အကာအရံမဲ့ သဲခုံရွာရဲ့ မနက်ဖြန်

ရွာတည်ထားတဲ့ မြေတွေကို ဖြိုချယူဆောင်နေတာ မြင်တွေ့နေရပေမယ့် သဲခုံကျေးရွာသားတွေဟာ ရင်နာနာနဲ့ ကြည့်နေရုံကလွဲလို့ ကာကွယ်မပေးနိုင်ကြသေးပါဘူး။ တစ်ခါတစ်ရံ သဲခုံကျေးရွာက လူနေအိမ်တွေကိုလည်း လှိုင်းလုံးကြီးတွေက ဖျက်ဆီးသွားတတ်ပါသေးတယ်။

By Admin 28 Feb 2023

သဲခုံကျေးရွာ ကမ်းပါးများပြိုကျနေမှုကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လက တွေ့ရစဉ်။ ဓာတ်ပုံ - ထွန်းထွန်းနိုင်
သဲခုံကျေးရွာ ကမ်းပါးများပြိုကျနေမှုကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လက တွေ့ရစဉ်။ ဓာတ်ပုံ - ထွန်းထွန်းနိုင်

ချိုမာဝင်း - ရေးသည်။ 

ဘင်္ဂလားပင်လယ်အော်ထဲကနေ ပြေးလွှားလာတဲ့ လှိုင်းလုံးကြီးတွေဟာ သဲခုံကျေးရွာက မြေတွေကို နေ့မနား,ညမနား ဖြိုချနေပါတယ်။ ရှေ့ကလှိုင်းလုံး ဖြိုချခဲ့တဲ့မြေတွေကို အနောက်ကလိုက်လာတဲ့ လှိုင်းလုံးတွေက ပင်လယ်ထဲထိ သယ်ယူသွားပါတယ်။

အခုလို ရွာတည်ထားတဲ့ မြေတွေကို ဖြိုချယူဆောင်နေတာ မြင်တွေ့နေရပေမယ့် သဲခုံကျေးရွာသားတွေဟာ ရင်နာနာနဲ့ ကြည့်နေရုံကလွဲလို့ ကာကွယ်မပေးနိုင်ကြသေးပါဘူး။ တစ်ခါတစ်ရံ သဲခုံကျေးရွာက လူနေအိမ်တွေကိုလည်း လှိုင်းလုံးကြီးတွေက ဖျက်ဆီးသွားတတ်ပါသေးတယ်။

ပေါက်တောမြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခေါ်) မြေငူကျွန်းမှာတည်ရှိတဲ့ သဲခုံကျေးရွာဟာ ရခိုင်ပြည်အတွင်းက ပင်လယ်ရေ တိုက်စားမှုဒဏ်ကိုခံနေရတဲ့ ကျေးရွာတွေထဲက တစ်ရွာပါ။

“ဒီရေတက်ပြီဆိုရင် ရွာထဲမှာ ရေက ရင်ဘတ်လောက်မြင့်တယ်။ ရေက တစ်ရွာလုံး ခြုံထားတာ”လို့ သဲခုံကျေးရွာက အသက် ၂၅ နှစ်အရွယ် ကိုအောင်အောင်ထူးကပြောပါတယ်။

လူဦးရေ ၁၇၀၀ ကျော်နေထိုင်တဲ့ သဲခုံကျေးရွာမှာ ရေလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပါတယ်။ ဘင်္ဂလားပင်လယ်ဟာ သဲခုံကျေးရွာသားတွေအတွက် ဝမ်းစာရှာဖွေပေးတဲ့ ကျေးဇူးရှင်ဖြစ်သလို တစ်ခါတစ်ရံ ဒုက္ခတွေလည်း ပေးတတ်ပါတယ်။

မုန်တိုင်းလာမယ့်သတင်းကို ကြားသည်နဲ့တစ်ပြိုင်နက် သဲခုံကျေးရွာက ကလေးတွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေဟာ အထုတ်အပိုးတွေပြင်ပြီး နီးစပ်ရာကျေးရွာတွေဆီ တိမ်းရှောင်ကြရပါတယ်။

