UWSA ၏ နှစ် ၃၀ ငြိမ်းချမ်းရေးခရီးနှင့် NCA လမ်းကြောင်းပေါ် မရောက်နိုင်သေးသည့် မြောက်ပိုင်း မဟာမိတ်အဖွဲ့

တပ်မတော်သည် အမျိုးသားနိုင်ငံရေးတွင် ဦးဆောင်မှုအခန်းကဏ္ဍမှ ပါဝင်ရေးဆိုသည့် အယူအဆကို ကိုင်စွဲထားရင်းက တိုင်းရင်းသားလက်နက်ကိုင်များနှင့် အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းနေသည့် အစိုးရမှာလည်း အခက်အခဲဖြစ်စေသည်။

By ရမ္မာကျော်စော 21 May 2019

Written by > ရမ္မာကျော်စော

မေ ၂၁၊ DMG

၂၀၁၉ ခုနှစ် ဧပြီလ ၁၇ ရက်နေ့(နှစ်ဆန်း ၁ ရက်)က ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီဌာနချုပ်ရှိရာ ပန်ဆိုင်းမှာ ပြုလုပ်ခဲ့သည့် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၏ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့် အခမ်းအနားကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနဲ့အတူ တပ်မတော်၏ အဆင့်မြင့်အရာရှိကြီးများပါ တက်ရောက်ခဲ့ကြသည်ကို တွေ့ရသည်။ ၀ တပ်ဖွဲ့များ၏ စစ်ရေးပြအခမ်းအနားတွင် လက်နက်ကြီး လက်နက်ငယ်များအပြင် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များကိုပါ ပြသသွားသည်ကို တွေ့လိုက်ရသည်။

၀ တပ်ဖွဲ့သည် ၁၉၈၉ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)ထံမှ အာဏာသိမ်းခဲ့ခြင်း ဖြစ်သည်။ သွေးမြေမကျဘဲ အာဏာသိမ်းနိုင်ခဲ့ခြင်းသည်လည်း ဝတပ်ဖွဲ့၏ စွမ်းဆောင်ရည်ပင်ဖြစ်သည်။ ဧပြီလ ၁၇ ရက်နေ့တွင်မှ တရားဝင်ဖွဲ့စည်းထူထောင်လိုက်သည့် UWSA ကို ဗိုလ်ချုပ်ကြီးစောမောင်နှင့် ဗိုလ်ချုပ်ခင်ညွန့်တို့၏ နဝတ အစိုးရက မေလ ၉ ရက်နေ့တွင် အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။

နဝတ အစိုးရ၏ လက်နက်နဲ့ငြိမ်းချမ်းရေး ခေါင်စဉ်အောက်တွင် UWSA သည် စီးပွားလုပ်ငန်းအများအပြား လုပ်ကိုင်ခွင့် ရရှိခဲ့သည်။ တစ်ဖက်တွင် ဘဏ္ဍာရေးအင်အား တောင့်တင်းလာခဲ့သလို နောက်တစ်ဖက်တွင်လည်း တပ်ဖွဲ့ဝင်အင်အားကို စုဆောင်းနိုင်ခဲ့သည်။ သို့သော် ၂၀၀၃ ခုနှစ်ကပင် မူးယစ်ဆေးဝါးများနဲ့ ပတ်သက်မှုရှိေနေသည်ဟုဆိုကာ အမေရိကန်အစိုးရက ၀ ခေါင်းဆောင်များကို ဝရမ်းထုတ်ထားသည်။ ဝေရှောက်ခန်နှင့် UWSA ကို ပစ်မှတ်ထား၍ အလိုရှိတရားခံများအဖြစ် သတ်မှတ်ခဲ့ကြသည်။ UWSA ကို စတင်တည်ထောင်သူမှာ ကျောက်ညီလိုင်းဖြစ်ပြီး နောက်ပိုင်းတွင် ပေါက်ယူချန်းမှာ UWSA ခေါင်းဆောင် ဖြစ်လာခဲ့သည်။ သို့သော် ယနေ့ထက်တိုင် သြဇာအလွန်ကြီးမားသည့်ပုဂ္ဂိုလ်မှာ ဝေရှောက်ခန်း ဖြစ်သည်ဟုလည်း ဆိုကြသည်။

