အဆင့်တိုးကျောင်းများ၏ ပညာရေးလိုအပ်ချက်နှင့် ရခိုင့်ပညာရေး

ပညာရေးကဏ္ဍ မြှင့်တင်မှုဆိုရာတွင် စာသင်ကျောင်းများကို အဆင့်တိုးမြှင့်ပေးရုံမျှဖြင့် လုံလောက်လိမ့်မည် မဟုတ်ချေ။ အဆင့်တိုးမြှင့်ပေးလိုက်သော စာသင်ကျောင်းများ၏ အဆင့်အတန်းနှင့်ညီမျှသော ပြုပြင်ပြောင်းလဲမှုကို တပါတည်းလုပ်ဆောင်ပေးရန် လိုအပ်လိမ့်မည်ဖြစ်သည်။ မူလတန်းကျောင်းတစ်ကျောင်းကို အလယ်တန်းကျောင်းအဆင့်သို့ တိုးမြှင့်မည်ဆိုပါက တိုးပွားလာမည့် ကျောင်းသားဦးရေအတွက် လုံလောက်သော စာသင်ကျောင်းအဆောက်အဦး၊ လုံလောက်သော ဆရာ၊ ဆရာမများနှင့် လုံလောက်သော ပညာရေးထောက်ပံ့မှုများကို တဆက်တည်း ပေးအပ်နိုင်ရန် လိုအပ်သည်။

By ရက္ခ 29 Aug 2019

Written by ရက္ခ | DMG

ကမ်းဒေးချောင်းကို ဖြတ်သန်းတိုက်ခတ်လာသော လေပြေအေးကလေးများက အ.ထ.က ကျောင်းဝင်းရှေ့အလံတိုင်ထက်မှ နိုင်ငံတော်အလံကို လူးလွန့်လှုပ်ခါနေစေသည်။ ဦးအောင်ကျော်စိန်သည် မိုးရနံ့ပါသော လေပြေအေးကလေးများကို ရှူရှိုက်ရင်း အ.ထ.ကကျောင်း၊ ကမ်းဒေးကျေးရွာဟု ရေးထိုးထားသော အစိမ်းရောင်ဆိုင်းဘုတ်ကြီးကို ငေးစိုက်ကြည့်နေမိ၏။ မနေ့ညက သည်းထန်စွာရွာသွန်းခဲ့သည့် မိုးရေရှိန်ကြောင့်ထင်သည်။ စာသင်ကျောင်းအနောက်ဖက် တစ်ဖာလုံခန့်အကွာမှ ကမ်းဒေးချောင်းရေစီးသံကို “တဝုန်းဝုန်း” ကြားနေရ၏။

သည်ကျေးရွာနှင့် သည်စာသင်ကျောင်းသို့ ဦးအောင်ကျော်စိန် ရောက်ရှိလာခဲ့သည်မှာ လပိုင်းမျှသာ ကြာသေး၏။ အခြေခံပညာအထက်တန်းကျောင်းတစ်ကျောင်းသို့ ကျောင်းအုပ်တစ်ယောက်အဖြစ် ပြောင်းရွေ့တာဝန်ထမ်းဆောင်ရခြင်းမှာ သူ့အတွက် အဆန်းတကြယ်မဟုတ်တော့သော်လည်း လက်ရှိ ကျေးရွာစာသင်ကျောင်းသို့ ရောက်ရှိချိန်တွင်မူ ဝမ်းနည်းသလိုခံစားရသည်မှာ အမှန်ပင်။ နိုင်ငံတော်သည် ပညာရေးနှင့် ပတ်သက်၍ အကောင်းမွန်ဆုံး စွမ်းဆောင်ပေးနေသည်ကို သူလက်ခံယုံကြည်၏။ သို့သော် လက်ရှိ ဦးအောင်ကျော်စိန် ရောက်ရှိနေသော စာသင်ကျောင်းမှာ အ.ထ.က ကျောင်းမှဟုတ်ပါလေစဟု သံသယဝင်စရာကောင်း လွန်းလှ၏။ ထိုအတွေးဖြင့်ပင် ဦးအာင်ကျော်စိန်တစ်ယောက် သက်ပြင်းများ အခါခါချရင်း ဝမ်းနည်းနွမ်းလျှနေမိလေသည်။ အဆင့်တိုး စာသင်ကျောင်းများ၏ လိုအပ်ချက်နှင့် သူဖြတ်သန်းရမည့် ပညာရေးခရီးအတွက်လည်း အခါခါ ရင်မောနေမိလေသည်။

