည်ဖြစ်သလို နိုင်ငံသားတိုင်းသည် နိုင်ငံတစ်နိုင်ငံ၌ လုံခြုံစိတ်ချစွာနေထိုင်ကြရ မည်ဆိုသည့် အရာများဆုံးရှုံးမှုဖြစ်ပြီး နောက်နောင် ယခုဖြစ်စဉ်မဖြစ်စေရန် ဆင်ခြင်သင့်ကြောင်းလည်း ထောက်ပြသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြား အရပ်သားသေကြေပျက်စီးမှုမှာ မကြာခဏဆိုသလိုဖြစ်ပေါ်နေပြီး ယင်းအထဲမှာ တစ်ချု့ိမှာ အလုပ်ကိစ္စကြောင့်မဖြစ်မနေသွားလာရသည့် ကိစ္စများလည်းပါဝင်သည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့က တောင်မြင့်ကျေးရွာမှ အသက် ၂၂ အနှစ်လူငယ်တစ်ဦးမှာ မိသားစုဝင်များနှင့် အတူ တိမ်ညိုကျေးရွာသို့ မျိုးစပါးပို့ရန် လာစဉ် ပစ်ခတ်ခံရပြီး ဦးခေါင်း ဒဏ်ဖြင့် မြောက်ဦးဆေးရုံကြီးတွင် ကွယ်လွန် ခဲ့ပြီးနောက် အမြင့်ကျွန်းကျေးရွာသား ကိုချစ်သူအောင်ဖြစ်စဉ်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

ဇူလိုင်လ ၂၈ ရက်နေ့ ညနေပိုင်းကလည်း Plan International အဖွဲ့မှ ကိုရဲလင်းနိုင်ဆိုသူမှာ မြောက်ဦးမြို့ ကျောက်ရစ်ကေရပ်ကွက်အတွင်း သွားလာနေစဉ် တပ်မတော်မှ ပစ်ခတ်ခြင်းကိုခံရပြီး ဒဏ်ရာရရှိခဲ့သည်။ ၎င်းမှာ တပ်မတော်စစ်ဆေးရန် တားဆီးစဉ် ထွက်ပြေးသဖြင့် ခြောက်လှန့်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဗိုလ်မှူးကြီး ဝင်းဇော်ဦးက DMG ကိုဖြေဆိုထားသည်။

“အရီးမှာသားကို ပြန်မရတာတော့မှန်တယ်။ ဒါပေမယ့် အရီးကတော့ လုံးဝမကျေနပ်ဘူး။ အရီးမှာသား တစ်ယောက်သာရှိတယ်။ ရပ်ရွာမှာလည်း တစ်ခါမှ ပြဿနာမဖြစ်ဖူးဘူး။ မောင်နှမငါးယောက်မှာ အကြီးဆုံး သားတစ်ယောက်သာရှိတယ်။ ကျန်တာမိန်းကလေးတွေ။ နောက်နောင် အရီးသားလို မဖြစ်ရအောင် ကာကွယ် ကြစေချင်တယ်။”ဟု ကိုချစ်သူအောင်၏ မိခင်ဒေါ်အေးအေးနုကတောင်းဆိုသည်။

တစ်ဖက်တွင်လည်း အမည်မဖေါ်နိုင်သည့် လုပ်ကြံသတ်ဖြတ်မှုများမှာ ရခိုင်ပြည်နယ်အတွင်း မကြာခဏဖြစ်ပေါ်လာသည်။  သြဂုတ်လ ၅ ရက်နေ့က ကျောက်တော်မြို့နယ် ၊ ဆင်အိုးချိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် သာဒါဆိပ်ကျေးရွာမှ ရာအိမ်မှူးတို့နှစ်ဦး ပျောက်ဆုံးသွားပြီးနောက် အလောင်းများကို ဆာလာအိပ်အတွင်း ထိုးသွင်းဒဏ်ရာများနှင့်တွေ့ရှိခဲ့သလို ကျန်တစ်ဦးမှာ ကြိုးတုတ်လျက် ထိုးသွင်းဒဏ်ရာ များစွာဖြင့်တွေ့ရှိခဲ့သည်။

ဤဖြစ်စဉ်မတိုင်မီကလည်း မြေပုံမြို့နယ် ပေါက်တူးတောင်ကျေးရွာမှ သားမက်နှင့်ယောက်ခမဖြစ်သူ နှစ်ဦးကို လူတစ်စုမှ သေနတ်ဖြင့်ပစ်၊ဓားဖြင့်လှီးကာ ရက်စက်စွာသတ်ဖြတ်မှုရှိခဲ့သည်။

