ကျောင်းသားလူငယ်တို့၏ ထောင်နန်းစံ ပေးဆပ်မှု

ကိုကျော်နိုင်ဌေးမှ မြန်မာစစ်တပ်ကို ဝေဖန်ထောက်ပြမှုများပြုလုပ်သည့်ချိန်တွင် တပ်တွင်း တာဝန်ထမ်းဆောင် နေသည့်ဖခင်မှာ ဖိအားပေးခံရမှုများရှိလာသည်။ (၅၄၀)တပ်ရင်းအတွင်း နေထိုင်ကြသည့် မိသားစုဝင်များမှာ တပ်ပြင်ပတွင်နေထိုင်ရမည်အနေအထားအထိ ဖိအားပေးခံခဲ့ရသည်ဟု ကိုကျော်နိုင်ဌေး၏ အကိုဖြစ်သူ ကိုကျော်မင်းဌေးက ပြောသည်။

By သားကြီးသြရသ 20 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၂၀

(ဆောင်းပါး)

“ပြည်နယ်အစိုးရအား အယုံကြည်မရှိ”ဟု ရခိုင်ပြည်နယ်အစိုးရရုံးရှေ့တွင် လက်သီးလက်မောင်းတန်း၍ အော်ဟစ်ဆန္ဒဖော်ထုတ်ခဲ့သည့် အသက် ၂၀ ကျော်အရွယ် လူငယ်များထဲတွင် ကိုကျော်နိုင်ဌေးလည်းတစ်ဦး ပါဝင်ခဲ့သည်။

ကိုကျော်နိုင်ဌေးအပါအဝင် ကျောင်းသားလူငယ်သုံးဦးတို့သည်  “ပြည်နယ်အစိုးရအား အယုံအကြည်မရှိ”၊  “ဖက်ဆစ်လူသတ်ဝါဒ ဆန့်ကျင်ကြ”၊ “4G အင်တာနက်ပြန်ဖွင့်ပေးရေး”၊ “No Bloody Government”၊ “No Murder Army” စသည့်ကြွေးကြော်သံများဖြင့် ဆန္ဒပြခဲ့ကြသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား တိုက်ပွဲပြင်းထန်နေသည့်ကာလက  ရခိုင်မှ မြို့နယ် ၇ ခုနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် အင်တာနက်လိုင်းများဖြတ်တောက်ခံရခြင်း၊ အပြစ်မဲ့အရပ်သား ပြည်သူများ မတရားဖမ်းဆီးနှိပ်စက်ခံရခြင်းများ၊ ကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှု များကြောင့် ဒေသခံများ နေ့စဉ်ရက်ဆက်သေဆုံး၊ဒဏ်ရာရရှိခြင်းတို့ကို မလိုလားကြောင်း ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့က ပြည်နယ်အစိုးရရုံးရှေ့တွင် ရခိုင်လူငယ်သုံးဦးတို့က ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။

ဆန္ဒဖော်ထုတ်သည့် ရခိုင်လူငယ်သုံးဦးမှာ စစ်တွေကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုတိုးတိုးအောင်၊ ရခိုင်ပြည် ကျောင်းသားသမဂ္ဂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေးနှင့် စစ်တွေကွန်ပျူတာ တက္ကသိုလ်မှ ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်တို့ဖြစ်ကြသည်။
အသက်(၂၄)အရွယ် ကိုကျော်နိုင်ဌေးက ရခိုင်ပြည်အတွင်း အရပ်သားပြည်သူများ ဥပဒေမဲ့ သတ်ဖြတ်ခံနေရသည်များကို မလိုလားသည့်အတွက် ဆန္ဒဖော်ထုတ်ရခြင်းဖြစ်သည်ဟု ပြောသည်။

