ရန်အောင်မြေ စစ်ဘေးရှောင်စခန်းမှ ချစ်စရာလူငယ်များ

ကျန်းမာရေးမကောင်းသောလူနာများအား ဆေးရုံတက်နိုင်ရန်အတွက် ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြသည်။ စခန်းရှိ ပျက်စီးယိုယွင်းနေသော အိမ်သာများအား ပြုပြင်မှုများ ပြုလုပ်ခဲ့ကြသည်။ ကိုဗစ်ပြင်းထန်သည့်ကာလက စားဝတ်နေရေးအဆင်မပြေသည့် မိသားစုအချို့နှင့် သက်ကြီးရွယ်အိုအချို့အား ထောက်ပံ့ငွေများ ပေးအပ်နိုင်ခဲ့ကြသည်။ အရေးပေါ်သွေးလိုအပ်နေသော လူနာများအတွက်လည်း သွေးလှူဒါန်းမှုများ ပြုလုပ်ခဲ့ကြသည်။

By မောင်မေယု(ဘူးသီးတောင်) 22 Oct 2021

DMG ၊ အောက်တိုဘာ ၂၂

(ဆောင်းပါး)

တစ်နေ့တွင် စာရေးသူတို့နေအိမ်သို့ စစ်ဘေးရှောင်စခန်းမှ တူမငယ်တစ်ဦး ရောက်ရှိလာခဲ့သည်။ တူမငယ်သည် ဘူးသီးတောင်မြို့ရှိ ရန်အောင်မြေစစ်ဘေးရှောင်စခန်းတွင် နေထိုင်သူဖြစ်သည်။ သူမတို့၏ စစ်ဘေးရှောင်စခန်းတွင် လူငယ်များစုပေါင်းပြီး “ရန်အောင်မြေ ပရဟိတလူငယ်များကွန်ရက်” တစ်ခုဖွဲ့ထားကြောင်းဆိုသည်။ ထို့ကြောင့် စာရေးသူအနေဖြင့် နိုင်သလောက်လှူဒါန်းမှု ပြုခဲ့သည်။

ရခိုင်ပြည်တွင် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)၏ ထုတ်ပြန်ချက်အရ လက်ရှိတွင် စစ်ဘေးဒုက္ခသည် (၁၈၅၆၃၁) ဦးရှိကြောင်း သိရှိရသည်။ ထိုအထဲမှ ဘူးသီးတောင်မြို့နယ်တွင် ဒုက္ခသည်စခန်း(၉)ခုထိရှိပြီး စစ်ဘေးဒုက္ခသည် (၈၆၈၀)ဦးထိရှိသည်။ စစ်ဘေးဒုက္ခသည်အများစုသည် စားဝတ်နေရေးကျပ်တည်းမှု ရှိကြသည်။ ထို့ကြောင့် စခန်းပြင်ပတွင် ကျဘန်းလုပ်ကိုင် စားသောက်ကြရသည်။ ကျဘန်းဆိုသည့်အတိုင်း အဆင်ပြေသည့်နေ့ ရှိသလို အဆင်မပြေသည့်နေ့များလည်း ရှိကြသည်။ သူတို့၏ အခက်ခဲဆုံးအချိန်များသည် ကိုဗစ်ရောဂါပြင်းထန်သည့် ကာလတွင်ဖြစ်သည်။ ကိုဗစ်ကာလတွင် အလှူရှင်များ ပုံမှန်ထက်နည်းပါးသည့်အတွက်  စားဝတ်နေရေးခက်ခဲသည့် မိသားစုများ ရှိလာကြသည်။ ထိုမိသားစုများအား ကူညီထောက်ပံ့မှုများ ပြုလုပ်ချင်သည့်အတွက် ဤပရဟိတ လူငယ်များကွန်ရက်ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ရန်အောင်မြေပရဟိတလူငယ်များကွန်ရက်၏ အဖွဲ့ဝင် ကိုဝေယံစိုးမှ ပြောပြသည်။

“ကိုဗစ်ကာလမှာ ကျွန်တော်တို့က ပြင်ကိုထွက်ပြီးအလုပ်မလုပ်ရဘူး။ ဒါကြောင့် စားဝတ်နေရေးက အဆင်မပြေ ကျပ်တည်းကြပါတယ်။ ကယ်ဆယ်ရေးမှာက အပြင်မှာထွက်ပြီးအလုပ်လုပ်မှ ဝဝလင်လင်စားရတာပါ။ ကိုဗစ်ကာလမှာ အပြင်ကိုထွက်ပြီး အလုပ်မလုပ်ရတော့ စားဝတ်နေရေးကျပ်တည်းတဲ့ မိသားစုတွေကို မြင်ရပါတယ်။ ဒါကြောင့် ဒီပရဟိတကွန်ရက်ငယ်တစ်ခုကိုဖွဲ့ကြဖို့ တိုင်ပင်ခဲ့ကြတာပါ။ ပြည်တွင်း၊ ပြည်ပက အသိမိတ်ဆွေအလှူရှင်တွေကြောင့် အကောင်အထည်ပေါ်ခဲ့ပါတယ်”

