စောရမြို့တော် (သို့မဟုတ်) ငါရို့ချစ်တေ မြို့စစ်တွေ

အဓိက ဆိုင်ကယ်သူခိုးတွေရဲ့ လမ်းကြောင်းဟာ စစ်တွေမြို့ရဲ့ စက်ရုံစုရပ်ကွက်နဲ့ သဲချောင်း (မူဆလင်) ကျေးရွာတွေကတဆင့် ပုံစံပြောင်းပြီး နယ်ဖက်တွေကို ပို့နေကြတာလည်း ဖြစ်ပါတယ်။ နယ်ဖက်ကို တင်ပို့ရာမှာလည်း ရေချမ်းပြင်ဆိပ်ကမ်းနဲ့ ပါဒလိတ်ဆိပ်ကမ်းတွေက အများဆုံးတင်ပို့နေတာလို့လည်း စုံစမ်းသိရှိရပါတယ်။

By ရမ္မာကျော်စော 10 Dec 2021

DMG ၊ ဒီဇင်ဘာ ၁၀

(အတွေးအမြင်ဆောင်းပါး/Opinion)

ရခိုင်ပြည်ရဲ့ မြို့တော်ဖြစ်တဲ့ စစ်တွေမြို့ဟာ တိုင်းနဲ့ပြည်နယ် ၁၄ ခုရဲ့ မြို့တော်များထဲမှာ သန့်ရှင်းသပ်ရပ်မှု အားအနည်းဆုံးလို့ ဆိုရမှာပါ။ အမှိုက်ပစ်စနစ်ကို ကောင်းမွန်စွာ မဆောင်ရွက်နိုင်တဲ့အတွက် မြို့တွင်းမှာ ဘယ်နေရာသွားသွား စားကြွင်းစားကျန်တွေ စွန့်ပစ်ထားရာကနေ ထွက်လာတဲ့ ချဉ်စူးစူး အနံ့တွေကို လူတိုင်း ရှူရှိုက်နေရပါတယ်။ မြို့လယ်ကောင်ကို ဖြတ်သန်းစီးဆင်းနေတဲ့ချောင်းက ရေအရောင်ဟာလည်း မဲပုပ်ပုပ်အရောင်နဲ့ အနံ့ဆိုးတွေ ထွက်လို့နေပါတော့တယ်။

တစ်ခါတလေမှာ ပင်လယ်လေကို ရှူရှိုက်ဖို့အတွက် ကိုးရီးယားဆိပ်ကမ်းလို့ခေါ်တဲ့ BXT ဆိပ်ကမ်းဖက်ကို ငါးမျှားရင်း အပန်းဖြေဖို့သွားပြန်ရင်လည်း မစင်နံ့တွေ တထောင်းထောင်းနဲ့ အော့နှလုံးနာစရာသာ ဖြစ်နေပါတော့တယ်။

မြို့တော်ဟာ သန့်ရှင်းသာယာမှုမှာအားနည်းသလို လူနေမှုစရိုက် စုံလင်လှတာကြောင့် မှုခင်းထူပြောမှုတွေကလည်း ရှိလာနေပါတယ်။ အနယ်နယ်အရပ်ရပ်က ရွှေ့ပြောင်းအခြေချ နေထိုင်သူတွေ များပြားလာတာကြောင့်လည်း စစ်တွေမြို့ဟာ မြို့အင်္ဂါရပ်နဲ့တောင် ညီညွတ်မှု မရှိတော့ဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။

စစ်ပွဲ ၂ နှစ်တာ ကာလအတွင်းမှာ ရခိုင်ပြည်မြောက်ပိုင်းက စစ်ဘေးရှောင်တွေ အခြေချနေထိုင်လာခြင်းနဲ့အတူ စစ်တပ်ကအာဏာသိမ်းလိုက်တဲ့နောက်ပိုင်း ပြည်မဖက်မှာ တည်ငြိမ်မှုမရှိတာကြောင့် ပြည်မဖက်ကနေ လာရောက်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေဟာလည်း တစထက်တစ များပြားလာနေတာကို တွေ့နေရပါတယ်။

ဒေသစုံကလူမျိုးစုံ အခြေချနေထိုင်လာတဲ့နောက်ပိုင်း မှုခင်းတွေကလည်း တိုးပွားလာပါတော့တယ်။ ယခုနှစ်တွေအတွင်းမှာ လူသတ်မှုတွေကိုတောင် လမ်းလယ်ကောင်မှာ ပေါ်ပေါ်ထင်ထင် ကျူးလွန်လာကြတာကိုလည်း ကြုံတွေ့လာနေရပါတယ်။ လုယက်မှု၊ မုဒိမ်းမှုနဲ့ ဓါးပြမှုတွေဟာလည်း မကြာခဏဆိုသလို ဖြစ်ပွားလာနေပါတယ်။ မှုခင်းတွေထဲမှာ အများဆုံးကျူးလွန်နေတာကတော့ ခိုးမှုတွေပဲဖြစ်ပါတယ်။

