စစ်ရှိန်မြင့်လာတဲ့ ရခိုင်ဒေသနဲ့ ရက္ခိုင့်တပ်တော်ရဲ့ ရက္ခိတလမ်းစဉ်

စစ်ကောင်စီဟာ (၂၀၂၂ )မေလမှာ ငြိမ်ချမ်းရေးဆွေးနွေးပွဲဖိတ်ခေါ်ခဲ့ပေမယ့် ULA/AA ဘက်က မတက်ရောက်ခဲ့သလို ဒီကာလအတွင်း AA ဘက်က NUG အစိုးရနဲ့တွေ့ဆုံမှုကို လူသိရှင်ကြားပြုလုပ်ခဲ့တာကို တွေ့ရပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ULA/AA နဲ့ စစ်ကောင်ကြား တစ်နှစ်ကျော်အတွင်း အလွတ်သဘော တွေ့ဆုံမှုတွေမှာ ဘာသဘောတူညီမှုမှ မရရှိခဲ့ဘူးဆိုတာ သေချာတယ်လို့ပြောရမှာဖြစ်ပါတယ်။

By မင်းသုတ 27 Jun 2022

DMG ၊ ဇွန် ၂၇

(ဆောင်းပါး)

ရက္ခိုင်ပြည်အတွင်း ပြီးခဲ့တဲ့မေလကတည်းက စတင်အရှိန်မြင့်လာတဲ့ စစ်ဆင်ရေးဟာ တစ်ဖြည်းဖြည်းနဲ့ ပြည်သူကို ရန်လိုတဲ့အသွင်ကိုပါ ဆောင်လာနေတာကိုတွေ့ရပြီး (၂၀၁၉-၂၀၂၀)ကာလကထက် ပိုမိုပြင်းထန်တဲ့ စစ်ရေးလှုပ်ရှားမှုမျိုးကို တွေ့နေရပါတယ်။ ဒါဟာပြီးခဲ့တဲ့ ၂၀၂၁ နိုဝင်ဘာလကစပြီး ငြိမ်းချမ်းနေခဲ့တဲ့ ရက္ခိုင်ပြည်မှာ ပြန်လည်စစ်ရောင်သန်းလာတာလည်း ဖြစ်ပါတယ်။

မြန်မာစစ်တပ်ဟာ လက်ရှိအချိန်မှာ ရက္ခိုင်ပြည်အတွင်း ရေတပ်အင်အားတွေကို တိုးမြှင့်နေပြီး ခြေမြန်တပ်အင်အားကိုလည်း ပြီးခဲ့တဲ့(၂၀၁၉-၂၀၂၀) ကထက် ပိုမိုတိုးချဲ့နေတာကို တွေ့ရပါတယ်။

မြန်မာစစ်တပ်ဟာ(၁-၂-၂၀၂၁) နိုင်ငံတော်အာဏာကို သိမ်းယူလိုက်ပြီးတဲ့နောက်ပိုင်း ပြည်မဒေသအပြင် တိုင်းရင်းသားနယ်မြေတွေဖြစ်တဲ့ ကချင်၊ ကရင်၊ ရှမ်း၊ ချင်း၊ ကယား စတဲ့နေရာတွေနဲ့ စစ်ကိုင်းတိုင်း၊ မန္တလေး၊ ပဲခူး စတဲ့တိုင်းဒေသတွေမှာပါ စစ်ပွဲဖော်နေရပါတယ်။ စစ်ကောင်စီတပ်တွေဟာ လက်ရှိကာလမှာ စစ်ရေးအရ အကြပ်ရိုက်နေတဲ့ကာလလို့ ဆိုရမှာဖြစ်ပေမယ့် ရက္ခိုင်ပြည်အတွင်း လက်ရှိစစ်ရေးပြင်ဆင်လာမှုဟာ အလွန်ရန်လိုတဲ့ အပြုအမူဖြစ်တယ်လို့ဆိုရမှာ ဖြစ်ပါတယ်။