၂၀၂၂ ခုနှစ် အောက်တိုဘာလအတွင်းက ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်ခဲ့တဲ့ စီတရန်(SITRANG)မုန်တိုင်းဟာ ရခိုင်ပြည်ကိုဖြတ်ပြီး တိုက်ခတ်ခဲ့ပါတယ်။ ဒီမုန်တိုင်းကြောင့် ဘင်္ဂလားပင်လယ်အော်နဲ့ နီးကပ်စွာရှိနေတဲ့ သဲခုံကျေးရွာမှာ နေအိမ် ၆ ဆောင်ခန့် လုံးဝပြိုကျပျက်စီးသွားခဲ့ပြီး အချို့နေအိမ်တွေဆိုရင် အမိုးအကာတွေ ပျက်စီးသွားခဲ့ပါတယ်။ ကျေးရွာအတွင်း စီးပွားရေးလုပ်ကိုင်နေတဲ့ ရေခူကန်ကြီးတွေလည်း ပျက်စီးသွားခဲ့ရပါတယ်။

“မိုးကျလာပြီဆိုရင် ကျနော်တို့ သဲခုံရွာသားတွေဟာ အသက်ကို ဖက်နဲ့ထုတ်ထားရတယ်”လို့ သဲခုံကျေးရွာက ရာအိမ်မှူးတစ်ဦးဖြစ်တဲ့ ဦးစိန်လှဦးကပြောပါတယ်။

စစ်တွေမြို့ရဲ့ တောင်ဘက် ၅ ကီလိုမီတာအကွာမှာတည်ရှိတဲ့ အနောက်ဖရုံကာကျွန်း (ခေါ်) မြေငူကျွန်းမှာ ကျေးရွာပေါင်း ၄၀ ကျော်ရှိပါတယ်။ သဲခုံကျေးရွာဟာ မြေငူကျွန်းရဲ့ အစွန်ဖျားမှာတည်ရှိတာကြောင့် ပင်လယ်ရေတိုက်စားဒဏ်ကို အများဆုံး ခံနေရတာ ဖြစ်ပါတယ်။

ပင်လယ်ရေတိုက်စားမှုကြောင့် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့မှာ သဲခုံကျေးရွာက နေအိမ်သုံးဆောင် ပျက်စီးသွားခဲ့သလို အုန်းပင်တွေ လဲပြိုခဲ့ပါတယ်။ မကြာသေးမီနှစ်တွေကလည်း သဲခုံကျေးရွာရဲ့စာသင်ကျောင်းဟာ ကမ်းပြိုတဲ့အထဲ ပါသွားခဲ့ပါသေးတယ်။ ဒါကြောင့် ကမ်းပါးပြိုကျမှုနဲ့ဝေးရာမှာ စာသင်ကျောင်းအသစ်တစ်ဆောင်ကို ဆောက်လုပ်ထားရပါတယ်။

ဒီလိုကမ်းပါးပြိုကျတာကြောင့် ကျေးရွာအတွင်းက နေအိမ်တွေ နောက်ဆုတ်ပေးခဲ့ရတာဟာလည်း နေအိမ် ၁၀၀ ထက် မနည်းတော့ဘူးလို့ သဲခုံကျေးရွာသားတွေက ခန့်မှန်းပြောဆိုပါတယ်။

“ကျွန်တော်တို့ရွာရဲ့ အခြေအနေက အဖတ်ဆယ်လို့မရတဲ့ ပုံစံကို ဖြစ်နေပါပြီ”လို့ သဲခုံကျေးရွာက ကိုညီထွန်းချေက ပြောပါတယ်။

နှစ်စဉ် ကမ်းပြိုမှုနဲ့ရင်ဆိုင်နေရပြီး ကျေးရွာမြေတွေ တရွေ့ရွေ့ဆုံးရှုံးလာနေရပေမယ့် သဲခုံကျေးရွာမှာ ဒီကနေ့အထိ ကမ်းထိန်းနံရံလည်း မရှိသေးပါဘူး။ သဘာဝဘေးအန္တရာယ်ကျရောက်ရင် ခိုလှုံနိုင်မယ့် ဆိုင်ကလုန်း shelter တွေလဲ သဲခုံကျေးရွာမှာ မရှိသေးပါဘူး။

ရာသီဥတုဆိုးဝါးပြီး ရေတွေပြည့်လျှံလာလို့ရှိရင် သဲခုံကျေးရွာဟာ မြေငူကျွန်းမှာရှိတဲ့ တခြားကျေးရွာတွေနဲ့ နှစ်ပိုင်းပြတ်တောက် သွားနိုင်တယ်လို့ ပေါက်တောမြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်ကျော်ထွီးက ပြောပါတယ်။