မြန်မာနိုင်ငံ၏ ပညာရေးပြုပြင်ပြောင်းလဲမှုများအရ လက်ရှိ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ရခိုင်ပြည်နယ်ထဲ၌ အဆင့်တိုးကျောင်းအရေအတွက် စုစုပေါင်း (၅၂၅) ကျောင်းအထိ ရှိနေသည်ကို တွေ့ရသည်။ အ.ထ. က ၂၀ ကျောင်း၊ အ.လ.က ၁၂၁ ကျောင်း၊ အ.မ.က ၃၅ ကျောင်း၊ ထ(ခွဲ) ၁၁၄ ကျောင်း၊ လ(ခွဲ) ၁၃၃ကျောင်း၊ မူလွန် ၆၇ကျောင်းနှင့် မ(ခွဲ) ၃၄ ရှိကြောင်း ရခိုင်ပြည်နယ်ပညာရေးဌာန အင်တာနက်စာမျက်နှာမှ ဖော်ပြသည်။ လွန်ခဲ့ေသော ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် အထကကျောင်း( ၁၇) ကျောင်း၊ အထက(ခွဲ) ၄၈ ကျောင်း၊ အလကကျောင်း(၁၄၃) ကျောင်း၊ အလက(ခွဲ) ၁၂၆ ကျောင်း၊ မူလွန်ကျောင်း(၇၂) ကျောင်း၊ အမက ကျောင်း(၂၉) ကျောင်းနှင့် အမက(ခွဲ) ကျောင်း(၅၂) ကျောင်းတို့ကို အဆင့်တိုးခဲ့ကြောင်း ရခိုင်ပြည်နယ်ပညာ ရေးမှူးရုံး အင်တာနက်စာမျက်နှာတွင် ဖော်ပြခဲ့သည်။ သို့သော် စာသင်ကျောင်းများတွင် ၂၀၁၈ ပညာသင်နှစ် အစောပိုင်း၌ အထက်တန်းပြ (ကာယအပါအဝင်) ၆၆၃ ဦး၊ အထက်တန်းကျောင်း အုပ်-၂၆ နေရာနှင့် အလယ်တန်းကျောင်းအုပ် ၁၃၃ နေရာ လစ်လပ်မှုရှိခဲ့ကြောင်း ဖော်ပြထားသည်။

ပညာရေးကဏ္ဍ မြှင့်တင်မှုဆိုရာတွင် စာသင်ကျောင်းများကို အဆင့်တိုးမြှင့်ပေးရုံမျှဖြင့် လုံလောက်လိမ့်မည် မဟုတ်ချေ။ အဆင့်တိုးမြှင့်ပေးလိုက်သော စာသင်ကျောင်းများ၏ အဆင့်အတန်းနှင့်ညီမျှသော ပြုပြင်ပြောင်းလဲမှုကို တပါတည်းလုပ်ဆောင်ပေးရန် လိုအပ်လိမ့်မည်ဖြစ်သည်။ မူလတန်းကျောင်းတစ်ကျောင်းကို အလယ်တန်းကျောင်းအဆင့်သို့ တိုးမြှင့်မည်ဆိုပါက တိုးပွားလာမည့် ကျောင်းသားဦးရေအတွက် လုံလောက်သော စာသင်ကျောင်းအဆောက်အဦး၊ လုံလောက်သော ဆရာ၊ ဆရာမများနှင့် လုံလောက်သော ပညာရေးထောက်ပံ့မှုများကို တဆက်တည်း ပေးအပ်နိုင်ရန် လိုအပ်သည်။ သို့သော် ရခိုင်ပြည်နယ်ထဲမှ စာသင်ကျောင်းတချို့တွင် လက်ရှိအချိန်အထိ စာသင်ဆောင်နှင့် ဆရာ၊ ဆရာမ မလုံလောက်မှုများကို ကြုံတွေ့နေရဆဲဖြစ်သည်။

