ပုဏ္ဏားကျွန်း - ရသေ့တောင် ကားလမ်း စစ်ကောင်စီက ဆက်လက်ကန့်သတ်ထားဆဲ

ပုဏ္ဏားကျွန်း - ရသေ့တောင် ကားလမ်းသည် စစ်ရေးအရအရေးပါသော လမ်းကြောင်းတစ်ခုဖြစ်သဖြင့် လက်နက်ကိုင်နှစ်ဖက်စလုံးမှ နယ်မြေထိန်းချုပ်ရန် အပြိုင်အဆိုင်ကြိုးပမ်းနေကြသည်။

By Admin 31 Mar 2023

၂၀၂၂ ခုနှစ်အတွင်းက မြင်တွေ့ရသော ပုဏ္ဏားကျွန်း - ရသေ့တောင် ကားလမ်း တစ်နေရာ။
၂၀၂၂ ခုနှစ်အတွင်းက မြင်တွေ့ရသော ပုဏ္ဏားကျွန်း - ရသေ့တောင် ကားလမ်း တစ်နေရာ။

DMG ၊ မတ် ၃၁

ပုဏ္ဏားကျွန်း - ရသေ့တောင် ကားလမ်းကို စစ်ကောင်စီက ကန့်သတ်ထားသည်မှာ ၁၀ လခန့်ကြာမြင့်လာခဲ့ပြီ ဖြစ်သော်လည်း လွတ်လွပ်စွာသွားလာခွင့် မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ 

ရသေ့တောင်- ပုဏ္ဏားကျွန်း ကားလမ်းမှာ ကုန်စည်စီးဆင်းမှုအပြင် လမ်းတစ်လျှောက်ရှိ ကျေးရွာပေါင်း ၅၀ ကျော်မှ ဒေသခံများ၏ လူမှုစီးပွားရေးတို့အတွက် အရေးပါသောလမ်းလည်းဖြစ်သည်။ 

လမ်းပိတ်ထားသဖြင့် ဒေသခံများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး နစ်နာနေကြရပြီး ကားလမ်းကိုအမှီပြု လုပ်ကိုင်စားသောက်နေသူများမှာလည်း စားဝတ်နေရေးထိခိုက်မှုများ ရှိနေကြသည်။ 

“ကျနော်တို့ ကားသမားတွေ အလုပ်မလုပ်ရဘဲ အလုပ်လပ်မဲ့ ဖြစ်နေတာ ၁၀ လလောက် ရှိနေပြီ။ တချို့ဆိုရင် ကားကို ရောင်းလိုက်ကြပြီ။ တချို့ဆိုရင် နိုင်ငံခြားကို ထွက်သွားကြတယ်။ အလုပ်မလုပ်ရတော့ သားသမီး ပညာရေး၊ စားဝတ်နေရေးကို ပြည့်ပြည့်စုံစုံ မလုပ်ပေးနိုင်တော့ဘူး” ပုဏ္ဏားကျွန်း - ရသေ့တောင် ခရီးသည်တင်ယာဉ်ပြေးဆွဲသူ ကိုဇော်လေးက ပြောသည်။ 

ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအစောပိုင်း တိုက်ပွဲစတင်ဖြစ်ပွားချိန်မှစ၍ ပုဏ္ဏားကျွန်း - ရသေ့တောင် ကားလမ်းကို စစ်ကောင်စီက ကန့်သတ်လိုက်သည်။ ထို့နောက် ၂၀၂၀ ခုနှစ် နိုင်ဝင်ဘာလတွင် တိုက်ပွဲ ယာယီရပ်တန့်ပြီးနောက် ခရီးသွားလာခွင့် ပြန်လည်ရရှိလာခဲ့သည်။ 