“သဲခုံကျွန်းအနေအထားအရ ပြောရမယ်ဆိုရင် သဲခုံဟာ ပင်လယ်ထဲမှာ မျှောနေတဲ့ သဗြာခွံလိုမျိုး”လို့ ဦးအောင်ကျော်ထွီးက သဲခုံကျေးရွာရဲ့ပုံစံကို ပြောပြပါတယ်။

“ဒီအတိုင်းသာထားမယ်ဆိုရင် ကျနော်တို့ ရွာလုံးကျွတ်ပြောင်းရွှေ့လာရမယ့်အနေအထား မဖြစ်ဘူးလို့ တစ်ယောက်မှ မပြောနိုင်ဘူး” လို့ သူကဆက်ပြောပါတယ်။

ကုလားတန်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်းအတွက် စစ်တွေမြို့မှာ ဆိပ်ကမ်းတည်ဆောက်တဲ့အခါ လိုအပ်တဲ့သဲတွေကို ကုလားတန်မြစ်ဝကနေ သွားရောက်စုပ်ယူခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့်ပဲ စစ်တွေ တစ်ဖက်ကမ်းမှာရှိတဲ့ သဲခုံကျေးရွာဟာ ရေတိုက်စားပြီး ကမ်းပါးပြိုတဲ့အတွက် နေအိမ်တွေ ရေအောက်ရောက်သွားခဲ့ရတဲ့ ဖြစ်စဉ်တွေရှိခဲ့တယ်လို့ ရခိုင်မြစ်ချောင်းများကွန်ယက်က ထောက်ပြထားပါတယ်။

မြန်မာနဲ့ အိန္ဒိယ နှစ်နိုင်ငံသဘောတူစာချုပ်နဲ့ ဆောင်ရွက်နေတဲ့ ကုလားတန်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်းကို မစတင်မီမှာ စီမံကိန်းနဲ့သက်ဆိုင်တဲ့ ပြည်သူလူထုအကျိုးခံစားခွင့်၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာ ဆန်းစစ်ချက်၊ လူမှုဘဝထိခိုက်မှုဆိုင်ရာ ဆန်းစစ်ချက်တွေကို လူထုကို ချပြဖို့လိုအပ်နေသေးတယ်လို့ ရခိုင်မြစ်ချောင်းများကွန်ယက်ရဲ့ Managing Director ကိုတိန်ဦးက DMG ကို ပြောထားပါတယ်။

အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ကနေ စစ်တွေဆိပ်ကမ်း-ပလက်ဝဆိပ်ကမ်းတို့ကနေတစ်ဆင့် အိန္ဒိယအရှေ့မြောက်မှာရှိတဲ့ မီဇိုရမ်ပြည်နယ်ကို ချိတ်ဆက်နိုင်မယ့် အိန္ဒိယနိုင်ငံရဲ့ အရှေ့မျှော်ဝါဒအရ ဆောင်ရွက်နေတဲ့ ဒီစီမံကိန်းကို ၂၀၀၈ ခုနှစ်တွင် မြန်မာနဲ့ အိန္ဒိယတို့ သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြတာဖြစ်ပါတယ်။

ဒီစီမံကိန်းမှာ ကုန်းလမ်း၊ ရေလမ်း နှစ်မျိုးပါဝင်ပြီး ရေလမ်းဟာ စစ်တွေကနေ ပလက်ဝအထိရောက်မှာဖြစ်သလို ကုန်းလမ်းကတော့ ပလက်ဝကနေ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အထိ ဆက်သွယ်မှာဖြစ်ပြီးတော့ စီမံကိန်းအတွက် အိန္ဒိယနိုင်ငံကနေ ကန်ဒေါ်လာ ၄၈၄ သန်း ရင်းနှီးမြှုပ်နှံထားပါတယ်။

သဲခုံကျေးရွာဟာ ပင်လယ်ရေတိုက်စားမှုဒဏ်ကို ခံနေရတာ ၁၀ စုနှစ်တစ်ခုကျော် ကြာမြင့်လာခဲ့ပြီဖြစ်ပေမယ့် ကျေးရွာသားတွေ အကြိမ်ကြိမ်တောင်းဆိုနေတဲ့ ကမ်းထိန်းနံရံကတော့ ဒီကနေ့အထိ မမြင်တွေ့ရသေးပါဘူး။