ရက္ခိုင်ပြည်အတွင်း စစ်ရေးလှုပ်ရှားမှုများနဲ့အတူ (၂၀၂၂)ဇွန်လအတွင်း ရက္ခိုင်ပြည် မြို့နယ်တစ်ချို့မှာ အရပ်သားတွေကို စစ်တပ်ကဖမ်းဆီးလာသလို စစ်ဆေးရေးတိုးမြှင့်လာနေတာကို တွေ့ရပါတယ်။ မြန်မာစစ်တပ်ဟာ ထုံးစံအတိုင်း ပြည်သူကိုပစ်မှတ်ထား တိုက်ခိုက်လာတဲ့အခြေအနေကို မြင်တွေ့နေရပါတယ်။

လက်ရှိအချိန်မှာ ရက္ခိုင်ပြည် မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ စစ်တွေ စတဲ့မြို့နယ်တွေမှာ စစ်တပ်က တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံစစ်ဆေးနေတယ်ဆိုတဲ့ သတင်းတွေကိုကြားရတာဟာ အလွန်စိတ်မကောင်းစရာ သတင်းဖြစ်ပါတယ်။

မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဟာ စောင့်ကြည်မယ့်သူလည်း မရှိတဲ့အပြင် နိုင်ငံဟာလည်း အာဏာသိမ်းခံထားရတဲ့အတွက် ကြီးကျယ်သော စီးပွားရေးကျဆင်းမှုတွေနဲ့ရင်ဆိုင်နေရပြီး လူထုဟာ ကုန်ဈေးနှုန်း အကြီးအကျယ်ထိုးတက်နေတာကြောင့် ဆင်းရဲဒုက္ခမျိုးစုံကို ကြုံတွေ့နေကြရတာပါ။ ဒီကြားထဲ ရက္ခိုင်ပြည်အတွင်း ပြီးခဲ့တဲ့(၂၀၁၉-၂၀) စစ်ပွဲကာလက အိမ်မပြန်ရသေးတဲ့ စစ်ဘေးရှောင်ဒုက္ခသည်ပေါင်းလည်း သိန်းချီရှိနေခဲ့တာပါ။

မြန်မာနိုင်ငံကို စစ်တပ်က အာဏာသိမ်းယူခဲပြီးတဲ့နောက်ပိုင်း ရက္ခိုင်ပြည်အတွင်း စစ်ပွဲတွေရပ်တန့်နေခဲ့ပေမယ့် စစ်ဘေးရှာင်ဒုက္ခသည်အရေး၊ မတရား ဖမ်းဆီးခံထားရသူတွေအရေးကို အာဏာသိမ်းစစ်ကောင်စီဘက်က ပြေလည်အောင်လုပ်ပေးခဲ့တာမျိုး မရှိခဲ့သလို စစ်ကောင်စီရဲ့ တပ်စခန်းတွေကိုလည်း ပြန်လည်ရုပ်သိမ်းသွားတာမျိုး လုံးဝမရှိခဲ့ပါဘူး။ သို့သော်လည်း ULA/AA နဲ့ အလွတ်သဘော တွေဆုံမှုကနေတစ်ဆင့် စစ်ပွဲကို ခဏတာရပ်တန့်နေခဲ့တာသာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ (၂၀၂၂ )မေလမှာ ငြိမ်ချမ်းရေးဆွေးနွေးပွဲဖိတ်ခေါ်ခဲ့ပေမယ့် ULA/AA ဘက်က မတက်ရောက်ခဲ့သလို ဒီကာလအတွင်း AA ဘက်က NUG အစိုးရနဲ့တွေ့ဆုံမှုကို လူသိရှင်ကြားပြုလုပ်ခဲ့တာကို တွေ့ရပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ULA/AA နဲ့ စစ်ကောင်ကြား တစ်နှစ်ကျော်အတွင်း အလွတ်သဘော တွေ့ဆုံမှုတွေမှာ ဘာသဘောတူညီမှုမှ မရရှိခဲ့ဘူးဆိုတာ သေချာတယ်လို့ပြောရမှာဖြစ်ပါတယ်။