ယင်းသို့ ဥပဒေမဲ့စွာ ရက်ရက်စက်စက်သတ်ဖြတ်မှုများသည် ဒေသအတွင်း စိုးရိမ်ကြောက်လန့်စိတ် ပိုမိုဖြစ်လာစေပြီး လူထုအနေဖြင့် တပ်မတော်နှင့် AA နှစ်ဖွဲ့လုံးအပေါ် ယုံကြည်မှု ၊ ကြောက်လန့်မှု များ ပိုမို မြင့်မားလာစေသည်။ နဂိုကမှ ဆင်းရဲတွင်းနက်ထဲတွင်ရောက်နေသော ရခိုင်ပြည်နယ်သည် စစ်ပွဲများ ကြောင့် တစ်ဖန် နက်သထက်နက်သော ဆင်းရဲတွင်းသို့ရောက်ရှိမည့်အခြေအနေဖြစ်သည်။ စစ်ပွဲကြောင့် ပညာရေး၊ ကျန်းမာရေး၊စီးပွားရေးတစ်လုံး ချွန်ခြုံကျနေသည့်အခြေအနေနှင့် ရင်ဆိုင်နေကြရသော ရခိုင်လူထုအပေါ် ယင်းသို့ အကြောက်တရားများလွှမ်းမိုးလာခြင်းသည်  ဒေသအတွင်း အထူးစိုးရိမ်ရသည့် အခြေအနေပင်ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် တရားဥပဒေစိုးမိုးမှုမှာ ယခင်ကတည်းအားနည်းနေခြင်းဖြစ်ပြီး ယခုအချိန်၌ ပိုမိုအားနည်းလာသလို တိုက်ပွဲများအတွင်း အရပ်သားသေဆုံးမှာ တရားဥပဒေစိုးမိုးမှု မရှိခြင်းကြောင့် ဖြစ်ပွားနေခြင်းဖြစ်ပြီး အရပ်သားလူထုကို ကာကွယ်ပေးရမည်မှာ အစိုးရသာဖြစ်သည်။ တစ်ဖက်တွင်းလည်း တိုက်ပွဲအတွင်း  နှစ်ဖက်အဖွဲ့အစည်းများ၏ အပြန်အလှန်စွပ်စွဲပြောဆိုမှုများနှင့် ပတ်သက်ပြီး သတင်းမီဒီယာများကို လွတ်လပ်စွာသတင်းရယူခွင့်ပေးရမည်ဖြစ်သလို သတင်းမီဒီယာ များဘက်ကလည်း အမှန်တရားကိုဖေါ်ထုတ်ရေးသားရန် လိုအပ်သည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက သုံးသပ်သည်။

“ဘယ်သူတာဝန်ရှိလဲဆိုလို့ရှိရင် သေရှာတာတစ်ခုကတော့ အစိုးရသည် တာဝန်အရှိဆုံးဖြစ်တယ်။ အစိုးရသည် ပြည်သူကို ကာကွယ်ရမဲ့တာဝန်ရှိတယ်။ သို့သော် ကာကွယ်ရင်းနဲ့ပဲ ပြည်သူတွေထိခိုက်လာခဲ့ရင် နှစ်ဘက် နှစ်ဘက်လက်နက်ကိုင် တပ်ဖွဲ့တွေမှာ တာဝန်ရှိတယ်။ ဘာကြောင့်လဲဆိုတော့ နှစ်ဘက်အဖွဲ့အစည်းတွေမှာ လက်နက်ရှိတယ်။ ပြည်သူမှာ လက်နက်မရှိဘူး။  ”ဟု ဒေါ်ထုမေက ပြောဆိုသည်။

နှစ်ဖက်တိုက်ပွဲများအတွင်း လူထုမှာ မြေစာပင်ဖြစ်ခဲ့ရပြီး အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးရသည်။ ကျေးလက်နေလူထု ၅၀၀၀၀ ကျော်မှာ စစ်ရှောင်စခန်းများတွင် အစာရေစာ ခေါင်းပါးစွာဖြင့် အသက်မွေးနေ ကြရသည့်အထဲ အပြစ်မဲ့လူထုအပေါ် သံသယများဖြင့် ဥပဒေမဲ့သတ်ဖြတ်နေမှုများကြောင့် လူထုအတွင်း အကြောက်တရားပိုမိုကြီးထွားလာခဲ့သည်။

ထို့ကြောင့် အစိုးရအနေဖြင့်သော်လည်းကောင် နှစ်ဘက်သော တပ်ဖွဲ့များသော်လည်းကောင်း လူထုအပေါ် သံယများစွာဖြင့် စောင့်ကြည့်လျက် ပစ်ခတ်သတ်ဖြတ်ခြင်းများ ဆက်လုပ်နေဦးမည်ဆိုလျင် အထက်ပါ ကိုချစ်သူအောင်တို့လို၊ အုပ်ချုပ်ရေးအဖွဲ့ဝင်တို့လို၊ ကိုမောင်ကြီးတို့လို၊ ကိုရဲလင်းနိုင်တို့လို အဖြစ်ဆိုးကြီးများနှင့် ပြည်သူလူထုမှာ ဒုက္ခပေါ် အပူဆင့်ကာ စစ်ပွဲများကြား၌ အသုံးချခံ မြေစာမြက်ပင်များ ဆက်ဖြစ်နေကြဦး မည်ဖြစ်သည်။

ဗီဒီယိုများ