စစ်ပွဲကြားမှာ မြေစာပင်ဖြစ်ခဲ့ရတဲ့ ကျေးရွာတွေ

သမီးလှကျေးရွာက ဒေသခံတွေဟာ ရွာမှာနေထိုင်ကြရပေမယ့် လယ်ယာလုပ်ငန်းတစ်ခုကိုသာ လုပ်ကိုင်ခွင့်ရပြီး တခြားစီးပွားရေးလုပ်ငန်းတွေအတွက် အခွင့်အလမ်းဆုံးရှုံးနေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီကျေးရွာက ကလေးတွေငယ်မှာ ပညာသင်ကြားနေကြပေမယ့် စစ်ရေးကာလ လက်နက်ကြီး၊ လက်နက်ငယ်ကျရောက်မှုတွေကြောင့် ကျောင်းခေါင်မိုးတွေ ယိုယွင်းပျက်စီးနေတဲ့အတွက် ကလေးငယ်တွေ မိုးရည်ထဲမှာ စာသင်နေကြရပါတယ်။

28 Jun 2021

DMG ၊ ဇွန် ၂၈

(သတင်းဆောင်းပါး)

ကျေးရွာထဲကို ဝင်လိုက်တာနဲ့ တလင်းပြင်လို ညီညာနေတဲ့မြေကွပ်တွေမှာ မိုးရာသီကာလဖြစ်တာကြောင့် သစ်ပင်ငယ်လေးတွေ၊ မြက်ပင်တွေက စိမ်းစိုကာ ပေါက်ရောက်နေကြပါတယ်။ အဲဒီနေရာတွေမှာ မီးလောင်ထားတဲ့ နီရဲရဲအိမ်မိုးသွပ်ပြားတွေကို တွေ့မြင်ရပါတယ်။ အရွက်အခက်မရှိတော့တဲ့ သစ်ပင်တွေထောင်မတ်သေနေတာကို တွေ့ရသလို မီးလောင်ထားတဲ့ သစ်ငုတ်တိုတွေကိုပါ မြင်တွေ့ရပါ တယ်။

လက်ရှိ အဲဒီကျေးရွာမှာ ဒေသခံတချို့တစ်ဝက်ကျော်လောက်သာ နေထိုင်ကြပြီးတော့ ရွာအတွင်းနေအိမ် အချို့မှာလည်း မီးလောင်ပြာကျထားတဲ့ ပုံစံဖြစ်နေပါတယ်။ အဲဒီကျေးရွာဟာ ရသေ့တောင်မြို့နယ်အထက်ပိုင်း မေယုမြစ်အရှေ့ဘက်ခြမ်းမှာတည်ရှိတဲ့ သမီးလှကျေးရွာလေးဖြစ်ပါတယ်။

လက်ရှိ ရွာမှာနေထိုင်နေကြတဲ့ သမီးလှကျေးရွာက ဒေသခံတွေဟာ လယ်ယာလုပ်ငန်းတွေကို လုပ်ကိုင်နေကြပြီးတော့ အချို့မှာ အလုပ်အကိုင်တွေမရှိဘဲ ရှိနေကြပါတယ်။ နေအိမ်မီးလောင်ပျက်စီးသွားတဲ့ သူတွေဟာ ယာယီအိမ်တွေဆောက်လုပ်နေထိုင်နေကြပြီး ပိုင်ဆိုင်မှုတွေ ဆုံးရှုံးသွားတဲ့အတွက် အလုပ်အကိုင်မရှိဘဲ မိသားစုစားဝတ်နေမှာ အခက်ကြုံနေကြရတယ်လို့ နေအိမ်မီးလောင်ဆုံးရှုံးလိုက်ရတဲ့ ဦးလှကျော်သာက အခုလို ပြောပါတယ်။

“နေရထိုင်ရတာ တကယ်အခက်အခဲရှိတယ်။ အခုဆောက်ထားတာက အိမ်အကြီးမဟုတ်ဘူး။ ငယ်ငယ်လေး။ မိသားစုများတော့ မိုးမလုံ လေမလုံ နေနေရတယ်။ နေအိမ်မီးလောင်သွားတာကြောင့် မိန်းမလဲ စိတ်တစဖြစ်ပြီး ဆေးရုံကို ခဏခဏ သွားနေရတယ်။ လက်ရှိမှာ ကျနော်က အလုပ်အကိုင်လည်းမရှိ အဲလိုအခက်ကြုံနေရတယ်။”

သမီးလှကျေးရွာက ဒေသခံတွေဟာ ရွာမှာနေထိုင်ကြရပေမယ့် လယ်ယာလုပ်ငန်းတစ်ခုကိုသာ လုပ်ကိုင်ခွင့်ရပြီး တခြားစီးပွားရေးလုပ်ငန်းတွေအတွက် အခွင့်အလမ်းဆုံးရှုံးနေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီကျေးရွာက ကလေးတွေငယ်မှာ ပညာသင်ကြားနေကြပေမယ့် စစ်ရေးကာလ လက်နက်ကြီး၊ လက်နက်ငယ်ကျရောက်မှုတွေကြောင့် ကျောင်းခေါင်မိုးတွေ ယိုယွင်းပျက်စီးနေတဲ့အတွက် ကလေးငယ်တွေ မိုးရည်ထဲမှာ စာသင်နေကြရပါတယ်။

