အသက်သွင်းရမည့် ရခိုင်ပြက္ခဒိန်

အမှန်တကယ်တွင် ညောင်ရေသွန်းရန်လာကြသည့် အမျိုးသမီးများလည်း မမှားသကဲ့သို့ ညောင်ပင်အောက်တွင် ဆွေးနွေးနေကြသည့် ပုဂ္ဂိုလ်များလည်းမမှားပေ။ ထိုနေ့ထိုရက်သည် မြန်မာပြက္ခဒိန်အရဆိုလျှင် ကဆုန်လပြည့်နေ့ဖြစ်ပြီး ရခိုင်ပြက္ခဒိန်အရဆိုလျှင် ကဆုန်လပြည့်နေ့မဟုတ်သေးပေ။ ထို့ကြောင့် တစ်ချို့က မြန်မာပြက္ခဒိန်ကိုသာ လက်ဝယ်ပိုင်ဆိုင်သိမ်းဆည်းထားပြီး ကဆုန်လပြည့်နေ့ဟုဆိုကာ ညောင်ရေသွန်းရန်လာကြခြင်းဖြစ်သည်။

22 Nov 2021

DMG ၊ နိုဝင်ဘာ ၂၂

(ဆောင်းပါး)

ရွာလယ်တွင်ရှိသည့် ညောင်ပင်ကြီးသည် အရိပ်ကောင်းသဖြင့် လူကြီး၊လူငယ်များ၏ နားခိုရာဖြစ်သည်။ လူကြီးများသည် အပင်အောက်တွင်ထိုင်လျက် လေညှင်းခံကာ စကားစမြည်များပြောဆိုနေ၏။ ဤညောင်ပင်သည် ရွာသားများအဖို့ တိုင်းရေးပြည်ရေး၊ ရပ်ရေးရွာရေးကိစ္စရပ်များကို ဆွေးနွေးကြသည့် ညီလာခံသဘင်ဆိုလျှင်လည်း မမှားပေ။

လူငယ်များအဖို့တော့ ညောင်ပင်၏အရိပ်အာဝါသအောက်တွင် ခြင်းလုံးခတ်ကာ ပျော်ရွှင်စရာကို ဖန်တီးနေကြသကဲ့သို့ တစ်ချို့ကလေးများမှာမူ လိုက်တမ်း၊ပြေးတမ်းကစားကာ တစ်နေ့တာကို ဖြတ်သန်းနေကြသည်။ ပုံမှန်ဆိုလျှင်တော့ ထိုညောင်ပင်အောက်၌ကျင်းပနေသည့် ညီလာခံသဘင်နှင့် ကစားပွဲတော်များသည် ညနေ ၅ နာရီခန့်တွင် ပြီးဆုံးသည်။

သို့သော် ယနေ့တွင်ကား ပွဲတော်များမသိမ်းသေးမီ သက်ကြီးပိုင်းအမျိုးသမီးများနှင့် မိန်းမပျိုလေးများသည် ရေအိုးများကိုခေါင်းတွင်တင်ကာ ယောဂီအင်္ကျီများကိုဝတ်ဆင်လျက် ညောင်ပင်အောက်လာကြသည်။ ညောင်ပင်၏အရိပ်ကို ခိုလှုံနေသူများသည် ထိုအမျိုးသမီးများကို အဘယ်ကြောင့်လာကြသနည်းဟု မေးသည့်ပုံစံမျိုးဖြင့် ကြည့်နေကြ၏။

ထိုအမျိုးသမီးများမှာ ယနေ့ကဆုန်လပြည့်နေ့ဖြစ်သောကြောင့် ညောင်ရေသွန်းရန်လာကြခြင်းဖြစ်သည်။ ထိုစဉ် ညီလာခံသဘင်ကျင်းပနေသူတစ်ချို့နှင့် ထိုအမျိုးသမီးတို့အကြား စကားစစ်ထိုးပွဲဖြစ်လာ၏။ အမျိုးသမီးများကလည်း ယနေ့ကဆုန်လပြည့်နေ့သည်ဟူသည့်အချက်အလက်ကို အခိုင်အမာကိုင်ကာ တိုက်ပွဲဝင်ကြသကဲ့သို့ ညောင်ပင်အောက်ရှိအမျိုးသားတစ်ချို့ကလည်း ယနေ့သည် ကဆုန်လပြည့်နေ့ မဟုတ်သေးဟု ငြင်းခုံလျက်ရှိသည်။

