နိဂုံးတစ်ခု အစပျိုးချိန်

ရုပ်ရှင်ဇာတ်လမ်းများထဲတွင်တော့ တွေ့ဖူး ဖတ်ဖူးသည်။ ပြန်ပေးဆွဲသူများက သတ်မှတ်ရက်မတိုင်ခင် ဖမ်းဆီးထားသည့် သားကောင်ကို လိုချင်ပါက ငွေပေးရွေးရမည်တို့ သို့မဟုတ်လျှင် သတ်ဖြတ်လိုက်မည်ဟု ခြိမ်း ခြောက်သည့် လုပ်ရပ်များပါ ဇာတ်ဝင်ခန်းများကို ကြည့်ရှုဖူးသည်။ နောက်ဆုံးသတ်မှတ်ချိန်က စကားလုံးနှင့် လိုက်အောင် Deadline  ဖြစ်နေသည်။

20 Dec 2021

DMG ၊ ဒီဇင်ဘာ ၂၀

(အက်ဆေး)

Deadline ဆိုသည့် စကားလုံးနှင့် ရင်းနှီးခဲ့ဖူးသည်မှာ ကြာလှပြီ။ အဘိဓာန်ထဲတွင် မြန်မာလို နောက်ဆုံးအချိန် သတ်မှတ်ချက်၊ လုပ်ငန်းတစ်ခုနောက်ဆုံး အဆုံးသတ်ချက်၊ ရည်မှန်းချက် စသဖြင့် အဓိပ္ပါယ်များစွာနှင့် ဖွင့်ဆိုထားခြင်းများတွေ့ရသည်။ တကယ်တော့ အဆိုပါစကားလုံးကို ပြီးခဲ့သည့် ဆယ်စုနှစ်တစ်ခုကျော်ကပင် အလုပ်ခေါ်စာများလိုက်ဖတ်ယင်း သိကျွမ်းလာခဲ့သည့် စကားလုံးဆိုလျှင်မမှား။ မိမိအလုပ်နှင့် ပိုမိုဆက်စပ်သည့် စကားလုံးမို့လို့ တွေးကြည့်မိခြင်းဖြစ်သည်။ ယခုလည်း နှစ်ကုန်ပိုင်း ဒီဇင်ဘာထဲမှာ အလုပ်၏ Deadline သတ်မှတ်ချက် နောက်ဆုံးအချိန်က အင်မတန်ဖိစီးလှသည်။ လူ၏စိတ်ကို သူကပဲတစ်ချိန်လုံး လွှမ်းမိုးနေပြီး ဆောင်းရာသီနတ်တော်ကာလတွင်း ဇောချွေးပြန်သည့် မမောနိုင်မပန်းနိုင် အခါသမယများပင်ဖြစ်သည်။   

နှစ်မကူးခင် နောက်ဆုံးသတ်မှတ်ရက်ကို အကျေအပြီး ချေနိုင်အောင် လုံးပန်းရခြင်းပင်ဖြစ်သည်။ ကွန်ပျူတာဖန်သားပေါ်က အစီရင်ခံစာများနှင့် ဘားဂျက်နောက်ဆုံးတင်ပို့ရမည့် နောက်ဆုံးသတ်မှတ်ချက်များက အခြားအရာမည်သည့်အရာကိုမှ သတိမရမိအောင် စိတ်ကိုကြိုးဖြင့် ချည်နှောင် တုပ်ထားသလိုဖြစ်နေမိသည်။ နာရီကြည့်လိုက် ပြက္ခဒိန်ကြည့်လိုက်နှင့် တရွေ့ရွေ့ ကုန်ဆုံးမည့်အချိန်ကို ဖြတ်သန်းနေရခြင်းပင်ဖြစ်သည်။ ဒီဇင်ဘာလ နောက်ဆုံးကာလများက စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေခြင်းက နှစ်သစ်စိတ်ကူး ရင်ခုန်မိခြင်းကြောင့်တော့မဟုတ် လုပ်ငန်းတာဝန်များမပြတ်ခြင်းကြောင့် စိုးရိမ်စိတ်များကြောင့်ပင်ဟု ဆိုလျှင်ပိုမှန်နေပေလိမ့်မည်။

