စွပ်စွဲခံရသူတို့ရဲ့ အိမ်ပြန်ချိန် နီးမည်လော

“ကိုယ့်ရဲ့သားတစ်ယောက်ကို သွေးအန်ထွက်တဲ့အထိရိုက်တာ အမေတစ်ယောက်အနေနဲ့ ဘယ်လိုခံစားရမလဲ။ အမေတိုင်း ခံစားကြည့်လို့ရတယ်”

By အောင်ထိန် 14 Dec 2021

DMG ၊ ဒီဇင်ဘာ ၁၄
(ဆောင်းပါး)
အသက်ကြီးပိုင်း၊ အသက်လတ်ပိုင်း အမျိုးသမီး ၁၀ ဦးထက်မနည်းတို့သည် တရားရုံးရှေ့၌ တဝဲလယ်လယ်နှင့် ရှိနေကြသည်။ ထိုအမျိုးသမီးများထဲမှအချို့မှာ ရပ်နေလိုက်၊ ထိုင်ချလိုက်နှင့် ဂဏာမငြိမ်နိုင်ဘဲ တရားရုံးဘက်သို့လည်း တချက်တချက်ကြည့်နေကြသည်။

စွပ်စွဲခံရသူတို့ကို ရုံးထုတ်သည့်နေ့တိုင်း တရားရုံးရှေ့တွင် ဂဏာမငြိမ်ဖြစ်နေကြရသော ထိုအမျိုးသမီးများကို တွေ့မြင်နေရဆဲဖြစ်သည်။ အဆိုပါအမျိုးသမီးများသည် ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဆိုသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးတရားစွဲဆို ခံထားရသော ကျောက်ဆိပ်ကျေးရွာသား ၅ ဦးတို့၏ မိခင်များနှင့် ဇနီးမယားများဖြစ်ကြသည်။

ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့်ကာလအတွင်း AA နှင့် ဆက်စပ်သည်ဆိုသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးတရားစွဲဆိုခံရသူ ၂၀၀ ဦးခန့်ရှိခဲ့ကြောင်း ရခိုင်အရပ်ဖက် အဖွဲ့အစည်းများမှပြုစုထားသည့် စာရင်းများကဆိုသည်။

ကျောက်ဆိပ်ကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ရွာသား ၃၈ ဦးကို မြန်မာစစ်တပ်က ၂၀၂၀ ဧပြီ (၁၉)နေ့တွင် ကျေးရွာအတွင်းမှ ဝင်ရောက်ဖမ်းဆီးခဲ့သည်။ စစ်ဆေးမှုများပြုလုပ်ပြီး နောက်တစ်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ကျောက်ဆိပ်ရွာသား ၃၃ ဦးပြန်လွတ်လာခဲ့သော်လည်း ကိုညီညီအောင် (၂၄)နှစ်၊ ကိုအောင်မျိုးလင်း(၂၄)နှစ်၊ ကိုမောင်ချေ(၂၄)နှစ်၊ ကိုမင်းစိုး(၃၈)နှစ်နှင့် ကိုကျော်ဝင်းဟိန်း(၂၂)နှစ်တို့ ၅ ဦးမှာ ပြန်မလွတ်ခဲ့ပေ။

ထိုကျောက်ဆိပ်ရွာသား ၅ ဦးတို့မှာ ဖမ်းဆီးခံရစဉ်ကာလအတွင်း စစ်တပ်ရေယာဉ်ပေါ်တွင် စစ်သားများ၏ အုပ်စုဖွဲ့ရိုက်နှက်မှုကို ခံခဲ့ကြရသည်။ ၎င်းတို့ ၅ ဦးကို လက်နောက်ပြန်ကြိုးတုပ်ကာ မျက်လုံးကိုအဝတ်စဖြင့် စည်းပြီး စစ်သားများက ရိုက်နှက်ကန်ကျောက်နေသည့်ရုပ်သံဖိုင် အွန်လိုင်းပေါ်ပျံ့နှံလာရာမှ အများပြည်သူ သိရှိခဲ့ရခြင်းဖြစ်သည်။