“ကမ်းဒေး အထကကျောင်းမှာ ဒီနှစ် မူလတန်း ၁၁၇ ယောက်၊ အလယ်တန်း ၂၃၅ ယာက် နဲ့ အထက်တန်း ၁၀၈ ယောက် ရှိပါတယ်။ အထက်တန်းပြ ဆရာ၊ ဆရာမဦးရေက ခွဲေ၀ ၁၃ ယောက်မှာ လက်ရှိ ၈ ယောက်ရှိတယ်။ အလယ်တန်းပြက ခွဲေ၀ ၉ ယောက်မှာ ၇ ယောက် နဲ့ မူလတန်းပြက ခွဲေ၀ ၅ ယောက်မှာ ၄ ယောက် ရှိတယ်ပေါ့။ ကျောင်းသားကျောင်းသူ အရေအတွက်နဲ့ ဆရာ၊ ဆရာမအရေအတွက် မမျှဘူးဖြစ်နေတယ်။ ပြီးတော့ စာသင်ခန်းလည်း မလုံလောက်ဘူး ဖြစ်နေတယ်” ဟု ကမ်းဒေးကျေးရွာ အထကကျောင်းအုပ်ဆရာကြီး ဦးအောင်ကျာ်စိန်က ပြောသည်။

ဦးအောင်ကျော်စိန်သည် လွန်ခဲ့သောနှစ်က တောင်ကုတ်မြို့ပေါ်ရှိ ဂူတာအထက(ခွဲ) ကျောင်းတွင် ကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ဂူတာကျောင်းမှာ မြို့ပေါ်ကျောင်းဖြစ်သဖြင့် အဆင်ပြေခဲ့သော်လည်း ကမ်းဒေး အ.ထ.က ကျောင်းတွင်မူ အခက်အခဲများစွာရှိနေကြောင်း သူကဆိုသည်။ လက်ရှိ ကမ်းဒေး အ.ထ.က ကျောင်းသည် အထက်တန်းအဖြစ်သို့ ၂၀၁၈ ခုနှစ်က တိုးမြှင့်ရရှိခဲ့ခြင်းဖြစ်ကြောင်း သူကဆိုသည်။ သို့သော် ကမ်းဒေးအထကကျောင်းတွင် ပေ ၁၀၀ ခန့်ရှိသော မူလစာသင်ဆောင်တစ်ဆောင်နှင့် အလှူရှင်များ ဆောက်လုပ်လှူဒါန်းထားသော ၃ ခန်းတွဲ စာသင်ဆောင်တစ်ဆောင်သာရှိကြောင်း ဆိုသည်။

“အခုနှစ်တွေမှာဆိုရင် နိုင်ငံတော်က ပညာရေးနဲ့ပတ်သက်ပြီးတာ့ စာသင်ကျောင်းတွေကို အဆင့်တိုး မြှင့်တာတွေလုပ်တယ်။ ဒါပေမယ့် လုံလောက်တဲ့ ဆရာ/မအရေအတွက်၊ စာသင်ကျောင်း အဆောက်အဦးနဲ့ ပညာရေးသင်ထောက်ကူပစ္စည်းတွေကို တိုးမြှင့်ထောက်ပံ့မှု အားနည်းနေသေးတယ်” ဟု ဦးအာင်ကျော်စိန်က ထောက်ပြသည်။

ကမ်းဒေးကျေးရွာသည် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ထဲတွင် ပါဝင်ပြီး မြို့ပေါ်မှ ၁၃ မိုင်ခန့် ကွာဝေးသည်။ တောင်ကုတ်-သံတွဲ ကားလမ်းမနံဘေးတွင် တည်ရှိပြီး တောင်ကုတ်မြို့မှ ဆိုင်ကယ် (သို့မဟုတ်) ကားဖြင့် သွားလာနိုင်သည်။ လက်ရှိကမ်းဒေးကျေးရွာ အထကကျောင်းသို့ ကမ်းဒေးကျေးရွာ၊ ဘာယေကျေးရွာနှင့် ချောင်းသုံးခွ ကျေးရွာတို့မှ ကျောင်းသူ/သားပေါင်း ၄၆၀ ကျော် တက်ရောက်သင်ကြားလျှက်ရှိသည်.

“ကမ်းဒေးကျေးရွာ အ.ထ.က ကျောင်းဟာ အရင်ကတော့ တွဲဖက် အ.ထ.က ကျောင်းဖြစ်ခဲ့တယ်။ ဟိုတုန်းကဆိုရင် ဆရာ၊ ဆရာမတွေကို ကျေးရွာက ငှားသင်ရတဲ့အခြေအနေ ရှိခဲ့ပါတယ်။ အနီးအနား ကျေးရွာတွေက ကျောင်းသူ/သားတွေဟာ ရွာစဉ်တွေကို ခြေကျင်ဖြတ်လျှောက်တော့ ထမင်းချိုင့်ကလေးတွေနဲ့ ကျောင်းလာတက်ကြရတယ်။ ပညာရေးအတော်တန် နိမ့်ပါးခဲ့တဲ့ နေရာတွေလို့ ဆိုနိုင်ပါတယ်”