ဗမာပြည်ကွန်မြူနစ်ပါတီကို ပုန်ကန်ပြီး ပေါက်ဖွားလာသည့် အဖွဲ့အစည်းဖြစ်သည့်အတွက် စစ်အစိုးရနှင့် ဆက်ဆံရေးမှာ အဆင်ပြေချောမွေ့ခဲ့သည်။ သို့သော် ရှမ်းပြည်အရှေ့ခြမ်းတွင် ၎င်းတို့ ရင်ဆိုင်ခဲ့ရသော အဓိကပြိုင်ဘက်မှာ ဘိန်းဘုရင်ဟု ကြော်ကြားသော ဦးခွန်ဆာ၏ Mong Tai Army(MTA) ဖြစ်သည်။ မူယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ချီမှုကြောင့် ကမ္ဘာ့နိုင်ငံကြီးများက အလိုရှိလာချိန်တွင် ခွန်ဆာသည် ၁၉၉၆ခုနှစ်တွင် စစ်အစိုးရနှင့် လျှို့ဝှက်သဘောတူညီချက်ရယူပြီး လက်နက်ချသွားခဲ့သည်။ ၀ တပ်ဖွဲ့များသည် ယခင်က မိုင် ၈၀ ကျော် နယ်နိမိတ်ချင်း ထိစပ်နေသော တရုတ်နယ်စပ်တွင်သာ အခြေပြုခဲ့ရာမှ ခွန်ဆာ၏ နေရာကိုပါ ဝင်ယူလာခဲ့ကြသည်။ ၎င်းကို တောင်ပိုင်း ၀ ဒေသဟုခေါ်ကြသည်။ ထိုမှစ၍ ရှမ်းပြည်နယ်တွင် သံလွင်အရှေ့ခြမ်းဒေသ တစ်ခုလုံးနီးပါးကို ၀ တပ်ဖွဲ့များက ထိန်းချုပ်သလို ဖြစ်လာခဲပ့သည်။

UWSA သည် ထိုင်း-မြန်မာနယ်စပ်တွင် စစ်တိုင်း ၅ တိုင်းဖြစ်သည့် ၇၇၈၊ ၇၇၂၊ ၇၇၅၊ ၂၄၈၊ ၅၁၈ တို့ဖြင့် ဖွဲ့စည်းထားသည်။ တရုတ်- မြန်မာနယ်စပ်တွင် ၃၁၈၊ ၄၁၈၊ ၄၆၈ စစ်တိုင်း သုံးတိုင်းဖြင့် ဖွဲ့စည်းထားသည်။ ၎င်းတို့၏ အမြဲတမ်း စစ်အင်အားမှာ သုံးသောင်းကျော်ရှိသည်ဟု ခန့်မှန်းကြသည်။ အရံအင်အားမှာလည်း တစ်သောင်းကျော် ရှိသည်ဟု ဆိုကြသည်။ ၂၀၀၉ ခုနှစ်တွင် ၀ ခေါင်းဆောင် ပေါက်ယူချန်းကို ၀ ပြည်သမ္မတ အဖြစ်ကြေညာခဲ့ပြီး ဝဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်အဖြစ် ကြေညာခဲ့သည်။