စစ်တွေမြို့မှာ ခိုးမှုတွေဟာ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေပြီး အများဆုံးကတော့ ဆိုင်ကယ်ခိုးမှုနဲ့ ဖုန်းခိုးမှုတွေပဲဖြစ်ပါတယ်။ ဆိုင်ကယ်ခိုးတဲ့သူခိုးတွေကလည်း တရုတ်နိုင်ငံထုတ် ဈေးနှုန်းနိမ့် ဆိုင်ကယ်တွေကို ခိုးယူမှုနည်းပါးပြီး ဈေးနှုန်းမြင့်တဲ့ ထိုင်းနိုင်ငံထုတ်ဆိုင်ကယ်များကိုသာ အများဆုံး ခိုးယူလေ့ရှိကြပါတယ်။ ဆိုင်ကယ်ခိုးတဲ့အခါမှာလည်း အုပ်စုဖွဲ့ခိုးယူလေ့ရှိတာကြောင့် ခိုးနေတာကိုမြင်လို့ အော်မိရင်တောင်  ဆိုင်ကယ်ပိုင်ရှင်တွေအတွက်ပါ အန္တရာယ်ရှိနေနိုင်ပါသေးတယ်။ ဆိုင်ကယ်ခိုးတဲ့အခါမှာလည်း လိုက်ထရပ်လိုကားမျိုးတွေနဲ့ တင်ယူပြီး ခိုးကြတာတွေလည်း ရှိပါတယ်။

ကျနော်တို့ လိုက်လံစုံစမ်းမိသလောက် ဆိုင်ကယ်ခိုးတဲ့အဖွဲ့တွေဟာ ဂိုဏ်းဖွဲ့ခိုးကြတာဖြစ်ပြီး သူတို့ရဲ့နောက်ကွယ်မှာ ပိုက်ဆံချမ်းသာကြွယ်ဝတဲ့ သူဌေးတချို့ပါဝင်နေတယ်လို့ သိရပါတယ်။ နောက်တစ်ခါ အခုလို ဆိုင်ကယ်ခိုးမှုတွေ များလာရတဲ့အကြောင်းရင်းတစ်ချက်က တရားမဝင်အပေါင်ဆိုင်တွေကြောင့်လည်း ဖြစ်ပါတယ်။ ဒေသအာဏာာပိုင်တွေအနေနဲ့ အဲဒီလို တရားမဝင်တဲ့ဆိုင်ကယ် အပေါင်ဆိုင်တွေကို အသေအချာစိစစ်ပြီး အရေးယူနိုင်ရင်တော့ ခိုးမှုတွေ လျော့ကျသွားနိုင်ခြေရှိပါတယ်။

အဓိက ဆိုင်ကယ်သူခိုးတွေရဲ့ လမ်းကြောင်းဟာ စစ်တွေမြို့ရဲ့ စက်ရုံစုရပ်ကွက်နဲ့ သဲချောင်း (မူဆလင်) ကျေးရွာတွေကတဆင့် ပုံစံပြောင်းပြီး နယ်ဖက်တွေကို ပို့နေကြတာလည်း ဖြစ်ပါတယ်။ နယ်ဖက်ကို တင်ပို့ရာမှာလည်း ရေချမ်းပြင်ဆိပ်ကမ်းနဲ့ ပါဒလိတ်ဆိပ်ကမ်းတွေက အများဆုံးတင်ပို့နေတာလို့လည်း စုံစမ်းသိရှိရပါတယ်။ ဆိုင်ကယ်သူခိုးတွေအနေနဲ့လည်း သူတို့မှာ အပိုင်စားနယ်မြေတွေဆိုတာ ရှိပါသေးတယ်။ တစ်ယောက်ကျက်စားရာနေရာမှာ နောက်တစ်ယောက် ဝင်ခိုးတာမျိုး လုပ်လေ့လုပ်ထ သိပ်မရှိကြပါဘူး။ သူ့နယ်မြေနဲ့သူ ကျက်စားလေ့ရှိကြပါတယ်။