ကမ်းဒေးကျေးရွာ စာသင်ကျောင်းတွင် ၂၀၀၅ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ အလယ်တန်းပြကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဆရာခိုင်မောင်(ပညာရေး) မှ ပြောပြသောစကားများပင် ဖြစ်သည်။

သူ တာဝန်ထမ်းဆောင်ခဲ့စဉ်က ကမ်းဒေးကျောင်းသည် အလယ်တန်းကျောင်းအဆင့်မျှသာဖြစ်၍ အ.ထ.က(ခွဲ)ဖြစ်လာအောင် ကြိုးစားခဲ့သော်လည်း မရရှိခဲ့ကြောင်းဆိုသည်။ လက်ရှိအချိန်တွင် ကမ်းဒေးကျောင်းသည် အ.ထ.က.အဆင့်သို့ တိုးမြှင့်ရောက်ရှိလာခဲ့သော်လည်း စာသင်ကျောင်းအဆောက်အဦးများမှာ ယခင်မူလအတိုင်းသာ ရှိနေသေးသဖြင့် အဆောက်အဦးများ လိုအပ်နေလိမ့်မည်မှာ သေချာကြောင်း သူကဆိုသည်။ ထို့အပြင် လက်ရှိပညာရေးစနစ်နှင့်ပတ်သက်၍ ကြိုဆိုထောက်ခံသော်လည်း အနာဂတ်တွင် ကျူရှင်မရှိသောပညာရေးစနစ်တစ်ခုအဖြစ် ရှုမြင်လိုကြောင်း ဆရာခိုင်မောင်(ပညာရေး) ကဆိုသည်။

“အခုခေတ် ပညာရေးစနစ်က အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်နေတဲ့ ပညာရေးစနစ်မျိုးလို့ ဆိုနိုင်ပါတယ်။ ဒီစနစ်သစ်က ကျောင်းသူ/သားတွေကို ဆရာ/မတွေက အဆင်သင့် ခွံ့ကျွေးလိုက်တဲ့ပုံစံမျိုး မဟုတ်ဘဲ သူတို့ကိုယ်ပိုင်စွမ်းရည်နဲ့ တွေးတောမြော်မြင် ဆင်ခြင်တတ်အောင်လုပ်ပေးတဲ့ ပညာရေးစနစ်မျိုးပေါ့။ အရိုးရှင်းဆုံးပြောရမယ်ဆိုရင်တော့ အရင်တုန်းကပညာရေးစနစ်မှာ “ကကြီး” ဆိုရင် “ကကြီး” ပဲသိမှာပေါ့။ အခု ပညာရေးမှာတော့ ကလေးတွေကတော့ “ကကြီး” ကိုပြောင်းပြန်လှန်လိုက်ရင် “ယပက်လက်” ဖြစ် သွားနိုင်တယ်လို့ ကိုယ်ပိုင်တွေးခေါ်နိုင်မယ့် ပညာရေးစနစ်ပေါ့။ ကိုယ်ပိုင် မြော်မြင်တွေးခေါ်နိုင်မှုကို ဦးစားပေးတဲ့ စနစ်ပါ” ဟု တောင်ကုတ်မြို့၏ လက်ရှိပညာရေးမှူး ဆရာမဒေါ်ဦးကျော့ခင် က ပြောသည်။

ဆရာမသည် လွန်ခဲ့သော ဆယ်စုနှစ်များအတွင်းက တောင်ကုတ်မြို့ပေါ်ကျောင်းများတွင် စာသင်ကြားခဲ့ရသူတစ်ဦးဖြစ်သည်။ ထို့အပြင် သံတွဲခရိုင်ပညာရေးမှူးရုံးတွင် လက်ထောက်ညွှန်ကြားရေးမှူးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ပညာရေးကဏ္ဍတွင် ကျူရှင်ကိစ္စ အရေးပါနေခြင်းနှင့်ပတ်သက်၍ ကျောင်းသားမိဘများ ကိုယ်တိုင်သည်လည်း သားသမီးများ၏ပညာရေးအတွက် လောဘမကြီးရန်နှင့် ကျူရှင်ကို အားမကိုးကြရန်လိုအပ်ကြောင်း သူကဆိုသည်။