အေအေဘက်ကတော့ သူတို့လိုချင်တဲ့ နိုင်ငံရေးပုံစံကိုပြောနိုင်သလို စစ်ကောင်စီကလည်း အာဏာသာသိမ်းထားတာ စစ်တပ်ခြေ/ဥဖြစ်တဲ့ (၂၀၀၈)ခြေ/ဥကိုမဖျက်ရဲသလို စစ်တပ်ရဲ့ နိုင်ငံရေးမှာပါဝင်မှုကို တိုးချဲ့ဖို့အတွက် အချိုးကျကိုယ်စားပြုစနစ်(PR)နဲ့ ရွေးကောက်ပွဲပြုလုပ်ဖို့တောင် ကြေညာထားတာကို တွေ့ရပါတယ်။

အချိုးကျကိုယ်စားပြုစနစ်နဲ့ ရွေးကောက်ပွဲကိုပြုလုပ်ရင်‌ ပါတီကြီးကြံ့ဖွတ်ရဲ့ အချိုးကျအမတ်တွေနဲ့ စစ်တပ်ပေါင်းပြီး ခြေ/ဥကို စစ်တပ်အတွက် ပိုမိုခိုင်မာအောင်လုပ်ဆောင်ဖို့ ကြံရွယ်ပုံရပါတယ်။ ဒီရွေးကောက်ပွဲက လုပ်လို့ရနိုင်၊မရနိုင်ကတော့ ဒီအချိန်မှာပြောဖို့စောနေသေးသလို သေချာတာကတော့ စစ်ကောင်စီဟာ အာဏာသိမ်းပြီး တစ်နှစ်ကျော်ကြာလာတဲ့အထိ တိုင်း‌ဒေသကြီးတွေကိုတောင် မထိန်းချုပ်နိုင်သေးပါဘူး။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းဘက်မှာ တိုက်ပွဲတွေ တောက်လျှောက်ပြင်းထန်ခဲ့သလို ကယားပြည်၊ ချင်းပြည်၊ ကချင်၊ ကရင် စတဲ့ဒေသတွေမှာလည်း ဒီနေ့ထိ တိုက်ပွဲကတွေတောက်လျှောက်ပြင်းထန်နေဆဲ ဖြစ်ပါတယ်။ ဒီဒေသတွေမှာ ဒီတစ်နှစ်ကျော်ကာလအတွင်း ကျေးရွာတွေကို စစ်ကောင်စီတပ်သားတွေ မီးရှို့တာလည်း ဒီနေ့ထိရှိနေဆဲဖြစ်ပါတယ်။

အခုရက္ခိုင်ပြည်မှာ စစ်ကောင်စီတပ်သားတွေဟာ မြောက်ဦးမြို့နယ်မှာဆိုရင် ကျောင်းသားတွေကိုပါ ဖမ်းဆီးနေတာကိုတွေ့ရပြီး ကျောင်းဖွင့်ခါစ ကလေးတွေအတွက် လုံခြုံမှုတွေသေဆုံးခဲ့ကြပြီဖြစ်ပါတယ်။ ULA/AA ဘက်ကလည်း စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်သားတွေကို ပြန်လည်ဖမ်းဆီးနေတာကိုတွေ့ရပြီး ရက္ခိုင်ပြည်ဟာ လူဖမ်းပွဲကြီးနဲ့ ပြည့်နှက်နေတယ်လို့ဆိုရမှာပါ။ ကုန်ခဲ့တဲ့တစ်နှစ်ကျော်ကာလက စစ်ပွဲဒဏ်ကို အကြီးအကျယ်ခံခဲ့ရတဲ့ ရက္ခိုင်ပြည်သူတွေဟာ ကျီးလန့်စာစားဘဝကို ပြန်ရောက်နေကြပြီဖြစ်ပါတယ်။