ဆိုင်ကယ်ခိုးမှုတွေဟာဆိုရင် စစ်တွေမြို့မှာ နေ့စဉ်ဆိုသလို ဖြစ်ပွားနေတာပါ။ ဒါပေမဲ့လည်း ပြည်နယ်ရဲတပ်ဖွဲ့ရဲ့စာရင်းအရတော့ ရခိုင်တစ်ပြည်နယ်လုံးမှာ ဆိုင်ကယ်ပျောက်လို့ တိုင်တန်းတဲ့အမှုက ၁၂ မှုပဲ ရှိတယ်လို့ဆိုပါတယ်။ ဘာကြောင့်မတိုင်ကြတာလဲဆိုတဲ့ အဖြေကို ရှာကြည့်တဲ့အခါမှာ အမှုမှန်ပေါ်ပေါက်မှုမရှိတာကြောင့် မတိုင်ကြတာက များပါတယ်။ နောက်တစ်ချက်ကလည်း ဆိုင်ကယ်အများစုမှာက လိုင်စင်မရှိကြတာကြောင့်လည်း ပါပါတယ်။ တရားစီရင်ရေးဖက်က အားနည်းတဲ့အပိုင်းတစ်ခုတော့ ရှိပါတယ်။ ကျနော်ကိုယ်တိုင် သူခိုးတစ်ယောက်ကို ရဲစခန်းမှာ သွားအပ်ဖူးပါတယ်။ ကိုယ်တိုင်ဖမ်းပြီး သွားအပ်ခဲ့တာပါ။ ဒါပေမဲ့လည်း အဲဒီ ရဲကင်းစခန်းက ဒုရဲအုပ်စကားကြောင့် အတော်လေး စိတ်ပျက်သွားမိပါတယ်။ သူခိုးကို တရားရုံးကို တင်လိုက်ရင်လည်း အသက်မပြည့်သေးလို့ဆိုပြီး မိဘတွေရဲ့ အာမခံချက်နဲ့ ပြန်လွှတ်ပေးလိုက်မှာပဲ ခင်ဗျားတို့ အမှုဖွင့်ချင်လည်း ဖွင့်ပါတဲ့။ အမှန်တကယ်လည်း အဲဒီအတိုင်း ဖြစ်နေတာပါ။ ဆိုင်ကယ်ခိုးတဲ့ သူခိုးလေးတစ်ယောက်ကို တရားရုံးက မိဘတွေရဲ့ အာမခံချက်နဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။ ပြန်လွတ်လာတော့ ထပ်ပြီး ပြန်ခိုးပါတယ်။

အမှန်တကယ်ဆို တစ်မှုထက်ပိုပြီး ကျူးလွန်သူတွေကို လူငယ်ပြုပြင်ရေးသင်တန်းကျောင်းတွေကို ပို့ရမှာ ဖြစ်ပေမဲ့လည်း ရခိုင်ပြည်နယ်အတွင်းမှာ အဲဒီလိုသင်တန်းကျောင်းတွေ မရှိတာကြောင့် လူငယ်တွေက ပိုပြီး အတင့်ရဲလာကြတာ ဖြစ်ပါတယ်။

လွယ်ရင် သူကြွယ်တောင် သူခိုးဖြစ်တယ်ဆိုတဲ့ စကားအတိုင်း ဆိုင်ကယ်ပိုင်ရှင်တွေအနေနဲ့လည်း မိမိတို့ရဲ့ ပစ္စည်းတွေကို စနစ်တကျ ထိန်းသိမ်းထားနိုင်ဖို့လိုအပ်ပါတယ်။ သူခိုးတစ်ယောက်ကတော့ ခိုးလို့ရနေသမျှ ခိုးနေမှာဖြစ်ပြီး ငွေကိုလွယ်လွယ်နဲ့ ရနေတာကြောင့်လည်း လက်ကြောတင်းမယ့်အလုပ်ကို လုပ်ချင်ကြမှာ မဟုတ်ပါဘူး။