ရခိုင်ပြည်နယ်၏ လက်ရှိပညာရေးစနစ်ထဲတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တစ်ဦးတလေမျှ အောင်မြင်ခြင်းမရှိခဲ့သော အထက်တန်းနှင့် အထက်တန်းကျောင်း(ခွဲ) ကျောင်းများစွာ ရှိနေသည်။ ၂၀၁၇-၂၀၁၈ပညာ သင်နှစ်၌ ရခိုင်ပြည်နယ်တွင် မူလတန်းမှ အထက်တန်းအထိ ကျောင်းပေါင်း ၃၀၀ ကျော်ကို အဆင့်တိုးမြှင့်ခဲ့သော်လည်း ဆရာ၊ ဆရာမ လုံလောက်ခြင်းမရှိခဲ့သဖြင့် အထက(ခွဲ)ကျောင်းများတွင် တက္ကသိုလ်ဝင်တန်းအောင်ချက် ညံ့ခဲ့ကြောင်း ဒုညွှန်ကြားရေးမှူး ဦးစိန်ထွန်းလှ (ရခိုင်ပြည်နယ်ပညာရေးမှူးရုံး) က ပြောဆိုထားသည်ကိုလည်း တွေ့ခဲ့ရသည်။ ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆိုလျှင် ကျောင်းသားကျောင်းသူများသာ အဓိကကျသည် မဟုတ်ဘဲ ကျောင်းသားမိဘများ၏ မှန်ကန်တည့်မတ်သော လမ်းပြမှုများလည်း လိုအပ်လိမ့်မည်ဖြစ်သည်။ ထို့အပြင် ကျောင်းအဆောက်အဦးများနှင့် ဆရာ/မအင်အား လုံလောက်မှုရှိရန်လည်း မရှိမဖြစ် လိုအပ်မည်သာ ဖြစ်၏။

ဦးအောင်ကျော်စိန်သည် ကမ်းဒေးကျေးရွာ အထကကျောင်းတွင် ကျောင်းအုပ်ကြီးအဖြစ်တာဝန်ထမ်း ဆောင်ခဲ့ရသော ရက်လတို့ အတန်ကြာခဲ့ပြီ ဖြစ်သည်။ သို့သော် သူ့စိတ်ထဲတွင် ကျောင်းနှင့် အသားမကျသေးသလို ဖြစ်နေသည်။ သို့မဟုတ် သူတာဝန်ထမ်းဆောင်နေရသော အ.ထ.က ကျောင်းအတွက် အားမလိုအားမရ ဖြစ်နေတတ်၏။ ကျောင်းသားကျောင်းသူ ၅၀၀ နီးပါးခန့်ရှိနေသော အထက်တန်းကျောင်းတစ်ကျောင်းတွင် စာသင်ဆောင်အဆောက်အဦး မလုံလောက်မှုနှင့် ဆရာ/မ မလုံလောက်မှုကို နဖူးတိုက်ဒူးတိုက် ရင်ဆိုင်နေရသည်မှာ သူ့အတွက် ပင်ပန်းလှ၏။

လက်ရှိသူရောက်ရှိနေသော ကမ်းဒေးကျောင်းသည် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင် တန်းအောင်မြင်ခဲ့သူ လေးဦးမျှသာ ရှိခဲ့သည်။ သည်အတိုင်း ခရီးဆက်ရနည်ဆိုပါက သည်နှစ်အတွက်လည်း ဦးအောင်ကျော်စိန်တစ်ယောက် ရင်လေးနေမိ၏။ အလုံးစုံ ပြီးပြည်စုံမှုဆိုသည်မှာ နေရာတိုင်းတွင် မရှိနိုင်သော်လည်း အထက်တန်းကျောင်းအုပ်တစ်ယောက်အနေနှင့် သူ့ကျောင်းကိုတော့ အတော်အတန် ပြည့်စုံမှုရှိသော စာသင်ကျောင်းတစ်ခုအဖြစ် မြင်လိုလှသည်။ သည်အတွက်လည်း နိုင်ငံတော်မှ အတတ်နိုင်ဆုံး ပံ့ပိုးကူညီရန် သူမျှော်လင့်မိလေသည်။ အဆင့်တိုးစာသင်ကျောင်းများ၏ လိုအပ်ချက်များကို နိုင်ငံတော်မှ စေ့ငုံကြည့်နိုင်ရန်သာ သူမျှော်လင့်နေမိလေသည်။     ။

ရက္ခ

(၂၉.၈.၂၀၁၉)

ဗီဒီယိုများ