ကဆုန်လပြည့်နေ့ ဟုတ်၊ မဟုတ် အချိန်အတန်ကြာငြင်းခုံကြပြီးနောက် အမျိုးသမီးများသည်လည်း နောက်ပြန်မဆုတ်ကြတော့ပေ။ ကဆုန်လပြည့်နေ့ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ကိစ္စမရှိ။ ဗုဒ္ဓမြတ်စွာဘုရားရှင်အားရည်စူး၍ ရေလောင်းပူဇော်ပြီးလျှင် အိမ်သို့ပြန်သွားခဲ့ကြသည်။ ထို့ပြင် ညောင်ပင်အောက်တွင် ထိုင်နေကြသူများလည်း မိမိနေအိမ်များသို့ ပြန်သွားကြလေပြီ။
ညောင်ပင်ကြီး၏ သစ်ရွက်နုကလေးများမှာ ရေပက်ဖြန်းခံရသောကြောင့် လန်းဆန်းနေသယောင်ဖြစ်သွားသည်။ ညောင်ပင်အောက်တွင် ထွန်းညှိပူဇော်ခဲ့သောဆီမီးတိုင်များမှာ တစ်လက်လက်တောက်ပြောင်နေကာ နံသာတိုင်၏ ရနံ့များမှာလည်း မွှေးပျံ့ကြိုင်လှိုင်နေသည်။

အမှန်တကယ်တွင် ညောင်ရေသွန်းရန်လာကြသည့် အမျိုးသမီးများလည်း မမှားသကဲ့သို့ ညောင်ပင်အောက်တွင် ဆွေးနွေးနေကြသည့် ပုဂ္ဂိုလ်များလည်းမမှားပေ။ ထိုနေ့ထိုရက်သည်မြန်မာပြက္ခဒိန်အရဆိုလျှင် ကဆုန်လပြည့်နေ့ဖြစ်ပြီး ရခိုင်ပြက္ခဒိန်အရဆိုလျှင် ကဆုန်လပြည့်နေ့မဟုတ်သေးပေ။ ထို့ကြောင့် တစ်ချို့က မြန်မာပြက္ခဒိန်ကိုသာ လက်ဝယ်ပိုင်ဆိုင်သိမ်းဆည်းထားပြီး ကဆုန်လပြည့်နေ့ဟုဆိုကာ ညောင်ရေသွန်းရန်လာကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် မြန်မာပြက္ခဒိန်ရှိသကဲ့သို့ ရခိုင်လူမျိုးတို့မှာလည်း ရခိုင်ပြက္ခဒိန်ရှိသည်။ မြန်မာပြက္ခဒိန်များတွင် မြန်မာသက္ကရာဇ်၊ ခရစ်သက္ကရာဇ်များဖြင့် ခမ်းနားစွာထုတ်ဝေကြသည်။ ရခိုင်ပြက္ခဒိန်များမှာ ရခိုင်သက္ကရာဇ်အပါအဝင် မြန်မာသက္ကရာဇ်၊ ခရစ်သက္ကရာဇ်တို့ကိုပါ ထည့်သွင်းထုတ်ဝေကြသည်။ မြန်မာနိုင်ငံတွင် မြန်မာသက္ကရာဇ်၊ ခရစ်သက္ကရာဇ်တို့ကိုသိကြသော်လည်း ရခိုင်သက္ကရာဇ်ကိုမူ သိသူအလွန်နည်းသည်။