လက်ရှိ ပြည်နယ်စစ်ကောင်စီရဲ့ သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းဆီကို သွားရောက်ပြီးလည်း သဲခုံကျေးရွာအတွက် ကမ်းထိန်းနံရံပြုလုပ်ပေးဖို့ တောင်းဆိုထားတယ်လို့ ကျေးရွာသားတွေကပြောပါတယ်။

ဒီကိစ္စကို ဘယ်လိုဆောင်ရွက်ထားသလဲသိနိုင်ဖို့ ဦးသန်းထွန်းကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ မဖြေကြားတာကြောင့် တုန့်ပြန်ချက်တော့ မရခဲ့ပါဘူး။

“ကြုံနေရတာက နှစ်ပေါင်း ၁၀ လောက်ရှိပြီ။ နှစ်တိုင်းလိုလို တဖြည်းဖြည်းနဲ့ မြေတွေပါသွားတာ။ ဒီလိုတွေပဲ ရေရှည်ဖြစ်နေမယ်ဆိုရင် သဲခုံရွာဟာ ပျောက်ကွယ်သွားနိုင်တယ်”လို့ ကမ်းပါးပြိုကျမှုကြောင့် နေအိမ်ပျက်စီးခဲ့ရတဲ့ သဲခုံကျေးရွာက ဒေါ်မညွန့်စံက ပြောပါတယ်။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလအတွင်းက တိုက်ခတ်ခဲ့တဲ့ စီထရွန်မုန်တိုင်းဒဏ်ကြောင့် သဲခုံကျေးရွာအတွင်းမှာ ဒီကနေ့အထိ သန့်ရှင်းတဲ့သောက်သုံးရေတွေ မရရှိသေးပါဘူး။ ပင်လယ်ရေဝင်ရောက်မှုကြောင့် ကျေးရွာအတွင်းက သောက်သုံးရေကန်တွေ ရေငံသွားသလို အသစ်တူးတဲ့ရေတွင်းတွေဟာလည်း ဆားငံရေပဲထွက်တယ်လို့ ရွာသားတွေကပြောပါတယ်။

“ရွာမှာက ဆားငံရေပဲထွက်တယ်။ ရေကန်တူးရင်လည်း ဆားငံရေပဲထွက်တော့ ရွာအထက်ပိုင်း ဂြင်းချောင်းကျေးရွာကနေ ရေကိုဝယ်ယူရတယ်။ သူတို့ရောင်းဖို့မလာရင် ဆားငံရေပဲ သောက်ရတယ်”လို့ သဲခုံကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဘထွန်းက ပြောပြပါတယ်။

အခုလို ဆားငံရေကို သောက်သုံးနေရတာကြောင့် သဲခုံကျေးရွာအတွင်းက ကလေးတွေအပါအဝင် ကျေးရွာသားတွေဟာ ခန္ဓာကိုယ်အနှံ့ အနာတွေပေါက်ကြသလို အချို့ကလေးတွေဆိုရင် ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး စစ်တွေမြို့ ဆေးရုံကြီးအထိ သွားရောက်ကုသခဲ့ရပါတယ်။

“ရေက မကောင်းဘူးလေ။ ဆပ်ပြာတိုက်ရင်လည်း အမြှုပ်လည်း မထွက်ဘူး။ ဒါကြောင့် အနာတွေပေါက်ကြတာ”လို့ သဲခုံကျေးရွာက ဦးစိန်လှဦးကပြောပါတယ်။

သဲခုံကျေးရွာမှာ သန့်ရှင်းတဲ့သောက်သုံးရေ ရရှိရေးအတွက် ဘယ်လိုလုပ်ကိုင်ရမလဲဆိုတာ ဒီကနေ့အထိ အဖြေမရရှိ ကြသေးပါဘူး။ လှိုင်းကာတွေမရှိသေးတဲ့ သဲခုံကျေးရွာရဲ့ မနက်ဖြန်ဟာ ဥပက္ခာပြု ခံနေရဆဲပဲဖြစ်ပါတယ်။

ဗီဒီယိုများ