မိမိကျေးရွာကို မစွန့်ခွာနိုင်လို့ ပြန်လည်နေထိုင်နေကြပေမယ့် တစ်ဖက်မှာလည်း သမီးလှကျေးရွာ သားတွေကို စိုးရိမ်မှုတွေရှိနေကြပါတယ်။ သမီးလှကျေးရွာဟာ ပြီးခဲ့တဲ့ နှစ်နှစ်တာကာလအတွင်း တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ရဲ့ နှစ်ဖက်စစ်ရေးပဋိပက္ခအတွင်း ရွာလုံးကျွတ်ဘေးလွတ်ရာကို ထွက်ပြေးကြပြီး ဒေသခံတွေ တိမ်းရှောင်ရပါတယ်။ အဲဒီအချိန်က သမီးလှကျေးရွာမှာ နေအိမ် ၁၅ လုံးမီးရှို့ခံခဲ့ရပါတယ်။

မီးလောင်ပျက်စီးနေတဲ့ နေအိမ်တွေမှာ တစ်ဆောင်ကွာနှစ်ဆောင်ကွာ ကြိုကြား လောင်သွားတာမျိုး တွေ့မြင်ရပြီး လက်နက်ကြီးကျရောက်မှုကြောင့် တစ်ဆောင်တည်းလောင်သွားတာမျိုးမဟုတ်ဘဲ လူကိုယ်တိုင် လာရောက်မီးရှို့ခဲ့တဲ့ပုံစံ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ သမီးလှကျေးရွာကဒေခံတွေ ထွက်ပြေးသွားကြစဉ် မြန်မာစစ်တပ်ရဲ့ စစ်ကြောင်းတစ်ခုက လာရောက်မီးရှို့ခဲ့တာဖြစ်တယ်လို့ အဲဒီကျေးရွာသားတွေက ဆိုကြပါတယ်။

သမီးလှကျေးရွာက ဒေါ်ခင်အေးနုမှာ လင်ယောကျ်ားမရှိဘဲ မုဆိုးမဘဝနဲ့ တစ်သက်လုံး စုဆောင်းထားတာတွေ မီးရှို့ခံရပြီး ဆုံးရှုံးလိုက်ရတဲ့အတွက် အနာဂတ်ရှေ့ဆက်ဖို့ မရေမရာဖြစ်နေတယ်လို့ ပြောပါတယ်။

“နေအိမ်မီးလောင်သွားတော့ ပစ္စည်း၊ ဥစ္စာတွေ အကုန်လုံးဆုံးရှုံးခဲ့တာပဲ။ စပါးတွေလည်း ၅၀ ဝယ်ထားတယ်။ နောက် အိမ်သုံးစ္စည်းတွေ၊ ကျမမှာ အိမ်လည်းသံဖြူတွေမိုးပြီး ဆောက်ထားတဲ့အိမ်။ ယောကျ်ားလည်းမရှိ တစ်သက်လုံးစုထားတာ။ သားသမီးတွေလည်း အကုန်လုံး မိန်းမတွေချည်းပဲ အခု ဘာလုပ်လို့ဘာကိုင်ရမှန်း မသိတော့ဘူး”

သမီးလှကျေးရွာဟာ တိုက်ပွဲဧရိယာအတွင်းမှာ ရှိနေတဲ့အတွက် ဒေသခံတွေဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလကစလို့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ကြပြီး အခု တိုက်ပွဲတွေ ငြိမ်သက်နေတာကြောင့် တဖြည်းဖြည်းနေရပ်ပြန်လာကြတာလည်း ဖြစ်ပါတယ်။

ဒေါ်မစံအေးမှာလည်း နေအိမ်မီးလောင်သွားတဲ့အတွက် ဘယ်သူ့ဆီကပဲဖြစ်ဖြစ် အကူအညီလိုအပ်နေတယ်လို့ ပြောပါတယ်။

“ကျမတို့မှာ ဒီလိုမျိုးအခက်အခဲတွေရှိတော့ အကူအညီဆိုလည်းလိုချင်တာပဲ။ အိမ်ပဲဖြစ်ဖြစ် ပိုက်ဆံပဲဖြစ်ဖြစ် ကျမတို့က တကယ့်အခက်အခဲကြုံနေရတဲ့အချိန် ဘယ်သူဘယ်ဝါ ဖြစ်ဖြစ် ထောက်ပံ့တာတွေကို လိုချင်တယ်”

ရခိုင်ပြည်မှာ တိုက်ပွဲဖြစ်ကာလအတွင်း နေအိမ်အများအပြား မီးလောင်ပျက်စီးတာတွေရှိပြီး ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ရဲ့ စာရင်းရ နေအိမ်အလုံး ၁၀၀၀ ကျော် မီးလောင်ပျက်စီးသွားတာရှိတယ်လို့ သိရပါတယ်။

နေအိမ်မီးလောင်ပျက်စီးသွားတဲ့ တစ်ခြားကျေးရွာတွေက ဒေသခံတွေဟာ နေရပ်ကိုပြန်မယ်ဆိုရင် အခုလိုမျိုး အခက်အခဲတွေနဲ့ မိုင်းအန္တရာယ်ကိုလည်း စိုးရိမ်နေကြပါတယ်။

အဲဒီလို မီးလောင်ပျက်စီးသွားတဲ့ ကျေးရွာတွေက ဒေသခံတွေဟာ ကိုယ့်ရပ်ရွာကို ချစ်မြတ်နိုးတာကြောင့် လာရောက်နေထိုင်ကြတာဖြစ်ပြီး အခက်အခဲအမျိုးမျိုးတွေနဲ့ တည်ဆောက်နေကြပေမယ့် အရင်လို တောရွာတောဓလေ့အလျောက် သာသာယာယာနဲ့ စည်းကားသိုက်မြိုက်တဲ့ ကျေးရွာတစ်ရွာပြန်ဖြစ်ဖို့တော့ လတ်တလောမှာ မလွယ်ကူတော့ပါဘူး။

သူရိန် ရေးသားသည်

ဗီဒီယိုများ