တကယ်တမ်း စဉ်းစားကြည့်သည့်အခါ နေ့စဉ်ဘဝ မနက်မိုးမလင်းခင်ကပင် Deadline အချိန်များသည် ကျွန်တော်တို့ တစ်ယောက်ချင်းစီကို သံချောင်းခေါက် အချက်ပြနေခဲ့သည်။ နံနက် အိပ်ရာမှထရန် သတ်မှတ်ထားသည့် အချိန်မျိုးတွင် နိုးထရခြင်း၊ သတ်မှတ်ထားသည့်အချိန်တွင် ချက်ပြုတ်စားသောက်၊ ဈေးသွား၊ ရုံးတက်၊ ကျောင်းတက်ခြင်း၊ အစည်းအဝေးများတက်ခြင်း၊ စာချုပ်မျိုးစုံတို့၏ နောက်ဆုံးသတ်မှတ်ရက် အကျိုးသက်ရောက်ခြင်းများ၊ ခရီးထွက်ချိန်နောက်မကျခြင်းများသည်ပင် နေ့စဉ်ကြုံတွေ့နေရသည့် နောက်ဆုံး Daily  Deadline အချိန်များပင် ဖြစ်သည်။ မိမိအဖို့ သတင်းဂျာနယ်များတွင် သတင်းဆောင်းပါးတို့ ရေးသားထုတ်ဝေကြသည့် အယ်ဒီတာများကို ဂျာနယ်ဖောင်ပိတ်ချိန် သတ်မှတ်ရက်ထက် နောက်ကျပြီးမှ ပေးပို့ရတာမျိုးက မရိုးနိုင်သည့် အမူအကျင့်များပင်ဖြစ်သည်။

ဤစကားလုံးက ကျောင်းသားဘဝကပင် ခြိမ်းခြောက်မှုတစ်ရပ်အနေနှင့် ရင်းရင်းနှီးနှီး သိကျွမ်းလာခဲ့ခြင်းလည်း ဆိုနိုင်သည်။ အတန်းထဲတွင် အတန်းပိုင်ဆရာမက သန့်ရှင်းရေးခ နောက်ဆုံးသွင်းရက် တောင်းခံသည့် ရက်စွဲမျိုး၊ ကျူရှင်ဆရာမက ကျောင်းလခ မည်သည့်နေ့ နောက်ဆုံးသွင်းရမည်ဆိုသည်မျိုးနှင့် ပက်သက်ပြီး မကြာခဏ ကြားဖူးနေခဲ့ခြင်းဖြစ်သည်။ ကိုယ်ကိုတိုင် သတိထားမိသည့် အကျင့်ဆိုးတစ်ခုရှိသည်က နောက်ဆုံး သတ်မှတ်ရက်အချိန်ကျော်လွန်ပြီးမှ လုပ်တတ်သည့် အကျင့်ဖြစ်သည်။ ထိုအကျင့်ဆိုးက ကျောင်းသားဘဝ ယင်းအချိန်ကတည်းကပင် စတင်ခဲ့လေသလားဆိုသည်ကိုပင် အောက်မေ့ရသည်။ တမင်သတ်သတ် သတ်မှတ်ရက်ကျော်လွန်ချိန်မှ ဆရာမများထံ ‌ကြွေးကျန်ပေးသွင်းဖူးသည့် အကျိုးဆက်ကြောင့်များလားမသိ မိမိ စာသင်ပေးသည့် ဆရာဖြစ်လာတော့ ထိုကိစ္စမျိုးကို ဝဋ်ကြွေးတစ်ခုလို ပေးဆပ်နေရသလိုဟု ထင်မိသည်။ ထိုဝဋ်ကြွေးက မိမိဆရာဖြစ်လာခဲ့ချိန်တွင် နှစ်ဆပင် များပြားလွန်းလှသည်ဟု ထင်မိသည်။

သို့ရာတွင် ကျောင်းလခ ကြေးငွေ  Deadline ပေးသွင်းချိန်ကျော်လွန်လို့ ဆရာတစ်ယောက်အနေဖြင့် ကျောင်းသားကို ကျောင်းဆက်တက်ခွင့် မပေးတာမျိုး၊ သတင်းစာကကြော်ငြာပြီးဖော်ပြတာမျိုး၊ လူမှုစာမျက်နှာပေါ်ကနေ ဓာတ်ပုံနှင့်တကွ ကျောင်းလခအကြွေးမပေးဘဲ ရှောင်ပြေးသူများဟု ဆိုကာ ဖောင်းထုတာမျိုး လုပ်လိမ့်မည်မဟုတ်။ ထို့အတူ လမ်းမှာတွေ့ပြန်တော့လည်း ‘ဟေ့ကောင်လေး ‌ကျောင်းလခတွေပြန်ပေးပါအုံးကွာ လို့ ပြောနေဖို့လည်းမဖြစ်ပြန်’ ။ ကျောင်းနေတုန်းက ကျောင်းလခမသွင်းကြသည့် သူငယ်ချင်းတစ်ချို့ကို ဆရာမ တစ်ယောက်ပြောခဲ့သလို ခေါင်းလောင်းမထိုးသည့် ကုသိုလ်ဟု ခေါင်းစဉ်တပ်လည်း ကောင်းမည်မထင်။