ဆိုင်ကယ်ခိုးမှုရဲ့နောက်မှာ ထပ်ချပ်မကွာ လိုက်နေတာတာကတော့ ဖုန်းခိုးမှု၊ ဖုန်းလုယက်မှုတွေပဲ ဖြစ်ပါတယ်။ ဖုန်းခိုးယူမှုတွေဟာ လူနေအိမ်တွေကသာမကဘဲ ဘုန်းတော်ကြီးကျောင်းတွေမှာပါ ခိုးယူခံနေရတာလည်း ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၉ ရက်နေ့ နံနက် ပိုင်းကဆိုရင် မြောက်ဦးဆရာတော်ကြီးရဲ့ ဖုန်းတွေအပါအဝင် သံဃာအချို့ရဲ့ ဖုန်း ၆ လုံးနဲ့ အသံဖမ်းစက်တစ်လုံးပါ အခိုးခံလိုက်ရပါတယ်။ သာမန်ပုဂ္ဂိုလ် တစ်ဦးမဟုတ်တဲ့ မြောက်ဦးဆရာတော်ကဲ့သို့ ထေရ်ကြီးဝါကြီးဆရာတော်ကြီးတွေရဲ့ ပစ္စည်းတွေကိုတောင် ခိုးယူရဲတယ်ဆိုကတည်းက စစ်တွေမြို့မှာ သူခိုးတွေဟာ ဘယ်လောက်ထိ အတင့်ရဲလာကြသလဲဆိုတာ ခန့်မှန်းမိကြမှာလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်အတွင်းက မြို့နယ် ၁၇ မြို့နယ်ထဲမှာမှ စစ်တွေမြို့နယ်ဟာ ခိုးမှု အထူပြောဆုံးမြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။ ယုတ်စွအဆုံး အတွင်းခံဘောင်းဘီကအစ ခိုးယူခြင်းကို ခံနေကြရပါတယ်။ သူခိုး-သူခိုးချင်းက အချိတ်အဆက် ရှိပြီးသားပါ။ သူခိုးကို သူခိုးနဲ့ဖမ်းမှ လွယ်ကူပါလိမ့်မယ်။ ဥပမာ- ၂၀၀၀ ကျော်ကာလများက ရန်ကုန်မှာ ခါးပိုက်နှိုက်မှုတွေ များပြားလာတာကြောင့် ခါးပိုက်နှိုက်နှိမ်နှင်းရေးကို အဲဒီလိုမျိုး လုပ်ဆောင်ဖူးတဲ့ သာဓကတွေ ရှိပါတယ်။

လက်ရှိမှာ ရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့တွေဟာ စစ်တွေမြို့မှာ လမ်းသွားလမ်းလာတွေရဲ့ ဆိုင်ကယ်တူးဘောက်စ်တွေကို စစ်ဆေးဒါမျိုးရှိပေမဲ့လည်း အဲဒါက လူသွားလူလာ များပြားတဲ့ ညနေပိုင်းတွေမှာသာ စစ်ဆေးနေတာဖြစ်ပြီး လှည့်ကင်းပတ်ကင်း ဆောင်ရွက်တာတွေတော့ အားနည်းနေဆဲပဲ ဖြစ်ပါတယ်။ လှည့်ကင်းပတ်ရင်လည်း သူခိုးတွေကို စိတ်မဝင်စားဘဲ ရက္ခိုင့်တပ်တော်နဲ့ ဆက်စပ်မလားဆိုပြီး အခြားလူငယ်ကောင်းတွေကို လိုက်လံရှာနေတာကို တွေ့ရပါတယ်။

အခုဆိုရင် စစ်တွေမြို့က ရပ်ကွက်နေပြည်သူတွေအနေနဲ့ ကိုယ်ထူကိုယ်ထ ကင်းစောင့်နေကြရတဲ့အထိ ပြုလုပ်လာနေကြရပါတယ်။ လမ်းထိပ်တွေမှာ ကင်းတဲတွေဆောက်ကာ လူငှားပြီး စောင့်ခိုင်းရလောက်တဲ့အထိ စစ်တွေမြို့က သူခိုးပေါနေပါတယ်။ သူခိုးကြီးရင် ဓါးပြဖြစ်တယ်ဆိုသလို အခုခိုးနေကြတဲ့ သူခိုးတွေဟာလည်း အုပ်စုဖွဲ့ပြီး ခိုးနေကြတာဖြစ်တဲ့အတွက် အခိုးခံရတဲ့ ပိုင်ရှင်တွေအတွက် အသက်အန္တရာယ်ကိုပါ စိုးရိမ်နေရတဲ့ အခြေအနေပါ။

မြို့တော်ရဲ့ လုံခြုံရေးကို တာဝန်ယူထားတဲ့ ရဲတပ်ဖွဲ့ အနေနဲ့လည်း ဒီကိစ္စကို စစ်ဆင်ရေးတစ်ခုအနေနဲ့ ဖိဖိစီးစီး ကိုယ်တွယ်သင့်ပြီး တိုင်တန်းလာတဲ့ အမှုတွေကိုလည်း အတတ်နိုင်ဆုံး ဖော်ထုတ်အရေးယူပေးဖို့ လိုအပ်နေပါတယ်။ ဒါမှသာ “ရဲနှင့်ပြည်သူလက်တွဲကူ မှုခင်းဟူသမျှဖော်ထုတ်ကြ” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ပြည်သူတွေဆီကနေတဆင့် သတင်းအချက်အလက်တွေကို ရနိုင်မှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီဆောင်ပုဒ်အတိုင်း မလုပ်နိုင်တာကတော့ ရဲတပ်ဖွဲ့အနေနဲ့ အရမ်းသိက္ခာကျလွန်းရာရောက်နေမလား စဉ်းစားဖို့ အချိန်တန်ပြီလို့ ပြောပါရစေ။