စစ်ကောင်စီဟာ ရက္ခိုင်ပြည်အတွင်း (၂၀၁၇)မောင်တောမြောက်ပိုင်းမှာ ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကိုပြုလုပ်ခဲ့သလို (၂၀၁၉-၂၀)ကာလအတွင်းမှာလည်း ရသေ့တောင်မြို့နယ်မှာ ဗုံးခိုကျင်းမှာပုန်းနေတဲ့ မိသားစုကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သလို နောက်ထပ်လည်း အဲလိုပြစ်မှုမျိုးပေါင်းများစွာရှိခဲ့တာပါ။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးအတွက် မဲဆွယ်ကာလကို စတင်လိုက်တဲ့နေမှာဘဲ ရခိုင်ပြည်နယ် မြေပုံမြို့နယ် ညောင်ကန်ကျေးရွာကို မြန်မာ့တပ်မတော်က (၈-၉-၂၀၂၀)ရက်နေ့ နံနက်(၁၀)နာရီမှာ လက်နက်ကြီးနဲ့ ကျေးရွာအတွင်းသို့ပစ်ခတ်ခဲ့တာကြောင့် လူငါးဦးသေဆုံးပြီး (၇)ဦးဒဏ်ရာရရှိခဲ့ပါတယ်။ အလားတူဖြစ်ရပ်လိုဘဲ ကျောက်တော်မြို့နယ်၊ တောင်ပေါက်ကျေးရွာနဲ့ ဘုရားကုန်းကျေးရွာသို့ (၃-၈- ၂၀၂၀)မှာ မြန်မာစစ်တပ်မှဝင်ရောက်ပြီး ကျေးရွာအတွင်းမီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေ(၂၅၀)နီးပါး မီးလောင်ပျက်စီးခဲ့ပြီး လမ်းပြအဖြစ်ခေါ်လာတဲ့ ကျေးရွာသားနှစ်ဦးကို ပစ်သတ်ခဲ့ပါတယ်။

အခုလည်း စစ်ကောင်စီဘက်က ရက္ခိုင်ပြည်အတွင်းဖမ်းဆီးမှုတွေဟာ စစ်ရာဇဝတ်မှုတွေဖြစ်ပြီး ပြည်သူလူထု ပစ်မှတ်ထားတဲ့အခြေအနေကို မြင်တွေ့နေရတာဟာ အလွန်တုန်လှုပ်ဖွယ်ကောင်းတဲ့ အခြေအနေတွေလည်း ဖြစ်ပါတယ်။ မြန်မာ့အရေးဟာ နှစ်ပေါင်းခုနှစ်ဆယ်ကျော်အထိ ဆွေးနွေးလို့မရနိုင်သေးသလို ငြိမ်းချမ်းရေးကလည်း ဝေးသထက်ဝေးနေဦးမှာဖြစ်ပါတယ်။

မြန်မာစစ်တပ်ဟာ ခေတ်အဆက်ဆက် ဖက်ဒရာယ်ပြည်ထောင်စုစနစ်ကို ခွဲထွက်ရေးလို့ ဝါဒဖြန့်ချိခဲ့ပြီး ခုချိန်ထိလည်း တိုင်းရင်းသားတွေတောင်းဆိုနေတဲ့ ဖက်ဒရာယ်ပြည်ထောင်စုစနစ်ကို ငြင်းဆိုနေတဲ့ လူမျိုးကြီးဝါဒီကို စွဲကိုင်ထားကြသူတွေဖြစ်ပါတယ်။

ရက္ခိုင့်တပ်တော်(AA)ခေါင်းဆောင်တွေဟာ စကတည်းက ကွန်ဖက်ဒရိုက်ကို ကြွေးကြော်ထားသူတွေဖြစ်ပြီး ဒါဟာစစ်ကောင်စီအတွက်ရော ဗမာနိုင်ငံရေးသမားတွေပါ နားခါးတဲ့ နိုင်ငံရေးရပ်တည်ချက်ဖြစ်ပါတယ်။ ရက္ခိုင့်တပ်တော် ခေါင်းဆောင်တွေလိုချင်တဲ့ နိုင်ငံရေးဟာလည်း ဆွေးနွေးမှုကနေရနိုင်တဲ့ နိုင်ငံရေးမျိုး ဖြစ်လာဖို့တော့ အတော်ဝေးနေဦးမယ်လို့မြင်ပါတယ်။