ရခိုင်သက္ကရာဇ်နှင့် မြန်မာသက္ကရာဇ်တို့သည် တစ်နှစ်တည်းတွင်ကျရောက်သော်လည်း တစ်ချို့လများတွင် မတူညီသည့်အချက်များရှိကြသည်။ ဥပမာဆိုရလျှင် လထပ်နှစ်တို့တွင် ရခိုင်ကဆုန်လပြည့်နေ့သည် မြန်မာထက်တစ်လနောက်ကျတတ်သည်လည်းရှိ၏။ ထိုအခါများတွင် မြန်မာပြက္ခဒိန်ကိုင်ဆိုင်ထားသူများအဖို့ ပြက္ခဒိန်စာရွက်ကိုလှန်ပြီးလျှင် “ယနေ့ကဆုန်လပြည့်နေ့၊ ညောင်ရေသွန်းရန်သွားမည်”ဆိုသည့်စကားများ ထွက်ပေါ်လာခြင်းဖြစ်သည်။

တစ်ဆက်တည်းတွင် ရခိုင်ကဆုန်လပြည့်ကျော် တစ်ရက်နေ့သည် ရခိုင်အမျိုးသားနေ့ဖြစ်သည်။ ယင်းသက္ကရာဇ်နှစ်တွင် ရခိုင်ကဆုန်လပြည့်ကျော်တစ်ရက်နှင့် မြန်မာကဆုန်လပြည့်ကျော်တစ်ရက်တို့ တူညီနေလျှင် ပြဿနာမရှိပေ။ သို့သော် ကွဲပြားနေလျှင်တော့ ဇဝေဇဝါဖြစ်နိုင်သည်။ မြန်မာပြက္ခဒိန်သည် ရခိုင်ပြက္ခဒိန်ထက် ကဆုန်လပြည့်ကျော်တစ်ရက်နေ့ ကျ‌ရောက်မှုမြန်ခဲ့သော် မြန်မာပြက္ခဒိန် လက်ဝယ်ကိုင်ဆောင်ထားသူများအဖို့ အခက်တွေ့စရာပင်ဖြစ်သည်။

ထိုသူများအဖို့ မြန်မာပြက္ခဒိန်တွင်ဖော်ပြပါရှိသည့် မြန်မာသက္ကရာဇ်အရ ကဆုန်လပြည့်ကျော်တစ်ရက်နေ့သည် ရခိုင်အမျိုးသားနေ့ဟု ထင်မှတ်စရာဖြစ်သွားသည်။ ထိုသို့ထင်မှတ်မှုကြောင့် တစ်ချို့က ပွဲစီစဉ်မှုများပင်ပြုလုပ်ခြင်းရှိပေသည်။ ဗဟုသုတရှိသူတစ်ချို့ထောက်ပြမှ ယနေ့သည် ရခိုင်ကဆုန်လပြည့်ကျော်တစ်ရက်နေ့ မဟုတ်သေးကြောင်းသိရှိသွားပြီး အမျိုးသားနေ့ပွဲတော်ကျင်းပခြင်းမပြုလုပ်သေးဘဲ ရခိုင်ကဆုန်လပြည့်ကျော် တစ်ရက်နေ့ရောက်အောင်အထိ စောင့်ဆိုင်းသူများလည်း ရှိပေသည်။

ရခိုင်ပြည်နယ်တွင်ထုတ်ဝေကြသည့် ပြက္ခဒိန်များတွင် ရခိုင်သက္ကရာဇ်ပါရှိသည့် ပြက္ခဒိန်အလွန်နည်းပါးသည်။ မြန်မာနိုင်ငံပြက္ခဒိန်အကြံပေး ဥက္ကဌ- ၁ ၊ ဒေါက်တာဦးအောင်ချစ်ထုတ်ဝေသည့် “ဓညဝတီ ပြက္ခဒိန်”တစ်ခုသာရှိသည်။ ထိုပြက္ခဒိန်သည်လည်း ရခိုင်ပြည်နယ်တစ်ဝှမ်းတွင် ကျယ်ကျယ်ပြန့်ပြန့်မသုံးစွဲကြပေ။ တစ်ချို့ရွာများတွင် ဓညဝတီပြက္ခဒိန် တစ်စောင်မှမရှိသည့်ရွာများရှိသကဲ့သို့ တစ်စောင်၊ နှစ်စောင်ခန့်သာရှိသည့်ရွာများရှိပေရာ အလွန်တရာ အသုံးနည်းလှပေသည်။