၂၀၀၈ ခုနှစ် ဂျိမ်းထောက်လှမ်းရေး အစီရင်ခံစာအရ တရုတ်ပြည်သည် ဝတပ်ဖွဲ့အတွက် အဓိက လက်နက်ထောက်ပံ့သော နိုင်ငံဖြစ်သည်ဟုဆိုထားသည်။ မူးယစ်ဆေးဝါး ကုန်သွယ်မှုနှင့် AK- 47 အပါအဝင် လက်နက်ငယ်များ ထုတ်လုပ်ပြီး ပြန်လည်တင်ပို့ရောင်းချသောကြောင့် ဝင်ငွေအမြောက်အများ ရရှိနေသည်ဟုလည်း ဂျိမ်းအစီရင်ခံစာက ဆိုထားသည်။ ၀ ဒေသထုတ် လက်နက်ငယ်များကို KIA အပါအဝင် အခြား လူမျိုးစုလက်နက်ကိုင် တပ်ဖွဲ့များကိုသာမက အိန္ဒိယနယ်စပ်ရှိ နာဂသူပုန်များထံသို့လည်း ရောင်းချသည်ဟု ဖော်ပြထားသည်။

၁၉၈၉ ခုနှစ်မှစ၍ လက်ရှိကာလတိုင်အောင် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားခြင်း မရှိသည့် UWSA သည် ဗဟိုပိုလစ်ဗျူရို (၉)ဦးဖြင့် ဖွဲ့စည်းထားသည်။ ၎င်းအောက်တွင် ပိုလစ်ဗျူရို (၁၀)ဦး၊ ဗဟိုကော်မတီဝင် (၈)ဦးနှင့် အရန် ဗဟိုကော်မတီဝင် (၂၁) ဦးဖြင့် ဖွဲ့စည်းထားသည်။ ဥက္ကဋ္ဌ အဖြစ် ပေါက်ယူချန်းက တာဝန်ယူထားပြီးဒု-ဥက္ကဋ္ဌများအဖြစ် လျှောက်မင်းလျံ၊ ကျောက်ကော်အန်းနှင့် ပေါက်ယူလျန်တို့က တာဝန်ယူထားကြသည်။

၂၀၁၁ တွင် တက်လာသည့် ဦးသိန်းစိန်အစိုးရလက်ထက်တွင် KNU အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် (၈)ဖွဲ့တို့သည် Nationwide Cease-fire Agreement (NCA) စာချုပ်ကို လက်မှတ်ရေးထိုးပြီး အပစ်အခတ်ရပ်စဲရေးကို လုပ်ဆောင်ခဲ့ကြသည်။ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတချို့လည်း ပါဝင်ရေးထိုးခဲ့ကြသည်။ မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့က NCAတွင် လက်မှတ်ရေးထိုးပြီးနောက်ပိုင်းတွင် UNFC သည်လည်း အားနည်းသွားကာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)နှင့် ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) တို့လောက်သာ ကျန်ခဲ့တော့သည်။

UWSA ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့က အစိုးရကပြုလုပ်နေသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်တွင် အားနည်းချက်ရှိသည်ဟုဆိုကာ NCA လမ်းကြောင်းအတိုင်း အပစ်ခတ်ရပ်စဲရေးကိုအရင်မသွားဘဲ နိုင်ငံရေးဆွေးနွေးပွဲများမှတဆင့် အပစ်ရပ်စဲရေးကို သွားလိုသည်။ ထို့အတွက်ကြောင့်ပင် မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့ကို စုစည်းကာ အစိုးရနှင့် နိုင်ငံရေးဆွေးနွေးမည့် ကော်မတီတစ်ရပ်ဖြစ်သည့်  Federal Political Negotiation Consultative Committee (FPNCC)ကို ဖွဲ့စည်းခဲ့ကြသည်။

အဓိကကတော့ ဝပြည်နယ်ကိစ္စကို အခြားအဖွဲ့များက ထောက်ခံပေးလျှင် ဝကလည်း ကျန်အဖွဲ့ွှအစည်းများကို အထောက်အပံ့ပြုမည်ဆိုသည့် သဘောပင်ဖြစ်သည်။ NCA မဟုတ်သော သီးခြား နိုင်ငံရေးပုံစံတစ်မျိုးဖြင့် သွားမည်ဆိုပြီး အစိုးရကိုဆွေးနွေးနေသည့် ကော်မတီဖြစ်သည်။