စစ်ကောင်စီဟာ ရက္ခိုင့်တပ်တော်ကို ဗမာပြည်တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ PDF တွေကို မပူးပေါင်းဖို့ မျှော်လင်ခဲ့ပုံရပါတယ်။ သို့သော်လည်း ရက္ခိုင့်တပ်တော်ဟာ ကျောင်းသားတပ်တော်ကိုဖွဲ့စည်းပေးခဲ့ပြီးနောက် NUG နဲ့ဆက်ဆံရေးကို တည်ဆောက်လိုက်တာကိုတွေ့ရပြီး ဒါဟာ စစ်ကောင်စီအတွက် အတော်ကို ထိတ်လန့်ခဲ့ပုံရပါတယ်။ ဒါကြောင့်လည်း ရက္ခိုင်ပြည်ကို စစ်ရေးအရပြန်လည်လုပ်ဆောင်လာခဲ့ပြီး ရက္ခိုင်လူထု အပြည့်အဝထောက်ခံအားပေးထားတဲ့အတွက် လူထုကို ပိုမိုပစ်မှတ်ထားလာတာကို တွေ့ရပါတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီတပ်သားတွေ စစ်ပမ်းနေတယ်လို့ဆိုနိုင်ပေမယ့် ရက္ခိုင်ပြည်အတွင်း လက်နက်ကြီးတပ်တွေကို အဓိကထားပြင်ဆင်နေတာကိုကြည့်ရင် စစ်ကောင်စီဟာ ကျေးရွာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ သေချာပါတယ်။ ဒါကြောင့် ရက္ခိုင်ပြည်တွေအနေနဲ့လည်း သတိထားပြင်ဆင်သင့်တယ်လို့မြင်ပါတယ်။

ဒီတစ်ခေါက် ရက္ခိုင်ပြည်အတွင်း တိုက်ပွဲပြန်လည်ဖြစ်ပွားလာခဲ့ပါက ပေးဆပ်မှုလည်းကြီးနိုင်သလို ရက္ခိုင့်တပ်တော်အနေနဲ့လည်း ရလာဒ်ကိုလည်း ထိုက်တန်အောင် လုပ်ဆောင်လာနိုင်ပါတယ်။

လာမယ့် ရက္ခိုင်ပြည်စစ်ပွဲဟာ  မြန်မာနိုင်ငံရဲ့ပုံစံကိုပါ ပြောင်းလဲသွားနိုင်တဲ့အခြေအနေကို ပိုင်ဆိုင်ထားပါတယ်။ ရက္ခိုင်ပြည်က ထုတ်ယူရောင်းချနေတဲ့ သဘာဝဓာတ်ငွေ့ဝင်ငွေဟာလည်း တစ်နှစ်ကို အမေရိကန်ဒေါ်လာ တစ်ဘီလီယံထိရှိနေပြီး ကမ္ဘာ့အင်အားကြီးတရုတ်က ဝယ်ယူနေတာဖြစ်ပါတယ်။

ရက္ခိုင်ပြည်နယ်ကိုအခြေပြုပြီး ဒေါ်လာဘီလီယံဆယ်ချီမြှုပ်နှံထားတဲ့ တရုတ်အနေနဲ့ ရက္ခိုင်ပြည်အတွင်း တိုက်ပွဲဖြစ်မှာကိုမလိုလားပေမယ့် ရက္ခိုင့်တပ်တော်ဘက်ကရော၊ စစ်ကောင်စီဘက်ကပါ ရပ်တည်မှာတော့ မဟုတ်ပါဘူး။ တရုတ်ကတော့ ရက္ခိုင်ပြည်စစ်ပွဲမှာ နိုင်တဲ့ဘက်ကရပ်တည်ဖို့ သေချာတယ်လို့မြင်ပါတယ်။