မြန်မာစစ်တပ်၏ ပြောရေးဆိုခွင့်ရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရေယာဉ်ပေါ်နှိပ်စက်ခဲ့သည့်စစ်သားများကို စစ်စည်းကမ်းဥပဒေအရ အရေးယူဆောင်ရွက်ခဲ့သည်ဟုဆိုသော်လည်း မည်ကဲ့သို့အရေးယူခဲ့သည်ကို ယခုအချိန်ထိ ရှင်းရှင်းလင်းလင်းမသိရသေးပေ။

ယင်းလုပ်ရပ်အပေါ် “ကိုယ့်ရဲ့သားတစ်ယောက်ကို သွေးအန်ထွက်တဲ့အထိရိုက်တာ အမေတစ်ယောက်အနေနဲ့ ဘယ်လိုခံစားရမလဲ။ အမေတိုင်း ခံစားကြည့်လို့ရတယ်”ဟု ကျောက်ဆိပ်ရွာမှဖမ်းဆီးခံရသူ ကိုညီညီအောင်၏မိခင် ဒေါ်နီနီအေးကပြောသည်။

ကျောက်ဆိပ်ကျေးရွာသား ၅ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(ည)၊ ၅၂(က)တို့ဖြင့် ပုဏ္ဏားကျွန်းမြို့ (၅၅၀)တပ်ရင်းမှ ဗိုလ်ကြီးတင့်နိုင်ထွန်းက တရားလိုပြုလုပ်ပြီး တရားစွဲဆိုထားသည်။ လက်ရှိ ကျောက်ဆိပ်ရွာသား ၅ ဦးသည် စစ်တွေမြို့နယ်တရားရုံးတွင် တရားရင်ဆိုင်နေကြရသည်။

ယင်းအမှုတွင် လိုပြသက်သေ(၉)ဦးအနက် လက်ရှိမှာ ၇ ဦးအထိသာ စစ်ဆေးနိုင်သေးသည်။ ကျန်သည့် ပုဏ္ဏားကျွန်းမြို့ (၅၅၀)တပ်ရင်းမှ ဗိုလ်မှူးမင်းရှမ်းမောင်နှင့် ဒုရဲမှူး ခင်မောင်အေးတို့ သက်သေနှစ်ဦးကို စစ်ဆေးရန်ကျန်နေသေးသည်။ ၂၀၂၂ ခုနှစ် ဧပြီလဆိုပါက ကျောက်ဆိပ်ကျေးရွာသား ၅ ဦး ဖမ်းဆီးခံထားရသည်မှာ ၂ နှစ်ပြည့်တော့မည်ဖြစ်သည်။

“သူတို့စွပ်စွဲသလို အေအေလုံးဝမဟုတ်ဘူးဆိုတာ အမေတစ်ယောက်အနေနဲ့ ကျိန်ဆိုရဲတယ်”ဟု ဒေါ်နီနီအေးကပြောသည်။

ကျောက်ဆိပ်ရွာသား ၅ ဦးတို့ ဖမ်းဆီးခံရပြီး ထောင်ထဲမှတရားရင်ဆိုင်နေရချိန်ကာလများတွင် နေအိမ်၌ကျန်ရစ်ခဲ့ကြသော မိသားစုဝင်များမှာလည်း အပူမီးတောင်လောက်နေခဲ့ကြသည်။

ကိုညီညီအောင်မှာ ဖမ်းဆီးမခံရမီအချိန်က ဆန်စက်တွင် ဆန်အိတ်အငှားထမ်းပြီး မိဘနှစ်ပါးကို ရှာကျွေးခဲ့သူဖြစ်သည်။ ကိုညီညီအောင်ဖမ်းဆီးခံရပြီးနောက် ဖခင်ဖြစ်သူ အသက်(၅၀)ကျော်အရွယ်ဦးမောင်ရွှေနုက သားဖြစ်သူအလုပ်ကို ဆက်လုပ်ကာ ဝမ်းရေးကိုထိန်းကျောင်းခဲ့သည်။ လွန်ခဲ့သောလအနည်းငယ်က မျက်စိထဲစပါးခွံဝင်သွား၍ ဦးမောင်ရွှေနု၏ ဘယ်ဘက်မျက်လုံး ကွယ်သွားခဲ့ရသည်။