FPNCC အဖွဲ့ကို ၂၀၁၅ ခုနှစ်က ပန်ဆန်းမှာ ကျင်းပခဲသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ အစည်းအဝေးများက အစပြုခဲ့ခြင်းဖြစ်သည်။ ၂၀၁၅ မေလမှာ ပြုလုပ်ခဲ့သည့် ပထမအကြိမ် ဆွေးနွေးပွဲမှာ ဝခေါင်းဆောင် ပေါက်ယူချန်းက ၎င်းတို့၏ ဝ ပြည်နယ်အရေးကို ကျန်တိုင်းရင်းသားများဘက်က ထောက်ခံမည်ဆိုလျှင် ကျန်သည့်တိုင်းရင်းသားများ လိုလားနေသည့် ဖက်ဒရယ်အရေးကြိုးပမ်းမှုများကို ထောက်ခံမည်ဟု ပြောဆိုခဲ့သည်။၎င်းနောက်၂ဝ၁၇ နှစ်ဦးပိုင်းမှာ FPNCC မဟာမိတ်အဖွဲ့ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

UNFC မှာ လေ့လာသူအဖြစ်ပင် အစည်းအဝေး လာမတက်ဖူးတဲ့ဝပြည်သွေးစည်းညီညွတ်ရေးပါတီဟာ
FPNCC မဟာမိတ် အဖွဲ့ကို ဦးဆောင်ထားပေမဲ့လည်း မဟာမိတ်အဖွဲ့၏ မဟာမိတ်အဖြစ် သတ်မှတ်မှုမှာ စစ်ရေးမဟာမိတ်ဖွဲ့မှု မပါခဲ့ပေ။ ကချင်ပြည်နယ်ဘက်မှာ စစ်တပ်ရဲ့ ထိုးစစ်တွေ ပြင်းထန်လာခဲ့တဲ့ အချိန်ကတည်းကနေ ဝ ဦးဆောင်တဲ့ မြောက်ပိုင်း FPNCC အနေနဲ့ ထိုးစစ်များရပ်စဲပေးရေး ထုတ်ပြန်ချက်မျိုးကို မတွေ့ရသည်မှာလည်း ထူးဆန်းအံ့သြဖွယ်ပင်ဖြစ်သည်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့မှာ စုစုပေါင်း အဖွဲ့(၇)ဖွဲ့ပါဝင်သည်။။ UWSA ၊ KIA ၊ NDAA ၊ SSA ( SSPP ) ၊ TNLA ၊ MNDAA ၊ AA တို့ဖြစ်သည်။ ၎င်းအထဲတွင်မှ KIA ၊ TNLA ၊ MNDAA ၊ AA အဖွဲ့မှာ မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်ပြီး ကျန်သုံးဖွဲ့ဖြစ်သည့် မိုင်းလားNDAA ၊ SSA(SSPP) ၊UWSA တို့သည် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိပေ။