ရက္ခိုင်ပြည်အတွင်း တရုတ်နဲ့ စင်ကာပူရောက်တရုတ်တို့ ကျောက်ဖြူမြို့နယ်အတွင်း မြေဧကသိန်းချီ ဝယ်ယူထားကြတာကို ကြည့်ခြင်းအားဖြင့် တရုတ်ဟာ ရက္ခိုင်ပြည်တောင်ပိုင်းကို စီးပွားရေး မြို့တော်အဖြစ် ရှုမြင်ထားပြီးသားဖြစ်ပါတယ်။ ဒါကြောင့် အင်အားကြီးတရုတ်ဟာ နိုင်တဲ့သူနဲ့ပူးပေါင်းမှာဖြစ်သလို ရှုံးတဲ့သူနဲ့လည်း မိတ်မပျက်အောင် ဆက်ဆံရေးတည်ဆောက်မှာဖြစ်ပါတယ်။

အခုလက်ရှိပြုလုပ်နေကြတဲ့ အပြန်အလှန်လူဖမ်းပွဲကြီးဟာ ၂၀၁၈ မှာ ရက္ခိုင်ပြည်မှာအခြေချလာခဲ့တဲ့ ရက္ခိုင့်တပ်တော်ရဲ့ ရက္ခိုင်ပြည်အတွင်း လွှမ်းမိုးနိုင်စွမ်းကိုပြသနေတာဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း ရက္ခိုင်မြေဟာ သူတို့အချုပ်အခြာအာဏာဖြစ်ကြောင်း မျိုးစုံပြသနေတာကိုတွေ့ရပါတယ်။ လက်ရှိ ရက္ခိုင်ပြည်အတွင်းက လူဖမ်းပွဲဟာ ရက္ခိုင်အချုပ်အခြာအာဏာ စိန်ခေါ်ပွဲဖြစ်သလို နှစ်ဖက်ထိပ်တိုက်တွေ့မှုလည်းဖြစ်သွားနိုင်ပြီး ဆွေးနွေးမယ်ဆိုရင်တောင် ရက္ခိုင်တပ်တော်ရဲ့တောင်းဆိုချက်ကို စစ်ကောက်စီဘက်က လက်လျှော့ရဖို့သေချာပါတယ်။

လက်ရှိတစ်နိုင်ငံလုံး နိုင်ငံရေး၊ စစ်ရေးအရ ရှေ့တန်း‌ရောက်နေတဲ့ရက္ခိုင့်အရေးဟာ စစ်ကောင်စီအတွက် လက်လွှတ်ခံမှာမဟုတ်ဘဲ ပြင်းထန်တဲ့တုန့်ပြန်မှုနဲ့ ရင်ဆိုင်လာနိုင်တယ်ဆိုတာတော့ ကြိုတွေးထားကြဖို့ လိုအပ်တယ်လို့မြင်ပါတယ်။ ရက္ခိုင်ပြည်အတွင်း ဒီထိပ်တိုက်တွေ့မှုဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးကိုပါ အပြောင်းအလဲဖြစ်သွားစေနိုင်ပြီး ပြင်းထန်းတဲ့မုန်တိုင်းကြီးကိုဖြတ်ကျော်ကာ နှစ်နှစ်အတွင်း ရက္ခိုင်တစ်ပြည်လုံးနီးပါးကို ထိန်းချုပ်ထားနိုင်တဲ့ ရက္ခိုင့်တပ်တော်ဘက်ကလည်း အိမ်စာပြီးထားပြီးသား ဖြစ်နိုင်ပါတယ်။

ဒီတစ်ကြိမ်ဟာ ရက္ခိုင့်တပ်တော်ဘက်က အိမ်စာပြီးထားတယ်ဆိုရင်တော့ AA ဗိုလ်ချုပ် ကြွေးကြော်ချီတက်နေတဲ့ ရက္ခိတလမ်းစဉ် ရက္ခိုင့်အချုပ်အခြာအာဏာဟာ ခရီးတစ်ဆုံးထိရောက်သွားနိုင်မှာဖြစ်ပြီး ရက္ခိုင်ပြည်ရဲ့ အနာဂတ်ဟာလည်း ရက္ခိုင့်တပ်တော်ကဖန်းတီးတဲ့ အခြေအနေကို ရောက်ရှိနိုင်မယ်လို့မြင်ပါတယ်။

မင်းသုတ-ရေးသည်

ဗီဒီယိုများ