“ဒီဟာတွေနဲ့ပတ်သက်လို့ ကျွန်မတစ်နေ့မှ မမေ့ဘူး။ လုပ်ရဲကြတယ်”ဟု ဒေါ်နီနီအေးက ပြောသည်။

ကျောက်ဆိပ်ကျေးရွာတွင် ရွာသားများဖမ်းဆီးမခံရမီကလည်း လူသိများခဲ့သောဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သေးသည်။ ၂၀၂၀ ပြည့်နှစ် ဧပြီလ ၁၃ ရက်နေ့က ကျောက်ဆိပ်ကျေးရွာအတွင်း လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့သဖြင့် နေအိမ်တွင်ရှိနေသူများ၊ လမ်းပေါ်သွားနေသူများတွင်အပါအဝင် စုစုပေါင်း ၇ ဦး သေဆုံးခဲ့ပြီး ၈ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

ပုဏ္ဏားကျွန်းမြို့အဝင်တွင်ရှိသည့် အမှတ်(၅၅၀)ခြေမြန်တပ်ရင်းမှ အနီးဝန်းကျင်သို့ လက်နက်ကြီးများဖြင့် လှမ်းပစ်ရာမှ ကျောက်ဆိပ်ကျေးရွာအတွင်းကျရောက်ခဲ့ခြင်းဖြစ်သည်ဟု ကျေးရွာသားများကပြောဆို သော်လည်း မြန်မာစစ်တပ်ဘက်က ငြင်းဆိုခဲ့သည်။ ကျောက်ဆိပ်ကျေးရွာသည် ပုဏ္ဏားကျွန်း-စစ်တွေ ကားလမ်းမပေါ်တွင်တည်ရှိသော ကျေးရွာတစ်ရွာဖြစ်သည်။

ရခိုင်ပြည်နယ်တွင် AA နှင့်ဆက်စပ်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် အစုလိုက်အပြုံလိုက်ဖမ်းဆီးခံရပြီး နှစ်တာရှည် ချုပ်နှောင်ခံထားရသည့် နောက်ထပ်အမှုတစ်မှုလည်း ရှိနေသေးသည်။
၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့က ဖမ်းဆီးခံရပြီး လက်ရှိ ၃ နှစ်ခန့်ကြာသည့်တိုင် အမှုရင်ဆိုင်နေရဆဲဖြစ်သော မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာသား ၂၀ ကျော်တို့၏ အမှုဖြစ်သည်။

မြန်မာစစ်တပ်ကဖမ်းဆီးခဲ့သည့် လက္ကာကျေးရွာသား ၂၇ ဦးထဲမှ ကိုဇော်မျိုးထွန်း ၂၅ နှစ်၊ ဦးသိန်းထွန်းစိန် ၃၅ နှစ်နှင့် ဦးမောင်သန်းနု ၄၁ နှစ်တို့မှာ စစ်ကြောရေးကာလအတွင်း သေဆုံးသွားခဲ့သည်။ ၎င်းတို့သေဆုံးသွားခြင်းမှာ တစ်ဦးက မိမိကိုယ်ကိုကြိုးဆွဲချသေဆုံးခြင်း၊ နောက်တစ်ဦးက မူးယစ်ဆေးဝါးသုံးစွဲသူဖြစ်ကြောင်းနှင့် ကျန်တစ်ဦးမှာ ရောဂါဖြင့်သေဆုံးခြင်းဟု မြန်မာစစ်တပ်က အကြောင်းပြသည်။