ဗိုလ်ချုပ်ဆေထင်တို့၏ SSA (SSPP) အဖွဲ့က TNLA နှင့် မဟာမိတ်လုပ်ပြီး ဗိုလ်ချုပ်ကြီးရွက်ဆစ် ဦးဆောင်သည့် SSA (RCSS) အဖွဲ့နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် ဒေသတွင်းတည်ငြိမ်မှုကို အနှောင့်အယှက် ဖြစ်စေသည်။ RCSS သည် အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးထားသောကြောင့် တပ်မတော်၏ အကူအညီအချို့ကို ရရှိနေသည်ဟု စွပ်စွဲပြောဆိုမှုများလည်း ရှိနေသည်။ ၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးကာ အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လျက်ရှိပြီး ၎င်းတို့၏ တပ်ဖွဲ့ဝင် ရာပေါင်းများစွာ မြောက်ပိုင်းသို့ ရွှေ့ပြောင်းမှုတွင် မြန်မာ့တပ်မတော်က သဘောတူခဲ့ပုံရသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွင် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားနေသည့် အဖွဲ့လေးဖွဲ့ဖြစ်သည့် KIA ၊ TNLA ၊ MNDAA ၊ AA အဖွဲ့လေးဖွဲ့တို့သည် စစ်ရေးမဟာမိတ်များဖြစ်ကြသည်။ ပူးပေါင်းဆောင်ရွက်မှုများ ရှိသည်ကိုလည်း တွေ့ရတတ်သည်။ အတူတကွ တိုက်ကွက်ဖော်ဆောင်ခြင်းမျိုးကိုလည်း လုပ်ဆောင်ကြသည်ကို တွေ့ရသည်။ ဥပမာအားဖြင့် မူဆယ် ၁၀၅မိုင်နှင့် မုံးကိုးကို ဝင်တိုက်သည့်ကိစ္စမျိုးမှာ အားလုံးစုပေါင်းပြီး ဝိုင်းတိုက်ကြသည့်ပုံစံမျိုးကို တွေ့ခဲ့ရသည်။ မုံးကိုးစခန်းကို ဝင်တိုက်တုန်းက MNDAA က အဓိကဝင်တိုက်ပြီး ကျန်သည့်အဖွဲ့များက ဒေသတွင်း ဟန်ပြတိုက်ပွဲများ အများကြီးလုပ်ဆောင်ခဲ့ကြသလို၊ မြန်မာ့တပ်မတော်၏ စစ်ကူစစ်ကြောင်းများ အချိန်မီမရောက်နိုင်အောင် နှောင့်ယှက်ပိတ်ဆို့ တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ကြသည်ကို တွေ့ရသည်။ သို့သော် ကျန်သုံးဖွဲ့ဖြစ်သည့် UWSA ၊ SSA(SSPP)၊ NDAA မိုင်းလား သုံးဖွဲ့က စစ်ရေးလှုပ်ရှားမှုများမှာ တိုက်ရိုက်ဝင်ရောက်တိုက်ခိုက်သည်မျိုး မတွေ့ရဘဲ နောက်ကွယ်က အထောက်အပံ့ပြုသည့် အနေအထားမျိုးကိုသာတွေ့ရသည်။

၂၀၁၃ ခုနှစ် ဂျိမ်းထောက်လှမ်းရေး အစီရင်ခံစာအရ တရုတ်ပြည်သည် UWSA ထံသို့ MI-17 ရဟတ်ယာဉ်အချို့နှင့် TY-90 ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်များ ရောင်းချထောက်ပံ့ထားသည်ဟု ဆိုသည်။ ၂၀၁၅ ခုနှစ် အစီရင်ခံစာတွင် တရုတ်ပြည်လုပ် အမျိုးအစား ၉၆၊ ၁၂၂မမ ဟောင်ဝစ်ဇာနှင့် HJ-8ATGM အမြောက်ကြီးများ ရောင်းချထားသည်ဟုဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များထဲတွင် ၀ တပ်ဖွဲ့သည် အင်အားအတောင့်တင်းဆုံးနှင့် နိုင်ငံရေးအရ အအောင်မြင်ဆုံးအဖွဲ့အစည်းဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊နာဖိုင်းနှင့် ပန်ဆိုင်းမြို့နယ်တို့ကို ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ထားသည်။ သို့သော်လည်း နောက်ပိုင်းတွင် ဝတို့သည် ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် ဟူသည့် အသုံးအနှုန်းကိုသာ သုံးစွဲလာသည်ကို တွေ့ရသည်။ ဝဒေသ၏တရားစီရင်ရေးသည်လည်း ပြည်ထောင်စု၏ သြဇာအာဏာအောက်မှ ကင်းလွတ်ပြီး မူးယစ်ဆေးဝါးမှုများကို သေဒဏ်အထိ စီရင်သည်ဟု ထုတ်ပြန်မှုများလည်း ရှိသည်။ ၀ ဒေသတွင် မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်ခြင်း၊ သုံးစွဲခြင်း၊ သယ်ယူခြင်းများပြုလုပ်ပါက သေဒဏ်ချမှတ်သည့်အပြင် လက်ရှိတွင် ဘိန်းအစားထိုးသီးနှံများ စိုက်ပျိုးထားပြီး မြန်မာအစိုးရအပါအဝင် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့ အစည်းများကလည်း အသိအမှတ်ပြုကြောင်း ၂၀၁၈ခုနှစ် ဇန်နဝါရီလကုန်ပိုင်းက ထုတ်ပြန်ထားသည်။