ဓညဝတီပြက္ခဒိန်ကို တစ်နှစ်လျှင် စောင်ရေ ၅၀၀၀ ခန့်သာ ထုတ်ဝေသည်။ လူဦးရေသုံးသန်းကျော်နေထိုင်သည့် ပြည်နယ်တွင် အဆိုပါစောင်ရေပမာဏသာထုတ်ဝေခြင်းမှာ အလွန်နည်းပါးသည်။ ဝယ်ယူအားပေးသူနည်းပါးသောကြောင့်လည်း ထိုသို့ထုတ်ဝေမှုနည်းပါးခြင်း ဖြစ်ပေလိမ့်မည်။

ရခိုင်ပြည်နယ်တွင် မြို့နယ်အသီးသီးမှလည်း ပြက္ခဒိန်မျိုးစုံထုတ်ဝေကြသည်။ ဘုရားပွဲအထိမ်းအမှတ်၊ အသင်းအဖွဲ့အစည်းအဝေးအထိမ်းအမှတ်၊ ရန်ပုံငွေရရှိရေး စသည့်ပုံစံမျိုးစုံဖြင့် ပြက္ခဒိန်များကို နှစ်စဉ်ထုတ်ဝေကြသည်။ သို့သော် ထိုပြက္ခဒိန်များမှာ ရခိုင်မူမဟုတ်ဘဲ မြန်မာပြက္ခဒိန်မူအတိုင်းသာဖြစ်သည်။ အမှန်စင်စစ်အားဖြင့် ထိုပြက္ခဒိန်များသည် ကျေးလက်မြို့ရွာအနှံ့ ပြန့်နှံ့သည်။ အဘယ်ကြောင့်ဆိုသော် ဖြန့်ချိသူများသည် မြို့၊ရွာအထိကွင်းဆင်းပြီး ရောင်းချမှုများရှိသောကြောင့် ဝယ်ယူသုံးစွဲမှုများပြားခြင်းဖြစ်သည်။

ဈေးဆိုင်များတွင်ဆိုလျှင်လည်း ခေါက်ဆွဲကြော်ငြာ၊ ထီးကြော်ငြာ၊ အလှကုန်ပစ္စည်းကြော်ငြာ စသည့် မြန်မာပြက္ခဒိန်များမှာ မြိုင်မြိုင်ဆိုင်ဆိုင်ချိတ်ဆွဲထားသည်။ ရခိုင်သက္ကရာဇ်ပါရှိသည့် ဓညဝတီပြက္ခဒိန်ကိုမူ ချိတ်ဆွဲထားမှုအလွန်နည်းပါးသည်ကိုတွေ့ရသည်။ ဤမျှ လူဝင်၊လူထွက်များသည့်ဈေးဆိုင်များတွင် ဓညဝတီ ပြက္ခဒိန်ကိုချိတ်ဆွဲထားရန် ကောင်းပါသည်။

ရခိုင်ပြည်နယ်က ထုတ်ဝေကြသည့် ဓညဝတီပြက္ခဒိန်ကလွဲပြီး ကျန်ပြက္ခဒိန်များသည် ရခိုင်မူအရထုတ်ဝေခြင်းမပြုခြင်းမှာ ဓညဝတီပြက္ခဒိန်များ၏ မူပိုင်ခွင့်ကန့်သတ်ချက်ကြောင့်ဖြစ်နိုင်ပေသည်။

“ဓညဝတီပြက္ခဒိန်နှင့် ဓညဝတီသင်္ကြန်စာ အတုအပပြုလုပ်သူများအား ဥပဒေအရအရေးယူမည်”ဟု ပြက္ခဒိန်တွင် သတိပေးထားထားသည်။ ထိုအချက်များကြောင့် မြို့နယ်အသီးသီးကထုတ်ဝေသည့် ပြက္ခဒိန်များမှာ ရခိုင်မူအရထုတ်ဝေရန် လက်တွန့်ခြင်းဖြစ်ပေလိမ့်မည်။