သေဆုံးသူ၏ မိသားစုဝင်များက မြန်မာစစ်တပ်၏အကြောင်းပြချက်ကို လက်မခံကြပေ။ သေဆုံးသူသုံးဦးထဲမှ မူးယစ်ဆေးဝါး သုံးစွဲသူဟု မြန်မာစစ်တပ်ကပြောဆိုသူမှာ ကျေးရွာအတွင်း ဆေးလိပ်၊ ကွမ်း၊ အရက်တို့ပင် သောက်သုံးသူမဟုတ်ကြောင်း ကျေးရွာသားများကဆိုသည်။

ကျန်ရှိသည့် လက္ကာကျေးရွာသား ၂၄ ဦးထဲမှ အသက် ၁၇ နှစ်အရွယ် ကိုစိုးမင်းဦးနှင့် အသက် ၁၈ နှစ်အရွယ် ကိုစိုးမိုးကျော်တို့နှစ်ဦးကို အသက်မပြည်သေးသည့်အတွက် ကလေးသူငယ်အမှုဖြင့် နေအိမ်မှနေ၍ တရားရင်ဆိုင်စေခဲ့သည်။

၂၀၂၁ ခုနှစ် မတ်လအတွင်းက အကြမ်းဖက်မှုဖြင့်တရားစွဲဆိုခံထားရသည့် ကလေးသူငယ်အမှု (၁၇)မှုကို စစ်ကောင်စီက ပြန်လည်ရုပ်သိမ်းပေးခဲ့ရာတွင် လက္ကာကျေးရွာမှ ကိုစိုးမင်းဦးနှင့် ကိုစိုးမိုးကျော်တို့နှစ်ဦးလည်း လွတ်မြောက်လာခဲ့သည်။

ပြန်လည်လွတ်မြောက်လာခဲ့သည့် ကိုစိုးမင်းဦး၏ ပြောပြချက်အရ ထိုနေ့က မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ လက္ကာကျေးရွာအနီးတွင် မိနစ်အနည်းငယ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး ပစ်ခတ်သံများကြောင့် လက္ကာကျေးရွာသားများမှာ စိုးရိမ်ကြောက်လန့်ကာ ကျေးရွာဘုန်းတော်ကြီးကျောင်းသို့ စုရုံးရောက်ရှိနေကြသည်။

လက္ကာကျေးရွာအတွင်းသို့ အေအေတပ်ဖွဲ့ဝင်များဝင်ရောက်သွားသည်ဆိုသည့်အကြောင်းပြချက်ဖြင့် မြန်မာစစ်တပ်က ကျေးရွာအတွင်းဝင်ရောက်လာပြီး ရွာသားများကို ဘုန်းတော်ကြီးကျောင်းမှ ခေါ်ထုတ်ခဲ့သည်။ ထို့နောက် ရွာလည်ရေကန်အနီးတွင်စုကာ မိန်းမသပ်သပ်၊ ယောင်္ကျားသပ်သပ်ခွဲလိုက်သည်။ ထပ်ပြီး ရွာသားများကို ရွာအဝင်ဝရှိ ရေကန်အနီးသို့ခေါ်သွားကာ ထိုင်ခိုင်းထားပြန်သည်။

လက္ကာကျေးရွာတွင် ကင်းတဲတစ်ခု၌ လူနှစ်ဆယ်ကျော်စီခွဲကာ အလှည့်ကျကင်းစောင့်သည့်စာရင်းကို မြန်မာစစ်တပ်ကရရှိသွားချိန်တွင် စာရင်းတွင်ပါရှိသည့် ကျေးရွာသား ၂၇ ဦးကို အေအေတပ်ဖွဲ့ဝင်ဟုစွပ်စွဲကာ ဖမ်းဆီးခဲ့သည်ဟုဆိုသည်။

၎င်းတို့ ၂၇ ဦးကို နှစ်ယောက်တစ်ပူးစီကြိုးနှင့်ချည်ကာ မြောက်ဦးမြို့ ၅၄၀ တပ်ရင်းသို့ ကားဖြင်တင်ဆောင်သွားပြီး ထိုတပ်ရင်းသို့ရောက်သည့်အခါ မျက်လုံးကိုအဝတ်စနှင့်စည်းပြီး တစ်ဦးချင်းစီ၏ ကိုယ်ရေးအကျဉ်းကိုမေးမြန်းခဲ့သည်ဟု ကိုစိုးမင်းဦးက ပြောပြသည်။