မည်သို့ပင်ဆိုစေ အပစ်ရပ်ကာလ နှစ်သုံးဆယ်အတွင်း ဝဒေသသည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်ခဲ့သည်ကို လက်ခံရပေမည်။ လူနေမှု ပုံသဏ္ဍန်များ ဖွံ့ဖြိုးလာခဲ့သလို စီးပွားရေးအရလည်း အောင်မြင်ခဲ့သည်ကို တွေ့မြင်ကြရသည်။ ယခင်က ထိုင်း-မြန်မာနယ်စပ်သည် တိုင်းရင်းသား လက်နက်ကိုင်များ၏ ဗဟိုချက်မတစ်ခု အဖြစ် ရပ်တည်ခဲ့သော်လည်း နောက်ပိုင်းတွင် ပထဝီနိုင်ငံရေးအရ မြန်မာ- တရုတ်နယ်စပ်သည် တိုင်းရင်းသား လက်နက်ကိုင်များ၏ အရေးပါသော နေရာတစ်ခုဖြစ်လာခဲ့သည်။ ဝဒေသသည်လည်း တိုင်းရင်းသားလက်နက်ကိုင်များ အားကျစရာ ဒေသတစ်ခုဖြစ်လာခဲ့သည်။

မြန်မာအစိုးရတင်မက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့်မြန်မာ့တပ်မတော်တို့ အပေါ်တွင် သြဇာလွှမ်းမိုးသည့် တရုတ်နိုင်ငံသည်လည်း မြန်မာအစိုးရ၏ ငြိမ်းချန်းရေးလုပ်ငန်းစဉ်တွင် အပြုသဘောဆောင် ပါဝင်လာသည်ကို တွေ့လာရသည်။ သို့သော် အချိန်တိုအတွင်း အင်အားကြီးလာသည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် TNLA နှင့် AAတို့အပေါ် မြန်မာ့တပ်မတော်၏ ထိုးစစ်ဆင်မှုများကို မလျှော့ချနိုင်ပေ။ ဝတပ်ဖွဲ့သည် မိမိတို့၏ နောက်ကျော လုံခြုံရေးအတွက် TNLA ကို လက်နက်ခဲယမ်းများအပြင် စစ်ရေးအရပါ ပါဝင်ကူညီနေသည်ဟု စွပ်စွဲချက်များကလည်း ရှိနေသည်။ ၂၀၁၈ ဒီဇင်ဘာလအတွင်းက မြန်မာ့တပ်မတော်သည် စစ်တိုင်း ၅ ခုတွင် တိုက်ပွဲများကို လေးလကြာရပ်ဆိုင်းထားမည်ဟု ကြေညာခဲ့သည်။ ထိုကြေညာချက်ထွက်လာပြီး မကြာမီတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် AA နှင့် တပ်မတော်တို့၏ တိုက်ပွဲများ ပြင်းထန်လာခဲ့သည်။