ရန်အောင်မြေပရဟိတလူငယ်များကွန်ရက်တွင် ရန်အောင်မြေစစ်ဘေးဒုက္ခသည်စခန်းမှ ပရဟိတလုပ်ငန်းကို စိတ်ဝင်စားသော လူငယ်(၂၆)ခန့် ပါဝင်သည်ကိုတွေ့ရှိရသည်။ ထိုကွန်ရက်၏ရွယ်ရည်ချက်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် အရေးပေါ် လူမှုကယ်ဆယ်ရေးတို့ဖြစ်သည်။

“စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့လူတွေကို လုပ်အားအဖြစ်သော်လည်းကောင်း၊ ငွေကြေးအဖြစ်သော် လည်းကောင်း တတ်နိုင်တဲ့ဖက်ကကူညီဖို့ ဆန္ဒတွေ၊ နောက်ပြီး ကျန်းမာရေးမကောင်းတဲ့သူတွေအတွက် သွေးလိုရင် သွေး၊ အရေးပေါ်ကားတွေလိုအပ်ရင်လည်း အနောက်တံခါးလူမှုကယ်ဆယ်ရေးအသင်း(WDAB)နဲ့ ချိတ်ဆက်ပြီး ကူညီပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဒီကွန်ရက်ကိုဖွဲ့ဖြစ်ခဲ့ကြပါတယ်” ဟု ကွန်ရက်၏ဥက္ကဌဖြစ်သူ ကိုအောင်ဌေးမှ ပြောပြသည်။

သူတို့၏ရွယ်ရည်ချက်များအတိုင်း လုပ်ဆောင်နိုင်ခဲ့ကြသည်ကိုလည်း တွေ့ရှိရသည်။ ပျက်စီးနေသော ဒုက္ခသည် စခန်းအဝင်လမ်းအား ကားများဝင်ထွက်နိုင်အောင် ကျောက်ခင်း၍ပြုပြင်ခဲ့ကြသည်။ မိမိတို့၏ စစ်ဘေးရှောင်စခန်းမှ ကလေးမွေးဖွားရန်အတွက် ငွေကြေးအခက်အခဲဖြစ်နေသည့် မွေးလူနာများအား ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြသည်။ 

ကျန်းမာရေးမကောင်းသောလူနာများအား ဆေးရုံတက်နိုင်ရန်အတွက် ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြသည်။ စခန်းရှိ ပျက်စီးယိုယွင်းနေသော အိမ်သာများအား ပြုပြင်မှုများ ပြုလုပ်ခဲ့ကြသည်။ ကိုဗစ်ပြင်းထန်သည့်ကာလက စားဝတ်နေရေးအဆင်မပြေသည့် မိသားစုအချို့နှင့် သက်ကြီးရွယ်အိုအချို့အား ထောက်ပံ့ငွေများ ပေးအပ်နိုင်ခဲ့ကြသည်။ အရေးပေါ်သွေးလိုအပ်နေသော လူနာများအတွက်လည်း သွေးလှူဒါန်းမှုများ ပြုလုပ်ခဲ့ကြသည်။

စခန်းတွင်း စခန်းပြင် သန့်ရှင်းရေးအတွက်လည်း အမှိုက်ပုံများကို စနစ်တကျထားရှိခြင်း၊ အမှိုက်ကို စနစ်တကျ စွန့်ပစ်ကြရန် တိုက်တွန်းမှုများကို အင်တိုက်အားတိုက်ပြုလုပ်ခဲ့ကြသည်။

“ရန်အောင်မြေကယ်ဆယ်ရေးမှာ အမှိုက်ပုံးတွေမရှိ၊ အမှိုက်တွေကို ဖြစ်သလိုပစ်နေကြတယ်။ ဒါကြောင့် ဘေးပတ်ဝန်းကျင် သန့်ရှင်းမှုမရှိခဲ့ပါ။ အခုဆိုရင် ကျွန်တော်တို့က အမှိုက်ပုံးတွေ စနစ်တကျလုပ်ပေးထားတဲ့အတွက် အဆင်ပြေသွားပါတယ်။ ဆရာတော်ဘုရားရဲ့အကူအညီကြောင့် စည်ပင်အမှိုက်ကားကလည်း တနင်္လာနေ့တိုင်း အမှိုက် လာသိမ်းပေးပါတယ်”ဟု အဖွဲ့ဝင် ကိုဝေယံစိုးကဆိုသည်။