၂၀၂၂ ခုနှစ်၊  ဇွန်လ ၁၆ ရက်နေ့တွင် ပုဏ္ဏားကျွန်းမှ စစ်ကောင်စီတပ်သားတစ်ဦးကို AA က ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း အဆိုပါကားလမ်းကို စစ်ကောင်စီက ပြန်လည်ပိတ်ပင်လိုက်ပြန်သည်။ လက်ရှိမှာ ဆိုင်ကယ်၊ တုတ်တုတ်များသာ သွားလာခွင့်ရရှိပြီး ခရီးသည်တင်ယာဉ်များနှင့် ကုန်တင်ကားများ သွားလာခွင့်မရရှိကြောင်း ဒေသခံများထံမှ သိရသည်။ 

စစ်ကောင်စီသည် ဒေသနေပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုကို ပိတ်ပင်နေခြင်းကြောင့် ရလဒ်အနေဖြင့် ပြည်သူလူထု၏ အမုန်းတရားသာ ရှိလာနိုင်သည်ဟု လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ဝေဖန်ပြောဆိုသည်။ 

“အုပ်ချုပ်သူကိုယ်တိုင်က ပြည်သူတွေကို မငဲ့ကွက်၊ မညှာမတာ ကိုင်တွယ်မှုတွေကြောင့် ပြည်သူတွေဟာ နာကျည်းကြတယ်၊ ငါတို့ကို မစာမနာဘူးလို့ ရှုမြင်ကြတယ်။ ဆိုတော့ ပြည်သူနဲ့ အုပ်ချုပ်သူကြားမှာ အမုန်းတရားတွေ အများကြီး ဖြစ်လာတယ်။ ဒါတွေကိုလျော့ချဖို့အတွက် အုပ်ချုပ်သူတွေဟာ ပြည်သူတွေကို စာနာငဲ့ညှာပြီး ဖြေရှင်းပေးဖို့ လိုအပ်တယ်” ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ လူသားချင်းစာနာထောက်ထားမှုကို အခြေခံပြီး နှစ်ဖက်နားလည်မှုဖြင့် အပစ်အခတ်ရပ်စဲပြီးနောက် လမ်းတချို့ကို စစ်ကောင်စီက ပြန်ဖွင့်ပေးခဲ့သော်လည်း ရသေ့တောင်- ပုဏ္ဏားကျွန်းကားလမ်းကို ယနေ့အချိန်ထိ ပိတ်ပင်ထားဆဲဖြစ်သည်။  

ပုဏ္ဏားကျွန်း - ရသေ့တောင် ကားလမ်းသည် စစ်ရေးအရအရေးပါသော လမ်းကြောင်းတစ်ခုဖြစ်သဖြင့် လက်နက်ကိုင်နှစ်ဖက်စလုံးမှ နယ်မြေထိန်းချုပ်ရန် အပြိုင်အဆိုင်ကြိုးပမ်းနေကြသည်ဟု ရသေ့တောင်မြို့မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုကျော်မင်းခိုင်က ပြောသည်။

“ဒီကားလမ်းကို ပိတ်လိုက်ရင် ဖွံ့ဖြိုးရေးလုပ်ငန်းတွေ နှောင့်နှေးသွားမယ်။ နှစ်ဖက်လက်နက်ကိုင်တွေလည်း အကုန်လုံးရှိကြတာကြောင့် အခုချိန်ထိ ပိတ်ထားတယ်လို့ ထင်တယ်။ စစ်ကောင်စီဘက်က ဒီလမ်းကို မထိန်းချုပ်နိုင်ဘူးဆိုရင် AA က ထိန်းချုပ်သွားလိမ့်မယ်။ အဲဒီလိုတွေးတာလည်း ဖြစ်နိုင်တယ်” ဟု ပြောသည်။ 

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲရပ်တန့်နေသည်မှာ ၄ လ ကျော်အထိ ကြာမြင့်လာပြီဖြစ်သော်လည်း စစ်ကောင်စီက စစ်ဆေးရေးတင်းကျပ်မှုများ၊ ခရီးသွားလာခွင့်ကန့်သတ်မှုများ ရှိနေသေးကြောင်း ဒေသခံများက ပြောဆိုကြသည်။ 

#R010

ဗီဒီယိုများ