တိုက်ပွဲများပြင်းထန်လာခြင်းနှင့်အတူ အရပ်သားများပါ ထိခိုက်သေဆုံး၊ ဒဏ်ရာရရှိမှုများ၊ ဖမ်းဆီးထိန်းသိမ်းခံရမှုများပါ ကြုံတွေ့လာရသည်။ တိုက်ပွဲများလျှော့ချနိုင်ရေး အပါအဝင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးကိစ္စများ ဆွေးနွေးနိုင်ရန် မြောက်ပိုင်းမဟာမိတ် လေးဖွြဲ့ဖစ်သည့် MNDAA ၊ KIA၊ TNLA၊ AA တို့သည် ၂၀၁၉ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင် အစိုးရ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC က ကိုယ်စားလှယ်များနှင့် မူဆယ်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထိုဆွေးနွေးပွဲမှာ KIO ၏ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆိုပြုချက်ကို အဓိကဆွေးနွေးပြီး ကျန်အဖွဲ့များ၏ အဆိုပြုချက်များကို လာမယ့် မေလအတွင်းမှာ ပြန်လည်တွေ့ဆုံဆွေးနွေးရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးပွဲတွင် အစိုးရဘက်မှ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲများမှာ  ပါဝင်ဖို့လိုလားပြီး တိုင်းရင်းသား လက်နက်ကိုင်များဘက်က Bilateral ခေါ် နှစ်ဘက် အပစ်ရပ်သဘောတူညီချက်ကို လက်မှတ်ရေးထိုးဖို့ လိုလားခဲ့ကြသည်။

မူဆယ် ဆွေးနွေးပွဲတွင် အစိုးရ၏ ကိုယ်စားလှယ်အဖွဲ့ကို ငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဌ ဦးသိန်းဇော်၊ အတွင်းရေးမှုး ဦးခင်ဇော်ဦးတို့ ဦးဆောင်တက်ရောက်ပြီး မြောက်ပိုင်းမဟာမိတ် ၄ဖွဲ့ဖြစ်သည့် KIO/KIA ကချင်၊ MNTJP/ MNDAA ကိုးကန့်၊ PSLF/TNLA တအန်း(ပလောင်)၊ ULA/AA ရခိုင် ကိုယ်စားလှယ်အဖွဲ့များက သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ထိပ်ပိုင်းခေါင်းဆောင်များ ပါဝင်ပြီး တက်ရောက်ခဲ့ကြသည်ကို တွေ့ရသည်။

ဆွေးနွေးပွဲကျင်းပချိန်သည် တပ်မတော်က ကြေညာထားသည့် ကချင်နဲ့ရှမ်းပြည်နယ်က စစ်တိုင်းဌာနချုပ် နယ်မြေ ၅ခုမှာ အပစ်အခတ်ရပ်စဲရေး ကြေညာထားသည့် နောက်ဆုံးနေ့ရက်လည်း ဖြစ်သည်။ ဆွေးနွေးပွဲက သဘောတူညီမှုတစ်စုံတရာ မရရှိသော်လည်း ဆွေးနွေးပွဲပြီးနောက်ပိုင်း ယခင်ကြေညာထားသည့် စစ်တိုင်း ၅ ခုတွင် အပစ်ရပ်စဲရေးကာလကို ၂လ သက်တမ်းတိုးကြောင်း တပ်မတော်က ထုတ်ပြန်သည်။

တပ်မတော်က ငြိမ်းချမ်းရေးဆွေးနွေးရန် ၄လတာအပစ်ရပ်ထားသည့် ကာလအတွင်းမှာ ရခိုင်ပြည်နယ်မှာ AA နှင့် တိုက်ပွဲများ ပြင်းထန်ခဲ့သလို ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း ကချင်၊ တအန်း(ပလောင်) လက်နက်ကိုင်တပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အနည်းဆုံး တိုက်ပွဲအကြိမ် ၅၀ခန့် ဖြစ်ခဲ့သည်ဟု ဆိုသည်။