ဤစခန်းတွင် ဤသို့ပရဟိတလူငယ်ကွန်ရက်ရှိလာခြင်းကြောင့် စခန်းသည် စည်းလုံးမှုအားကောင်းလာပြီး ပုံမှန်ထက် သန့်ရှင်းလာခဲ့သည်ကို တွေ့ရှိရကြောင်း စခန်းတွင်နေထိုင်သူ ဒေါ်ပြည့်ဖြိုးလှိုင်ကဆိုသည်။

“အရင်ထက်ဆိုရင် အခုပိုပြီးကောင်းမွန်လာခဲ့ပါတယ်၊ စခန်းကလည်း သန့်ရှင်းလာပါတယ်၊ လူငယ်လေးတွေလည်း စည်းစည်းရုံးရုံး ရှိလာခဲ့ပါတယ်”

ရန်အောင်မြေပရဟိတလူငယ်များကွန်ရက်သည် စခန်း၏ရုပ်ဝတ္ထုများကို ပြုပြင်ပေးသည့်အပြင် စိတ်ဓါတ်ခွန်အားများ ပေးခြင်းကိုလည်း ပြုလုပ်ခဲ့ကြသည်။ စစ်ဘေးရှောင်စခန်းတွင် ဆင်းဆင်းရဲရဲနှင့် နေထိုင်ကြရသော ကလေးငယ်များအား မုန့်ကိုက်ပွဲ၊ ဘူးရိုက်ပွဲ စသည့်ပျော်ရွှင်စရာကစားပွဲများကို ပြုလုပ်ပေးကြသည်။

၂၀၂၁ ခုနှစ် စက်တင်ဘာ ၉ နေ့က ကျရောက်ခဲ့သော (၈၂)နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့တွင်လည်း အခမ်းအနားများ ပြုလုပ်ပေးခဲ့ကြသည်။ ယင်းအပြင် ကလေးသူငယ်များ စာဖတ်ဝါသနာရှိလာပြီး ပညာရေးနှင့် မဝေးကြစေရန် စာကြည့်တိုက်တစ်ခုကိုလည်း တည်ဆောက်နေကြသည်။ စာကြည့်တိုက်ပြုလုပ်ခြင်းနှင့် ပတ်သက်၍ ကွန်ရက်၏ ဥက္ကဌမှ ဤသို့ပြောသည်။

“လူငယ်တွေ ပညာရေးနှင့်ဝေးနေချိန် တစ်ဖက်တစ်လမ်းက ဘယ်လိုကူညီပေးနိုင်မလဲလို့ စဉ်းစားဖြစ်ကြပါတယ်၊ ဒါကြောင့် တတ်နိုင်တဲ့အလှူရှင်တွေကို ဖိတ်ခေါ်ပါတယ်၊ ဝါးလှူကြတယ်၊ အုန်းလှူကြတယ်၊ သစ်တွေလည်း လှူကြပါတယ်၊ ကျွန်တော်တို့လုပ်အားနဲ့ပေါင်းပြီး ဤစာကြည်တိုက်ကို ပြုလုပ်ခဲ့ကြပါတယ်။ အခုတော့ မပြီးမြောက်သေးပါ။ ၇၅ ရာခိုင်နှုန်းလောက်တော့ ပြီးနေပါပြီ၊ စာအုပ်တွေလည်း လိုအပ်နေပါသေးတယ်”

ဤကွန်ရက်အနေဖြင့် မိမိတို့၏စခန်းအပြင် အခြားစခန်းများကိုလည်း ကူညီပေးမှုများရှိသည်ဟု သိရှိရသည်။ မြတောင်ကယ်ဆယ်ရေးစခန်းမှ နာရေးများနှင့် ဆေးရုံတက်ရန်ငွေးကြေး အခက်ခဲဖြစ်နေသော လူနာများအား ငွေကြေး ထောက်ပံ့မှုများပြုလုပ်ခဲ့ကြသည်။ အမှိုက်သန့်ရှင်းရေးများကိုလည်း အခြားစခန်းများသို့သွားပြီး ပြုလုပ်ရန်ရှိကြောင်း သိရှိရသည်။

ဤကွန်ရက်တစ်ခုရှိခြင်းကြောင့် အားကိုးရသည်ဟုလည်း မြတောင်ကယ်ဆယ်ရေးစခန်းမှ တာဝန်ခံ တစ်ဦးဖြစ်သူ ဦးမောင်ခင်ညွန့်မှဆိုသည်။