ရုပ်ရှင်ဇာတ်လမ်းများထဲတွင်တော့ တွေ့ဖူး ဖတ်ဖူးသည်။ ပြန်ပေးဆွဲသူများက သတ်မှတ်ရက်မတိုင်ခင် ဖမ်းဆီးထားသည့် သားကောင်ကို လိုချင်ပါက ငွေပေးရွေးရမည်တို့ သို့မဟုတ်လျှင် သတ်ဖြတ်လိုက်မည်ဟု ခြိမ်း ခြောက်သည့် လုပ်ရပ်များပါ ဇာတ်ဝင်ခန်းများကို ကြည့်ရှုဖူးသည်။ နောက်ဆုံးသတ်မှတ်ချိန်က စကားလုံးနှင့် လိုက်အောင် Deadline  ဖြစ်နေသည်။ အကယ်၍ ပြန်ပြေးဆွဲထားသူများ၏ တောင်းဆိုချက်ကို သတ်မှတ်ချိန်အတွင်း မလိုက်လျောခဲ့လျှင် သတ်ဖြတ်လိုက်ဖို့ ဝန်မလေးကြောင်း ဖြစ်နေခဲ့သောကြောင့် Deadline ဟု စကားလုံးနာမ တွင်ထားခြင်းလည်းဖြစ်မည်။

ရုပ်ရှင်ကားထဲ ပြန်ပေးဆွဲထားသူများက သတ်မှတ်ချိန်ထက် နောက်ကျသွားလို့ သတ်ဖြတ်လိုက်သလို နေ့စဉ်ဘဝထဲ မီတာခ မဆောင်လို့ သတ်မှတ်ရက် ကျော်လွန်လို့ တကူးတက နေအိမ်ထိ လိုက်လာပြီး မီးဖြတ်ခြင်း ဝန်ဆောင်မှုမျိုးလည်း ပြည်သူတစ်ချို့ ကြုံဖူးကြပေလိမ့်မည်။ အခြားဝန်ဆောင်မှုသာ တအိအိ နှောင့်နှေးကြန့်ကြာပြီးမှ သာလာချင်လာမည် ယခုကဲ့သို့ မီတာခမဆောင်သေးလို့ အခမဲ့ မီးဖြတ်ဝန်ဆောင်မှုက နောက်ကျလိမ့်မည်မဟုတ်။ တစ်နေရာတည်းတစ်ချိန်တည်း ချက်ချင်းလုပ်ပေးနိုင်သည့် (One Stop Services) လိုမျိုးဖြစ်သည်။ သေချာလွန်းသည့် နောက်ဆုံးသတ်မှတ်ရက်ချိန်းမျိုး တစ်ချို့လည်းရှိသေးသည်။

လာမည့် ရက်ပိုင်းအတွင်း လျှပ်စစ်မီးပြတ်တောက်မည်တို့ ရေပေး‌ဝေမည့် အချိန်တို့ ကြေငြာချက်များသည် မြေကြီးနှင့် လက်ခပ်မလွှဲသာသည့် သေချာခြင်းများပင်ဖြစ်သည်။ တဖြည်းဖြည်းသဘောပေါက်လာကြသောအခုနောက်ပိုင်း ကျွန်တော်တို့ဆီမှာ အခြားအရာကိုသာ မေ့ချင်မေ့နေတတ်လိမ့်မည် ရက်လွန်ကြေးမတက်အောင် သို့မဟုတ် မီးဖြတ်မခံရအောင် မီတာခဆောင်ဖို့ကိုတော့ မေ့နေကြလိမ့်မည်မဟုတ်ပေ။