“ရခိုင်ပြည်သူလူထုကို အပြစ်မဲ့ဖမ်းဆီး၊ နှိပ်စက်တယ်။ ရွာတွေကို မီးရှို့တယ်။ ဒီလိုလုပ်ရပ်တွေကို လုံးဝ လက်မခံနိုင်ဘူး။ ဥပဒေမဲ့ ပြည်သူလူထုကို နှိပ်စက်သတ်ဖြတ်နေတာကို ကန့်ကွက်ရှုတ်ချတယ်”
ကိုကျော်နိုင်ဌေးသည် စစ်တပ်မိသားစုဝင်တစ်ဦးဖြစ်သည်။ စစ်တွေတက္ကသိုလ်တွင် ဥပဒေဘာသာရပ်ဖြင့် ပညာသင်ကြားနေသည့် စတုတ္ထနှစ်ကျောင်းသား ကိုကျော်နိုင်ဌေးတွင် မိသားစု(၉)ဦးရှိပြီး ဖခင်ဖြစ်သူမှာ မြောက်ဦးမြို့ (၅၄၀)တပ်ရင်းတွင် တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သား တပ်ကြပ်အဆင့်ရှိသူ ဖြစ်သည်။

ကိုကျော်နိုင်ဌေးမှ မြန်မာစစ်တပ်ကို ဝေဖန်ထောက်ပြမှုများပြုလုပ်သည့်ချိန်တွင် တပ်တွင်း တာဝန်ထမ်းဆောင် နေသည့်ဖခင်မှာ ဖိအားပေးခံရမှုများရှိလာသည်။ (၅၄၀)တပ်ရင်းအတွင်း နေထိုင်ကြသည့် မိသားစုဝင်များမှာ တပ်ပြင်ပတွင်နေထိုင်ရမည်အနေအထားအထိ ဖိအားပေးခံခဲ့ရသည်ဟု ကိုကျော်နိုင်ဌေး၏ အကိုဖြစ်သူ ကိုကျော်မင်းဌေးက ပြောသည်။

“ရုံးတက်ပြီး လက်မှတ်ထိုးရတယ်။ နောက်တစ်ကြိမ်မဖြစ်စေရဘူးပေါ့။ ဖြစ်ရင် တပ်ထဲမှာမနေရဘဲ တပ်အပြင်မှာ ထွက်ပြီးနေရမယ်လို့ပြောတယ်”

ကိုကျော်နိုင်ဌေးမှာ ကျောင်းမပြီးဆုံးသေးသဖြင့် ဆန္ဒဖော်ထုတ်မှုများဆက်ပြီးမလုပ်ရန် မိသားစုဝင်များက ကိုကျော်နိုင်ဌေးကို တိုက်တွန်းတားမြစ်ခဲ့ကြသည်။ ယင်းသို့သော အခြေအနေများမှာ ကိုကျော်နိုင်ဌေး၏ အများအတွက်ဆောင်ရွက်ချက်များကို အဟန့်အတားတစ်ခုဖြစ်စေခဲ့သည်။ ထိုအခြေအနေများကြောင့် ကိုကျော်နိုင်ဌေးဆုံးဖြတ်ခဲ့သည်မှာ ၎င်းကိုအမွေစားအမွေခံသားအဖြစ်မှ စွန့်လွှတ်ပေးရန် မိဘနှစ်ပါးအား မေတ္တာရပ်ခံခဲ့ခြင်းပင်ဖြစ်သည်။

ရခိုင်ပြည်သူများ မတရားဖမ်ဆီးနှိပ်စက်ခံနေရခြင်းကို ရခိုင်ပြည်သူတစ်ဦးအနေဖြင့် နှုတ်ဆိတ်လက်ပိုက်ပြီး မကြည့်နိုင်သဖြင့် ရှေ့ဆက်တိုက်ပွဲဝင်သွားမည်ဟု ကိုကျော်နိုင်ဌေးက ဖွင့်ဟသည်။