လက္ကာကျေးရွာသား ၂၇ ဦးကို မြောက်ဦး ၅၄၀ တပ်ရင်းမှ ရဟတ်ယာဉ်ဖြင့်တင်ဆောင်ကာ စစ်တွေမြို့သို့ ညတွင်းချင်း ခေါ်ဆောင်လာခဲ့သည်။ စစ်တွေမြို့မှ စစ်တပ်နေရာတစ်ခုထဲတွင် စစ်ဆေးခံခဲ့ရပြီး စစ်ကြောရေးကာလအတွင်း ထမင်းသုံးရက်ငတ်ခဲ့ရကြောင်းလည်း ကိုစိုးမင်းဦးကဆိုသည်။

“ကျွန်တော်တို့ကိုစစ်ဆေးခဲ့တာတွေက မင်း AA လား၊ မင်း AA မှာ ဘာတွေလုပ်လဲ၊ မင်း AA မှာ ဘာတွေ ကူညီလဲ။ ကိုယ်ပိုင်နံပါတ်၊ မင်း AA မှာ ဘယ်အရာရပြီလဲလို့မေးတယ်။ ကျွန်တော် အဲဒါအားလုံး ဘာမှမဟုတ်လို့ဖြေခဲ့တယ်။ ကျွန်တော်ကိုတော့ လက်သီးနဲ့မျက်နှာတွေကိုထိုးတယ်။ တုတ်အငယ်နဲ့ ခြေတွေကို ရိုက်တယ်။ နာလို့ကျွန်တော်ငိုတယ်။ ငိုတာနဲ့မရိုက်တော့ဘူး။ တရားစွဲတဲ့အခါ AA နဲ့ ဆက်သွယ်ရေးလုပ်တယ်ဆိုပြီးစွဲတယ်”

အတူတူဖမ်းဆီးခံရသော လက္ကာကျေးရွာသား ၂၇ ဦးကို စစ်ကြောရေးအတွင်း တစ်ယောက်တစ်နေရာစီခွဲထားသဖြင့် စစ်ကြောရေးကာတွင်သေဆုံးသွားခဲ့သည့် လက္ကာကျေးရွာသား ၃ ဦးနှင့်ပတ်သက်ပြီး ကိုစိုးမင်းဦး မသိရှိနိုင်ခဲ့ပေ။

“စစ်ကြောရေးမှာ ၂၁ ရက်နေခဲ့ရတယ်။ ပြီးမှ စစ်တွေအမှတ်(၁)ရဲစခန်းကိုပို့တယ်။ ရဲစခန်းကိုပို့တဲ့နေ့မှ သူတို့သေဆုံးသွားတယ်ဆိုတာကို သိခဲ့ရတယ်။ စစ်တွေရဲစခန်းမှာ တစ်လလောက်နေခဲ့ရတယ်။ ပြီးမှာ တရားစွဲဆိုတာတွေလုပ်ခဲ့တာ”ဟု ကိုစိုးမင်းဦးက ပြောပြသည်။

လက်ရှိဖမ်းဆီးခံထားရဆဲဖြစ်သော လက္ကာကျေးရွာသား ၂၂ ဦးမှာ ၆၀/၂၀၁၉ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၀(က)၊ ၅၀(ဈ)၊ ၅၂(က)၊ ၅၄ ဖြင့်လည်းကောင်း၊ ရာကြီးအမှတ် ၂/၂၀၂၀ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(က)၊ ၅၀(ဈ)၊ ၅၂(က)၊ ၅၄ ဖြင့်လည်းကောင်း၊ ၁၉၄၉ လက်နက်များ အရေးပေါ်(ယာယီ)ဥပဒေပုဒ်မ- ၂၁(က)ဖြင့်လည်းကောင်း တရားရင်ဆိုင်နေရသည်။