တစ်ဖက်မှာ ဤစကားလုံးက ကောင်းခြင်းအရာနှင့် ပက်သက်လာလျှင် ပါဝင်ပတ်သတ်မှုက နည်းနေတတ်သလို့ပင် ထင်မိသည်။ ဆိုကြပါစို့။ ကိုဗစ်‌‌ရောဂါကာကွယ်ဆေးဖော်ထုတ်မှု နောက်ဆုံး Deadline သတ်မှတ်ချက်မရှိသေးခြင်းမျိုးပင်ဖြစ်သည်။ တစ်ကမ္ဘာလုံး ဒုက္ခရောက်နေကြချိန် လူ့အသက်ပေါင်းများစွာကို ကယ်တင်မည့် လုပ်ရပ်မျိုး Deadline  မရှိသေးခြင်းလည်းဖြစ်သည်။

သူ့နဲ့ပြောင်းပြန်စကားလုံးက Updated ဆိုသည့် နောက်ဆုံးပေါ်စကားလုံးများဖြစ်နေမလား။ ‘ဟော အခုတစ်မျိုးလာပြန်ပြီ’ အိုမီခရွင်ဆိုသည့် မျိုးကွဲအသွင်ပြောင်း ဗီဇများပင်ဖြစ်သည်။ ဒဲလ်တာဗိုင်းရပ်စ်ရဲ့ မျိုးဆက်သစ်တာဝန်လို့ ပြောရမလား။ ကိုဗစ်-၁၉ ရောဂါကျယ်ပြန့်လာမှု နောက်ဆုံးအပြီးသတ် တိုက်ဖျက်နိုင်မှုကို မတွေ့ရသေးဘဲ ရှိနေပြန်သည်။

ထို့အတူ မည်သည့်အချိန်တွင် တစ်နိုင်ငံလုံး သေနတ်သံများ ငြိမ်းပြီး တစ်နိုင်ငံလုံး ငြိမ်းချမ်းရေး အပြည့်အဝ ရရှိခြင်းကို ကြိုတင်သိနိုင်သည့် နောက်ဆုံးသတ်မှတ်ချက်ရက်များ ရှိနေလေမလား ပြောင်းပြန်တွေး ဖြစ်ခြင်းဖြစ်သည်။ လွယ်ကူမည်ဟု မထင်မိချေ။

နောက်ဆုံးသတ်မှတ်ချိန် Deadline လွှမ်းမိုးထားသည့် နေ့စဉ်ဘဝကို ဖြတ်သန်းရင်း ဘဝသည် မရပ်မနားသည့် ရထားတစ်စင်းလို ခုတ်မောင်းနေသည်။ ကျွန်တော်တို့ သတိမပြုမိသည့်အခြေအနေမှာပင် အရေးကြီးဆုံး အချိန် Deadline  နောက်ဆုံးသတ်မှတ်ချက် အစီရင်ခံစာများ၊ မီတာခပေးဆောင်ချိန်များ၊ အလုပ်လျှောက်လွှာပိတ်ရက် များ စသည့်အရာများထက်ပင် အရေးကြီးသည်ကို သတိမထားမိသည့် အချက်တစ်ခု ရှိလေသည်။ ယင်းကအခြားမဟုတ်။ လူ့ဘဝနောက်ဆုံးနေဝင်ချိန် မရဏအော်ပရာကဇာတ်၏ အစပျိုးသည့် Deadline သည် အခြားအရာများထက် အချိန်တိုင်း နီးကပ်နေသည်ကို မေ့လျော့နေတတ်ခြင်းပင် ဖြစ်သည်။

တနည်းပြောရလျှင် Dead က သေမင်းဖြစ်ပြီး line က နယ်နမိတ်မျဉ်းဖြစ်သည်။ ဝိပဿနာနည်းလမ်းစဉ် စကားလက်သုံးအရ ‘ငါသည်မုချသေရမည် အချိန်ပိုင်းသာလိုတော့သည်’ ဆိုသည့် သေမင်း၏ အချိန်စေ့ ခေါင်းလောင်းခေါက်ချိန် နယ်နမိတ်ကို ဖြတ်ဖို့ကျတော့ လူတွေ အလျင်စလို မလုပ်ကြတော့ဘဲ ပေါ့ပျက်ပျက်နှင့် မေ့လျော့နေတတ်ကြလေလား လျစ်လျူရှူထားကြသည်များလား ဝေခွဲမရဖြစ်ရလေသည်။

#အောင်လင်းဟိန်း (SKY)_ရေးသားသည်

ဗီဒီယိုများ