မည်သို့ပင်ဆိုစေ ရခိုင်ပြည်နယ်တစ်ဝန်းလုံးတွင် ရခိုင်မူအရထုတ်ဝေကြသော ရခိုင်ပြက္ခဒိန်သုံးစွဲမှု ကျယ်ပြန့်စေချင်သည်။ မြို့နယ်အသီးသီးက ပြက္ခဒိန်ထုတ်ဝေကြသည့်ပုဂ္ဂိုလ်များအနေဖြင့်လည်း ဓညဝတီပြက္ခဒိန်မူပိုင်ရှင်ဖြစ်သည့် ဒေါက်တာဦးအောင်ချစ်က ဆွေးနွေးညှိနှိုင်းကာ ရခိုင်မူပြက္ခဒိန်ထုတ်ဝေရန် ကြိုးပမ်းသင့်ပေသည်။ သို့ဆိုလျှင် ရခိုင်သက္ကရာဇ်ပါသည့် ပြက္ခဒိန်များကို ရခိုင်သားတိုင်း ပိုင်ဆိုင်နိုင်ကြပေလိမ့်မည်။

ရခိုင်သူ၊ရခိုင်သားတို့သည် မြန်မာကဆုန်လပြည့်နေ့နှင့် ရခိုင်ကဆုန်လပြည့်နေ့ကိုလည်း မှားကြလိမ့်မည်မဟုတ်တော့ချေ။ ရခိုင်သက္ကရာဇ်ပါဝင်သည့် ပြက္ခဒိန်များကျယ်ပြန့်လာသည်နှင့်အမျှ ထိုပြဿနာများကို ဖြေရှင်းပြီးသားဖြစ်ပေလိမ့်မည်။ ရခိုင်သူ၊ရခိုင်သားများလည်း မိမိတို့ပြည်နယ်ကထွက်ရှိသည့် ရခိုင်သက္ကရာဇ်ပါရှိသည့် ရခိုင်မူပြက္ခဒိန်များကို ဝယ်ယူအားပေးသင့်သည်။

ရခိုင်ရွာတိုင်း၊ မြို့တိုင်းတွင် ရခိုင်မူပြက္ခဒိန်များ ကျယ်ကျယ်ပြန့်ပြန့်မရောက်စေကာမူ အနည်းငယ်မျှရောက်ရုံနှင့် အရိပ်အာဝါသကောင်းသည့် ညောင်ပင်အောက်သို့ မှားယွင်းပြီး ညောင်ရေလောင်းရန် လာရောက်ကြတော့မည်မဟုတ်ပေ။ ထိုနေ့တွင် လူငယ်၊လူရွယ်များလည်း လွတ်လွတ်လပ်လပ် ပျော်ရွှင်စွာကစားနေမည်ဖြစ်ပေသည်။

ရခိုင်ကဆုန်လပြည့်နေ့ရောက်မှသာလျှင် ရခိုင်ဓလေ့ထုံးစံအရ ညောင်ရေသွန်းလောင်းကြပေလိမ့်မည်။ ရခိုင်ကဆုန်လပြည့်ကျော် တစ်ရက်နေ့သို့ရောက်မှသာလျှင် ရခိုင်အမျိုးသားနေ့အခမ်းအနားကို ခမ်းခမ်းနားနားကျင်းပကြပေလိမ့်မည်။

ရခိုင်၏ နိုင်ငံရေး၊ လူမှုရေးနယ်ပယ်သည် ဒီရေအလားပြောင်းလဲမြန်ဆန်နေသည့်ကာလတွင် ရခိုင်သားတိုင်း ရခိုင်မူပြက္ခဒိန်ကိုင်ဆောင်ရေးသည်လည်း အရေးပါသည့်အချက်တစ်ခုဖြစ်သည်။

အမျိုးသားရေးပြေးလမ်းပေါ်တွင်ရှိသည့် ရခိုင်မူပြက္ခဒိန်ကို ရခိုင်သားတိုင်း ကိုင်‌ဆောင်နိုင်ရေးကို အသက်သွင်းသင့်ပြီး အသင့်ဝင်မည့်ရက်များကို ရင်ခုန်စွာဖြင့်စောင့်မျှော်နေမိပါသည်။

ဖဒူ ထွန်းအောင်‌ ရေးသားသည်။

ဗီဒီယိုများ