“ပြည်သူလူထုအတွက်ဆိုရင် ထောင်ပဲဝင်ရဝင်ရ၊ အစာငတ်ပဲ ခံရခံရ၊ ကျနော့်အသက်ကို ပဒါဏမထားဘဲနဲ့ လုပ်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်”
မြောက်ဦးမြို့ ၅၄၀ တပ်ရင်းထဲတွင် ကြီးပြင်းလာခဲ့သော ကိုကျော်နိုင်ဌေးသည် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ဖြစ်လာချိန်မှစပြီး အဆိုပါတပ်ဝင်းထဲသို့ ဝင်ခွင့်မရရှိတော့ပေ။ တပ်တွင်းရှိ မိသားစုဝင်တို့နှင့် တွေ့ဆုံရန် သွားသော်ငြားလည်း တွေ့ခွင့်မရဘဲ တပ်ပြင်ပ၌သာတွေ့ဆုံရသည်။
မိသားစုဝင်များမှာလည်း ကိုကျော်နိုင်ဌေး ပညာသင်ယူနေသည့် စစ်တွေမြို့သို့လာရောက်ပြီး တွေ့ဆုံကြရကြောင်း ကိုကျော်နိုင်ဌေးနှင့် အနီးကပ်လုပ်ဖော်ကိုင်ဖက် တက္ကသိုလ်ကျောင်းသားတစ်ဦးက ပြောပြသည်။

“သူ(ကိုကျော်နိုင်ဌေး) ကျောင်းသားသမဂ္ဂမှာ အလုပ်လုပ်တယ်ဆိုကတည်းကနေ သူ့အဖေကို ရှေ့တန်းကို ပို့လိုက်တယ်။ သူကျောင်းသားသမဂ္ဂက မထွက်လို့ဆိုပြီးပေါ့။ တပ်ရဲ့ ဗိုလ်ကျအနိုင်ကျင့်မှုတွေကို သူ့စိတ်ထဲမှာ အများကြီး မုန်းတီးတာတွေကို မကြာမကြာရင်ဖွင့်တယ်”

ပြည်နယ်အစိုးရရုံးရှေ့တွင် စစ်ဆန့်ကျင်ရေးဆန္ဒဖော်ထုတ်စဉ်အတွင်း ကိုကျော်နိုင်ဌေးအပါအဝင် ကျောင်းသားသုံးဦးတို့မှာ ရဲတပ်ဖွဲ့ကဖမ်းဆီးခြင်းကိုခံခဲ့ရသည်။ ၎င်းကျောင်းသားသုံးဦးကို ၂၀၂၀ ခုနှစ်  စက်တင်ဘာလ ၁၀ ရက်နေ့တွင် ဘေး/စီ/မံဥပဒေပုဒ်မ-၂၅ /၂၉ တို့ဖြင့်အမှုဖွင့်ပြီး စက်တင်ဘာလ ၂၄ ရက်နေ့အထိ ချုပ်ရမန်ယူစစ်ဆေးခဲ့သည်။

၂၀၂၀ ခုနှစ်၊ စက်တင်ဘာ ၂၂ ရက်နေ့တွင် ကျောင်းသားသုံးဦးမှာ ဘေး/စီ/မံဥပဒေဖြင့် ငြိစွမ်းမှုမရှိသဖြင့် ငြိမ်းစုစီဥပဒေပုဒ်မ-၁၉ ဖြင့် စစ်တွေမြို့နယ်တရားရုံးတွင် ထပ်မံပြောင်းလဲအမှုဖွင့်ခံရပြီး ယင်းနေ့တွင် အာမခံ ရရှိခဲ့သည်။

အာမခံဖြင့် တရားရင်ဆိုင်နေစဉ်အတွင်း ၂၀၂၀ ခုနှစ်၊ အောက်တိုဘာ ၁၉ ရက်နေ့တွင် “ဖက်ဆစ်စစ်တပ် အလိုမရှိ၊ ကိုလိုနီအစိုးရ အလိုမရှိ၊ No Bloody Government ၊ Burmese Government Get Out ၊ Burmese Army Get Out” စသည့်အချက်များကို အော်ဟစ်ကြွေးကြော်ကာ စစ်တွေမြို့မှဆန္ဒဖော်ထုတ်မှုတွင် ၎င်းကျောင်းသားများ ထပ်မံပါဝင်လာခဲ့သည်။