စစ်တွေမြို့ဟာ ရက္ခိုင့်တပ်တော် AA ရဲ့ ထိန်းချုပ်ရာနယ်မြေ မဟုတ်သော်ငြားလည်း လှုပ်ရှားမှုရှိတဲ့ နယ်မြေဖြစ်တယ်ဆိုတာကို ပြီးခဲ့တဲ့ အိမ်ဖြူတော်ကေတီဗွီဖြစ်စဉ်ကို သုံးသပ်ကြည့်ရင် သိနိုင်ပါတယ်။ AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကလည်း ခိုးမှုတွေနဲ့ပတ်သက်လို့ တိုင်ကြားလာတာမျိုးရှိရင် အရေးယူဆောင်ရွက်သွားမယ်လို့ ဒေသတွင်း မီဒီယာတွေကို ဖြေကြားထားတာရှိပါတယ်။

ဒါပေမဲ့လည်း လက်ရှိအချိန်ထိ ခိုးမှုတွေနဲ့ပတ်သက်ပြီး အရေးယူထားတယ်ဆိုတာမျိုးကို ထုတ်ပြန်ထားတာတော့ မတွေ့ရသေးပါဘူး။ ဒီအချက်ဟာ AA ရဲ့ အုပ်ချုပ်ရေးချဲ့ထွင်မှုမှာ စစ်တွေမြို့ပေါ်အထိ မလွှမ်းခြုံနိုင်သေးလို့လား ဒါမှမဟုတ် ခိုးမှုနဲ့ပတ်သက်လို့ တိုင်ကြားတာများ မရှိလို့လား ဆိုတာကတော့ စဉ်းစားစရာပါ။

မှုခင်းတွေ ထူပြောလာရခြင်းရဲ့ အဓိက အကြောင်းရင်းကတော့ ဆင်းရဲမွဲတေမှု မြင့်မားလာရတဲ့ အကြောင်းရင်းကြောင့်ပါ။ ဒါပေမဲ့ လက်ရှိ စစ်တွေမြို့ပေါ်က သူခိုးဂိုဏ်းတွေဟာ ဆင်းရဲပြီး စားစရာမရှိလို့ ခိုးနေကြတဲ့ပုံစံမဟုတ်ဘဲ လူမိုက်၊ ဓါးပြဆန်ဆန် မိုက်ကြေးဖွဲ့ပြီး ခိုးနေကြတဲ့ ပုံစံ ဖြစ်လို့နေပါတယ်။

ဒါကြောင့် စစ်တွေမြို့ ဒေသခံတွေအနေနဲ့လည်း သန့်ရှင်းသာယာလှပတဲ့ မြို့တစ်မြို့ဖြစ်တဲ့ “ငါရို့ချစ်တေ မြို့စစ်တွေ”(ငါတို့ချစ်တဲ့ မြို့စစ်တွေ)လို့ ဂုဏ်ယူ ဝင့်ကြွားနိုင်ဖို့ဆိုရင် လူအများအပန်းဖြေရာနေရာတွေမှာ အညစ်အကြေးတွေ မစွန့်ပစ်ဖို့၊ အမှိုက်ပစ်စနစ်ကို စနစ်တကျ လုပ်ဆောင်ရုံလောက်နဲ့ မရဘဲ တဖြည်းဖြည်းနဲ့ စောရမြို့တော်သဖွယ်ဖြစ်လာနေတဲ့ မြို့စစ်တွေအတွက် သူခိုးနှိမ်နှင်းရေးကိုလည်း အာရုံစိုက်ပေးကြပါလို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။ အများကောင်းကျိုး ဒါမှမဟုတ် ရခိုင့်အမျိုးသားရေးအတွက် အလုပ် လုပ်နေကြတဲ့ အာဏာရှိအဖွဲ့အစည်းတွေ၊ ဂုဏ်သရရှိပုဂ္ဂိုလ်ကြီးတွေအနေနဲ့လည်း မြို့စစ်တွေရုပ်ဆိုးအကျည်းမတန်ရအောင် ကယ်တင်ကြပါလို့ စာရေးသူအနေနဲ့ ထပ်မံတိုက်တွန်းလိုက်ရပါတယ်။

@ရမ္မာကျော်စော_ရေးသားသည်

ဗီဒီယိုများ