၂၀၁၆ ခုနှစ် မတ်လတွင် အာဏာလွှဲပြောင်း လက်ခံခဲ့သည့် NLD အစိုးရသည် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးစားပေးလုပ်ဆောင်မည်ဟူသည့် ကြွေးကြော်သံနှင့် အစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က သူမ၏အစိုးရသည် တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများနှင့် ငြိမ်းချမ်းရေး ရရှိရေးကို ထိပ်တန်းဦးစားပေးအဖြစ် လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။ ထို့နောက် ၂၀၁၆ သြဂုတ်လ ၃၁ ရက်တွင် ၂၁ရာစုပင်လုံညီလာခံကို ခေါ်ယူကျင်းပခဲ့သည်။ သို့သော်လည်း ညီလာခံနှစ်ကြိမ်အပြီးတွင် တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများ၏ တောင်းဆိုထားမှုအတိုင်းအတာကို မြန်မာ့တပ်မတော်၏ အကျိုးစီးပွားများနှင့် သင့်မြတ်အောင် ညှိနှိုင်းရာတွင် လုပ်ကိုင်ရခက်ခဲလာပုံပေါ်သည်။

လက်ရှိ NCA စာချုပ်အရ လက်မှတ်ထိုးထားသောအဖွဲ့များသည် ပြည်ထောင်စုမှခွဲထွက်ခြင်းမပြုရန် သဘောတူထားကြရသည်။ ဆိုလိုသည်က တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများသည် ပြည်ထောင်စုမှ ခွဲထွက်မည့် မည်သည့်လှုပ်ရှားမှုကိုမဆို ထောက်ခံအားပေးခြင်းဖြစ်စေ ပြုလုပ်ခွင့်မရှိပေ။ တိုင်းရင်းသား လက်နက်ကိုင်များဘက်မှ လက်တွဲမဖြုတ်ရေးမူကို သဘောတူရန် လိုလားမှုရှိကြသော်လည်း ခွဲထွက်ခြင်းမပြုရ ဟူသော စည်းမျဉ်းကို မနှစ်သက်ကြသည်မှာလည်း အထင်အရှားဖြစ်သည်။

တပ်မတော်သည် အမျိုးသားနိုင်ငံရေးတွင် ဦးဆောင်မှုအခန်းကဏ္ဍမှ ပါဝင်ရေးဆိုသည့် အယူအဆကို ကိုင်စွဲထားရင်းက တိုင်းရင်းသားလက်နက်ကိုင်များနှင့် အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းနေသည့် အစိုးရမှာလည်း အခက်အခဲဖြစ်စေသည်။ မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲများအကြား တဘက်နှင့်တဘက် အပြန်အလှန် စိုးရိမ်ပူပန်မှုများကို နားထောင်ကြပြီး တိုင်းပြည်နှင့်လူထု၏ အကျိုးကျေးဇူးကို ရှေးရှုကာ အလျှော့ပေးညှိနှိုင်းရန် အဆင်သင့်ဖြစ်နေခြင်းသည်သာလျှင် အကောင်းဆုံးဖြေရှင်းနည်း ဖြစ်နိုင်စရာရှိသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် မည်သို့သော တိုးတက်မှုကို ပြုလုပ်နိုင်ခဲ့သည်ဖြစ်စေ၊ အကယ်၍ မြန်မာ့တပ်မတော်အတွင်း ပြောင်းလဲမှုမရှိပါက တိုင်းရင်းသားလက်နက်ကိုင်အုပ်စုအားလုံးနှင့် တခဲနက်သဘောတူညီမှု မရနိုင်သလို ပြည်တွင်းစစ်ပဋိပက္ခဖြေရှင်းနိုင်ရေးမှာလည်း ခက်ခဲနေဦးမည်သာဖြစ်သည်။

(ယခုဖော်ပြပါဆောင်းပါးကို ၂၀၁၉ ခုနှစ် မေလ ၁၅ ရက်နေ့ထုတ် Development News Journal (ဖွံ့ဖြိုးတိုးတက်ရေးသတင်းဂျာနယ်) အမှတ် ၁၀၈ တွင်လည်း ဖတ်ရှုနိုင်ပါသည်။)

 

 

ဗီဒီယိုများ