ယင်းဆန္ဒဖော်ထုတ်မှုကို ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ဦးဆောင်ကာ ရဟန်းသံဃာတော်များ၊ စစ်တွေမြို့မှ ပြည်သူများ စုစုပေါင်းလူဦးရေ ၅၀ ခန့်က စစ်တွေမြို့ အတုလမာရဇိန်ပြည်လုံးချမ်းသာဘုရားကြီးရှေ့မှ စတင်ပြီး မြို့တွင်းရှိ အဓိကလမ်းမအချို့တွင် လှည့်လည်ဆန္ဒပြခဲ့ကြသည်။ ယင်းသို့ဆန္ဒပြနေချိန် အင်းဝဘဏ်ရှေ့နား အရောက်တွင် ရဲတပ်ဖွဲ့၏ ဖြိုခွဲဖမ်းဆီးခြင်းကိုခံရသည့်အတွက် ကျောင်းသားလေးဦး ဖမ်းဆီးခံခဲ့ရသည်။

ဖမ်းဆီးခံရသူများမှာ ကျောင်းသားများသမဂ္ဂ(ကျောက်ဖြူပညာရေးကောလိပ်) တွဲဖက်အတွင်းရေးမှူး ကိုမြတ်စိုးဝင်း၊ ရခိုင်ကျောင်းသားများသမဂ္ဂတက္ကသိုလ်များ(ရန်ကုန်)မှ အဖွဲ့ဝင် ကိုကောင်းထွန်းတို့ဖြစ်ပြီး ယခင်ဆန္ဒဖော်ထုတ်မှုကြောင့် တရားရင်ဆိုင်နေရသည့် ကိုကျော်နိုင်ဌေးနှင့် ကိုဦးသန်းနိုင်တို့ ထပ်မံဖမ်းဆီး ခံခဲ့ရသည်။

၎င်းကျောင်းသားလေးဦးတို့မှာ နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ- ၅၀၅(ခ)နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ-၂၉ တို့ဖြင့် တရားစွဲဆိုခံခဲ့ရသည်။ ယင်းပုဒ်မနှစ်ခုမှာ အာမခံမရသည့်အတွက် ကျောင်းသားလေးဦးမှာ စစ်တွေအကျဉ်းထောင်မှ တရားရင်ဆိုင်ခဲ့ကြရသည်။

ကိုကျော်နိုင်ဌေးနှင့် ကိုဦးသန်းနိုင်တို့မှာ ယခင်ကတည်းက ငြိမ်းစုစီဥပဒေပုဒ်မ-၁၉ဖြင့် တရားစွဲဆိုခံထားရသည့် အတွက် နောက်ထပ်တရားစွဲခံရသည့် နိုင်ငံတော်အကြည်အညိုပျက်စေမှုဥပဒေပုဒ်မ- ၅၀၅(ခ)၊ ဘေး/စီ/မံဥပဒေပုဒ်မ -၂၉ တို့လည်း ထပ်မံတရားရင်ဆိုင်ခဲ့ကြရသည်။

ငြိမ်းစုစီဥပဒေပုဒ်မ -၁၉ အမှုကို ကိုးလခန့်တရားရင်ဆိုင်ခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်၊ မေလ ၆ ရက်နေ့တွင် ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုတိုးတိုးအောင်တို့ကို တစ်ဦးလျှင် ငွေဒဏ်နှစ်သောင်းကျပ်စီကျခံစေရန် စစ်တွေမြို့နယ်တရားရုံးက အမိန့်ချမှတ်ခဲ့သည်။