“အဲဒီကလေးတွေ လုပ်နေတာမြင်ရလို့ ဝမ်းသာပါတယ်၊ ပီတိလည်းဖြစ်ပါတယ်၊ ပြီးရင် ကျွန်တော်တို့မှာ တစ်ခုခု လိုအပ်လာရင် သူတို့ကိုလှမ်းပြီး အကူအညီတောင်းရတာတွေရှိပါတယ်၊ ဒါကြောင့် ကျွန်တော်တို့အတွက် အားကိုးလည်းရပါတယ်”

ဤသို့စစ်ဘေးရှောင်စခန်းတွင် ပရဟိတလူငယ်ကွန်ရက်ဖွဲ့ထားခြင်းမျိုး စခန်းအများစုတွင် မတွေ့ရှိရကြောင်း မြောက်ဦးမြို့မှ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူ ကိုခိုင်မင်းသျှင်ကဆိုသည်။ ဤသို့ဖွဲ့ထားခြင်းသည် စခန်းအတွက် အကျိုးရှိသည့်အတွက် အခြားစခန်းများတွင်လည်း ဖွဲ့ထားသင့်ကြောင်း ထောက်ပြသည်။

“စခန်းတွင်းထဲမှာ ဖွဲ့ထားတာကောင်းပါတယ်၊ တခြားစခန်းတွေမှာလည်း ဖွဲ့ထားသင့်ပါတယ်၊ စခန်းတွင်းထဲမှာ ပရဟိတအဖွဲ့တွေရှိရင် ချိတ်ဆက်ဆောင်ရွက်ရတာလည်းကောင်းပါတယ်၊ နောက်ပြီး စခန်းထဲက ပြသနာတွေ ကိုလည်း အချိန်မှီဖြေရှင်းနိုင်ပါတယ်”ဟု ကိုခိုင်မင်းသျှင်ကဆိုသည်။

စစ်ဘေးရှောင်စခန်းမှာ နေထိုင်ကြချိန်တွင် ဤသို့အုပ်စုဖွဲ့၍ ပရဟိတပြုလုပ်ခဲ့ကြသည့်အတွက် မိမိတို့ ရပ်ရွာများသို့ ပြန်ရောက်ချိန်မှာလည်း ဤလူငယ်များသည် ရပ်ရွာအကျိုးပြုပရဟိတလူငယ်များ ဖြစ်လာမည်။ ဤလူငယ်များ ဦးဆောင်မှုဖြင့် ရပ်ရွာအကျိုးပြုအဖွဲ့များပေါ်လာနိုင်ကြောင်း ဘူးသီးတောင်မြို့မှ ပရဟိတလူငယ် ကိုအောင်ချေမှ ဆိုပါသည်။

“စစ်ဘေးရှောင်စခန်းမှာ ဤသို့အဖွဲ့ဖွဲ့ထားတာဟာ စခန်းအတွက်အကျိုးရှိပါတယ်၊ သူတို့ကယ်ဆယ်ရေးစခန်းမှ ပြန်သွားကြရင်လည်း ကိုယ့်ရပ်ကိုယ့်ရွာမှာ ပိုပြီးလုပ်နိုင်မှာပါ။ အခုဆိုရင် ဒီကွန်ရက်မှာက တစ်ရွာက နှစ်ယောက် ပါတာလည်းရှိမယ်၊ သုံးယောက်ပါတာလည်းရှိမယ်။ သူတို့ဦးဆောင်မှုနဲ့ ရပ်ရွာတွေမှာလည်း ပရဟိတအဖွဲ့တွေ ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ ရပ်ရွာတွေအတွက် ပိုပြီးအကျိုးရှိလာနိုင်ပါတယ်”

ပရဟိတအလုပ်ဆိုသည်မှာ လူတိုင်းလုပ်နိုင်သည့် အလုပ်မဟုတ်ချေ။ ထိုအလုပ်ကို စစ်ဘေးစစ်ဒဏ်ကို လက်တွေ့ ခံစားခဲ့ကြရသော ရန်အောင်မြေစစ်ဘေးရှောင်စခန်းမှလူငယ်များ လုပ်နိုင်ခဲ့ကြသည်။

သူတို့၏ လုပ်ဆောင်ချက် များကြောင့် ရန်အောင်မြေစစ်ဘေးရှောင်စခန်းတွင် ကောင်းကျိုးများဖြစ်ထွန်းခဲ့သည်။  သူတို့၏ လုပ်ဆောင်ချက် များသည် အတုယူစရာကောင်းသည့်အတွက် အခြားစစ်ဘေးရှောင်စခန်းများမှ လူငယ်များသည်လည်း ဤသို့ အဖွဲ့ငယ်များဖွဲ့ပြီး စခန်း၏ပြဿနာများကို မိမိတို့တတ်နိုင်သလောက် ဖြေရှင်းသင့်ပေသည်။

မောင်မေယု(ဘူးသီးတောင်)ရေးသားသည်။

ဗီဒီယိုများ