လက္ကာကျေးရွာမှာ အသက် ၃၆ နှစ်အရွယ် ကိုဦးမောင်ဝင်းဖမ်းဆီးခံထားရသည့်အတွက် ဇနီးဖြစ်သူ မချိုချိုသန်းမှာ ၆ နှစ်အရွယ်သားဖြစ်သူနှင့်အတူ ဘဝကိုရုန်းကန်နေရသည်။

လင်ယောင်္ကျားဖမ်းဆီးမခံရမီက မလုပ်ခဲ့ဖူးသော သဲအိတ်ထမ်း၊ ကျောက်ထမ်း၊ စပါးအိတ်ထမ်းသည့် အလုပ်ကြမ်းများကို မချိုချိုသန်း ယခုလုပ်ကာ သားဖြစ်သူကို ကျောင်းအပ်နှံပေးထားသည်။

“ကျရာလုပ်တယ်။ စပါးအိတ်လည်းထမ်းတယ်။ ပင်ပန်းပေမယ့် မလုပ်ရင်စားဖို့မရှိဘူး။ တစ်ရက်မှာ သုံးလေး ထောင်ရတယ်။ အဲဒါနဲ့ ချွေတာစားသောက်ရတယ်”ဟု မချိုချိုဝင်းက ပြောပြသည်။

အကြမ်းဖက်ဥပဒေပုဒ်မများဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသော လက္ကာကျေးရွာသား ၂၀ ကျော်၏အမှုတွင် သက်သေအားလုံးစစ်ဆေးပြီးဖြစ်၍ အပြီးသတ်အမိန့်ချမှတ်ရန်သာရှိတော့သော်လည်း တရားသူကြီးအပြောင်းအလဲဖြစ်ကာ လျှောက်လဲချက်ပေးသည့်အဆင့်သို့ ပြန်လည်ရောက်ရှိသွားခဲ့ရသည်။

လက္ကာကျေးရွာမှ အစုလိုက်အပြုံလိုက်ဖမ်းဆီးခံရမှုတွင် ပါဝင်သွားသည့် ကိုဦးလှမောင်(၂၄)နှစ်၏ မိခင်မှာလည်း သားဖြစ်သူလွတ်မြောက်လာနိုးနိုးနှင့် တရားရုံးချိန်းတိုင်းသို့သွားနေသော်လည်း ယခုအချိန်ထိ မျှော်လင့်ချက်မပြည့်ဝနိုင်သေးပေ။

“ကျွန်မတို့မှာ ဘာမှမရှိတော့ဘူး။ သုံးနှစ်လုံးလုံး ရုံးသွားဖို့မလွယ်ဘူး။ တစ်လမှာ လေးသိန်းလောက်ကုန်တယ်။ လုပ်လို့ကိုင်လို့ စုဆောင်းထားတာလဲကုန်ပြီ။ အခုသူများဆီမှာတောင် အကြွေးသိန်းနှစ်ဆယ်လောက်တင်နေပြီ”ဟု ကိုဦးလှမောင်၏ မိခင်ဒေါ်စံသာနုကပြောသည်။

လက္ကာကျေးရွာသားများအမှုမှ သက်သေများထွက်ဆိုချက်များမှာ အမှုနှင့်ပတ်သက်၍ပေါ်ပေါက်ခြင်းမရှိကြောင်း မင်းထီး Law Firm ရှေ့နေအဖွဲ့မှ တရားလွှတ်တော်ရှေ့နေ ဦးအောင်စစ်မင်းကပြောသည်။

“သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ တရားစီရင်ရေးမဏ္ဍိုင်အားကောင်းရန်အတွက် ကူညီပေးဖို့၊ စွပ်စွဲ ခံထားရသူတွေရဲ့ အခွင့်အရေး၊ ထိခိုက်နစ်နာမှုကိုထည့်သွင်းစဉ်းစားပေးစေချင်တယ်”ဟု ဦးအောင်စစ်မင်းက ဆိုသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုရှိသည်ဆိုသောအကြောင်းပြချက်ဖြင့် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့ပြီးနောက်တွင် စစ်ကောင်စီက ရခိုင်ပြည်နယ်အတွင်းမှ အကြမ်းဖက်ဥပဒေနှင့်စွဲဆိုထားသည့် အမှုတချို့ကို ပြန်လည်ရုပ်သိမ်းပေးခဲ့သည်။