သို့သော် အစိုးရနှင့် မြန်မာစစ်တပ်အလိုမရှိကြောင်း စစ်တွေမြို့တွင်း လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့သည့် ကိုမြတ်စိုးဝင်း၊ ကိုကောင်းထွန်းတို့နည်းတူ ကိုကျော်နိုင်ဌေးနှင့် ကိုဦးသန်းနိုင်တို့မှာ အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)၊ ဘေး/စီ/မံ-၂၉ တို့ဖြင့် စစ်တွေအကျဉ်းထောင်မှ ဆက်လက်တရားရင်ဆိုင်ကြရသည်။

ယင်းသို့ အကျဉ်းထောင်မှနေ၍တရားရင်ဆိုင်နေစဉ် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ကိုကျော်နိုင်ဌေး၏ ဖခင်မှာ ရန်ကုန်မြို့ခုတင် ၁၀၀၀ စစ်ဆေးရုံတွင် သွေးတိုးရောဂါဖြင့်ဆုံးပါးသွားခဲ့သည်။ အဆိုပါသတင်းကိုကြားရချိန်တွင် ကိုကျော်နိုင်ဌေးတစ်ယောက် ယူကျုံးမရဖြစ်သွားရသည်ဟု နီးစပ်သူများက ပြောပြသည်။

ကိုကျော်နိုင်ဌေးအပါအဝင် ကိုဦးသန်းနိုင်၊ ကိုမြတ်စိုးဝင်း၊ ကိုကောင်းထွန်းတို့သည် တစ်နှစ်နီးပါး အမှုရင်ဆိုင်ခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် စစ်တွေမြို့နယ်တရားရုံးမှ ထောင်ဒဏ်(၂)နှစ်နှင့် ခြောက်လချမှတ်လိုက်သည်။ ပုဒ်မ-၅၀၅(ခ)ဖြင့် ထောင်ဒဏ်(၂)နှစ်၊ ဘေး/စီ/မံ ဥပဒေပုဒ်မ-၂၉ ဖြင့် ထောင်ဒဏ်ခြောက်လစီ သီးခြားကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

ဖြစ်ရပ်တစ်ခုအပေါ် ကျောင်းသားလေးဦးအား အမှုနှစ်ခုဖြင့်တရားစွဲပြီး အမြင့်ဆုံးပြစ်ဒဏ်ချမှတ်ခြင်းမှာ ဥပဒေနှင့်မညီညွတ်ဟုဆိုကာ စစ်တွေခရိုင်တရားရုံးသို့ အယူခံတက်ရောက်ခဲ့သည်။ ခရိုင်တရားရုံးမှ အမှုကို လက်ခံကြားနာခြင်းမရှိဘဲ ပလပ်လိုက်သည့်အတွက် ထပ်မံ၍ ပြည်နယ်တရားလွှတ်တော်သို့ ပြင်ဆင်မှု တက်ရောက်ခဲ့သည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ပြည်နယ်တရားလွှတ်တော်မှ အပြီးသတ်အမိန့်ချရာတွင် ကျောင်းသားလေးဦးအား ပြစ်ဒဏ်တစ်နှစ်လျော့ချလိုက်သည်။ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့တွင် ကျောင်းသားလေးဦး၏ ပြစ်ဒဏ်မှာ တစ်နှစ်ပြည့်ခဲ့ပြီဖြစ်သည့်အတွက် လာမည့် ၂၀၂၂ ခုနှစ်တွင် မတ်လအတွင်းတွင် လွတ်နိုင်ကြောင်း အမှုလိုက်ရှေ့နေထံမှ သိရသည်။

အများအတွက် ဆန္ဒဖော်ထုတ်တောင်းဆိုသည့်ကျောင်းသားများအား နှစ်ရှည်ထောင်ဒဏ်များချမှတ်ခြင်းသည် ဖိနှိပ်ခြင်းဖြစ်ပြီး ရှေ့လာမည့်အနာဂတ်ကျောင်းသားလူငယ်များကို မလုပ်ရဲအောင် တားဆီးလိုက်ခြင်း ဖြစ်သည်ဟု ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(ဗကသ)မှ ဒု-ဥက္ကဋ္ဌ ကိုအောင်ပြည့်စုံဖြိုးက ရှုမြင်သည်။

“ကျောင်းသားအများစုက တိုင်းရင်းသားအရေးတွေ၊ လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေ့ရင် ထောင်ကျရင် ကျပါစေဆိုတဲ့စိတ်နဲ့ ကိုယ့်အတွက်ကိုယ်ဂရုမစိုက်ဘဲ လုပ်ကြတာများတယ်”

ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ချိန်က  ရခိုင်ကျောင်းသားများကဲ့သို့ ပြည်သူများ၏လိုအပ်ချက်များကို လမ်းပေါ်ထွက်ဆန္ဒဖော်ထုတ်ခဲ့ကြသူများတွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)မှ ကျောင်းသားများလည်း ပါဝင်ခဲ့သည်။

တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေချိန် ရခိုင်ပြည်အတွင်း အင်တာနက်ကို အချိန်ကြာမြင့်စွာဖြတ်တောက်ထားမှုကို ကန့်ကွက်ဆန္ဒပြသည့်အတွက် (ဗကသ)ကျောင်းသား ၂၁ ဦးမှာ နိုင်ငံတော်အကြည်အညိုပျက်စေပုဒ်မ- ၅၀၅ (က)၊(ခ) စသည့်ပုဒ်မများဖြင့် တရားစွဲခံရပြီး ထောင်ဒဏ်ချမှတ်ခံရသည်။

လက်ရှိတွင် ထောင်ဒဏ်ချမှတ်ခံရသည့် ဗကသအဖွဲ့ချုပ်မှ ကျောင်းသား(၁၇)ဦးမှာ ပြန်လည်လွတ်မြောက် လာပြီဖြစ်သော်လည်း ကိုနေရဲစိုး၊ ကိုဘုန်းမြင့်ကျော်၊ ကိုစိုးလှနိုင်နှင့် ကိုကျော်သီဟရဲကျော်တို့မှာ နှစ်ရှည် ထောင်ဒဏ်အသီးသီးချမှတ်ခံထားရဆဲဖြစ်သည်။ ပြည်သူများ၏လိုအပ်ချက်ကို ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့၍ နှစ်ရှည်ထောင်ဒဏ်များချမှတ်ခြင်းမှာ လက်ခံနိုင်စရာမရှိကြောင်း မိသားစုဝင်များနှင့် ကျောင်းသားသမဂ္ဂတို့မှ တုံ့ပြန်ကြသည်။

မည်သို့ပင်ဖြစ်စေကာမူ ကိုကျော်နိုင်ဌေးမှာ အများအကျိုးကိုသယ်ပိုးဆောင်ရွက်ရင်း အမှန်တရားအတွက် ရှေ့ဆက်လျှောက်လှမ်းမည်ဟုယုံကြည်ကြောင်း ကိုကျော်နိုင်ဌေး၏ လုပ်ဖော်ကိုင်ဖက် ကျောင်းသားတစ်ဦးက အခိုင်အမာပြောဆိုသည်။

“သူက အမှန်တရားအတွက်ဆိုရင် ဒီအတိုင်းပဲ မားမားမတ်မတ်ရပ်တည်သွားမယ့် သူတစ်ယောက်ဖြစ်တယ်။ အဖိနှိပ်ခံတွေဘက်ကနေ ကောင်းမွန်တဲ့လမ်းတွေကို သူကိုယ်တိုင်ချမှတ်ပြီး သွားနိုင်မယ်လို့မျှော်လင့်တယ်”

သားကြီးသြရသ ရေးသည်။

ဗီဒီယိုများ