အောက်တိုဘာလ ၁၅ ရက်နေ့တွင်ကျရောက်သည့် NCA (၆)နှစ်ပြည့်နေ့တွင် တရားစွဲဆိုထားဆဲဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့၏ အဖွဲ့ဝင်များနှင့်ဆက်စပ်သူ ၁၁၄ ဦးကို ပြန်လွှတ်ပေးရာတွင် ရခိုင်လက်နက်ကိုင်အဖွဲ့ အေအေနှင့်ဆက်စပ်ပြီး ဖမ်းဆီးခံထားရသူ ၆၁ ဦး ပါဝင်ခဲ့သည်။

ထို့အပြင် ရခိုင်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် တရားစွဲဆိုထားသည့် အမှုပေါင်း ၂၃ မှုကို သုံးကြိမ်ခွဲပြီး အမှုရုပ်သိမ်းပေးခဲ့ရာတွင် ၄၄ ဦး ပြန်လည်လွတ်မြောက်လာခဲ့သည်။ လက်ရှိလွတ်မြောက်သူ ၁၀၂ ဦးအထိရှိပြီဖြစ်သည်။

ယင်းသို့လွှတ်ပေးသည့်အမှုများထဲတွင် အစုလိုက်အပြုံလိုက်ဖမ်းဆီးခံထားရသော လက္ကာကျေးရွာနှင့် ကျောက်ဆိပ်ကျေးရွာမှ အမှုများကဲ့သို့ ထင်ရှားသည့်အမှုများမှာ ပါဝင်ခြင်းမရှိသေးပေ။

အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ခွင့်ပြုချက်ညွှန်ကြားစာရောက်ရှိပါက ရခိုင်ပြည်နယ်အတွင်းမှ အကြမ်းဖက်မှုပုဒ်မဖြင့် တရားစွဲဆိုခံထားရသူ ၃၆ ဦးကို ထပ်မံလွှတ်ပေးသွားမည် ဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီ ပြန်ကြားရေးတာဝန်ခံ၊ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက နိုဝင်ဘာလအတွင်းက DMG သို့ပြောဆိုထားသည်။

လက္ကာကျေးရွာမှ ဖမ်းဆီးခံရပြီး ကလေးသူငယ်အမှုများကိုပြန်လည်ရုပ်သိမ်းပေးရာ၌ လွတ်မြောက်ခဲ့သူ ကိုစိုးမင်းဦးက “ကျွန်တော်တို့ကိုလုပ်ခဲ့သလို သူတို့လည်းပြန်ခံရလိမ့်မယ်။ ဝဋ်ဆိုတာ ပြန်လည်တတ်ကြတာပဲ။ ဒါကိုကျွန်တော် ဘယ်လိုမှမေ့လိုရမှာမဟုတ်ဘူး”ဟု ဆိုသည်။

ရခိုင်ပြည်နယ်အတွင်းမှ လက်ရှိအချိန်ထိချုပ်နှောင်ခံထားရဆဲဖြစ်သော ရာနှင့်ချီသောစွပ်စွဲခံရသူတို့ မလွတ်မြောက်လာသရွှေ့ နှစ်ရှည်လများတရားရုံးချိန်းများသို့ ခေါက်တုန့်ခေါက်ပြန်လာရောက်ကာ တရားရုံးရှေ့၌ တဝဲလယ်လယ်နှင့်ရှိနေကြသည့် စွပ်စွဲခံရသူတို့၏ မိခင်များနှင့် ဇနီးမယားများကို တွေ့မြင်နေရအုံးမည်ပင်ဖြစ်သည်။

အောင်ထိန်ရေးသားသည်။

ဗီဒီယိုများ