အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားသတင်းများ 

ရခိုင်အရေးနှင့်ပတ်သက်၍ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၆ ရက်မှ ၂၂ ရက်နေ့အထိ တစ်ပတ်အတွင်း ထူးခြားသတင်းများကို တင်ဆက်ပေးလိုက်ပါသည်။

By Admin 24 Jun 2025

အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားသတင်းများ 

ရခိုင်အရေးနှင့်ပတ်သက်၍ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၆ ရက်မှ ၂၂ ရက်နေ့အထိ တစ်ပတ်အတွင်း ထူးခြားသတင်းများကို တင်ဆက်ပေးလိုက်ပါသည်။

■ သူပုန်ဖြူကဗျာစာအုပ် လေလံပြိုင်ပွဲအရှိန်မြင့်တက်နေ

AA ဒု - စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် ရေးသားသည့် 'သူပုန်ဖြူကဗျာစာအုပ်'ကို မိတ်ဆွေတစ်ဦးက အမေရိကန်ဒေါ်လာ ၅,၀၀၀ နှင့် ဝယ်ယူလိုက်သဖြင့် စာအုပ်လေလံပြိုင်ပွဲမှာ အရှိန်မြင့်တက်သွားကြောင်း သိရသည်။

ဇွန်လ ၂၀ ရက်က စာအုပ်အမှတ်စဉ် (၀၀၆၆၆)ကို သတ်မှတ်ဈေးထက်ပိုပေးပြီး မြန်မာကျပ်ငွေ သိန်း ၂၀၀ ခန့်နှင့် ဝယ်ယူအားပေးပြီးနောက် လေလံပြိုင်ပွဲကို အရှိန်မြှင့်တင်ပေးလိုက်ခြင်းဖြစ်သည်။

ထိုစာအုပ်ကို ယခုနှစ် မေလတတိယအပတ်က စတင်ရောင်းချခဲ့ပြီး ပထမဆုံး‌ လေလံဆွဲခဲ့သူမှာ ကဗျာစာအုပ် အမှတ်စဉ် (၁၁၅၄၃) ကို အမေရိကန်ဒေါ်လ ၁,၀၀၀ နှင့် မေလ ၂၃ ရက်က ဝယ်ယူခဲ့ခြင်းဖြစ်သည်။

သူပုန်ဖြူကဗျာစာအုပ်မှာ ရခိုင်၊ မြန်မာနှစ်ဘာသာနှင့် ရေးသားထားပြီး စစ်အာဏာရှင်တော်လှန်ရေး ကာလအတွင်း ရခိုင်တော်လှန်ရေးနှင့် မြန်မာ့နွေဦးတော်လှန်ရေး အကြောင်းအရာပါဝင်သည်။

စာအုပ်စုစုပေါင်းရောင်းရငွေ၏ ၃၅ ရာခိုင်နှုန်းကို စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးတပ်သားများကို ကူညီထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။

■ ကျောက်ဖြူက စစ်ကောင်စီတပ်ရင်းများကို AA လက်နက်ကြီးဖြင့် တိုက်ခိုက်နေ

ကျောက်ဖြူမှာ တိုက်ပွဲပြင်းထန်နေပြီး မြို့အနီးမှာရှိသည့် စစ်ကောင်စီတပ်ရင်းများကို အာရက္ခတပ်တော်(AA) က လက်နက်ကြီးများနှင့် ပစ်ခတ်တိုက်ခိုက်လာနေသည်။

ကျောက်ဖြူမြို့အခြေစိုက် ခမရ ၅၄၂ နှင့် ခမရ ၅၄၃ တပ်ရင်းနှစ်ခုကို ပြီးခဲ့သည့် ဇွန်လ ဒုတိယအပတ်မှစ၍ လက်နက်ကြီးပစ်ခတ်နေသဖြင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ဇွန်လ ၁၅ ရက်ကလည်း ကျောက်ဖြူမြို့ပေါ်ရှိ ခလရ ၄၃ တပ်ရင်းနှင့် အနီးပတ်ဝန်းကျင်နေရာများကို လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုရှိခဲ့သည်။

လက်ရှိ တိုက်ပွဲမှာ အမှတ် ၃၂ ရဲတပ်ရင်းနှင့် ဓညဝတီရေတပ်ဌာချုပ်အနီးတွင် ဖြစ်ပွားနေခြင်းဖြစ်ပြီး အခြားတပ်ရင်းများက စစ်ကူမလာနိုင်ရန် AA က လက်နက်ကြီးများဖြင့် လှမ်းပစ်နေခြင်းဖြစ်သည်။

■ စစ်တွေက ပြည်သူများ အရေးပေါ်ကျန်းမာရေးအတွက် စိန်ခေါ်မှုရှိနေ

ပြည်နယ်စစ်ကောင်စီ အဖွဲ့ဝင်များ ရုံးထိုင်နေသော မြို့တော်စစ်တွေမှာ အသင်းအဖွဲ့များ၏ လူမှုကူညီရေးလုပ်ငန်းများ အားနည်းလာနေသဖြင့် ဒေသခံပြည်သူများ၏ အရေးပေါ် ကျန်းမာရေးအပေါ် သက်ရောက်မှုများ ရှိလာနေသည်။

သာရေး၊ နာရေးကိစ္စရပ်များမှာ ငွေကြေးမတတ်နိုင်သော မိသားစုဝင်များနှင့် အရေးပေါ်လူနာများမှာ အခက်အခဲ ကြုံတွေ့နေကြရခြင်းဖြစ်သည်။

ယခင်က စစ်တွေမြို့မှာ လူမှုကူညီရေးအသင်းအဖွဲ့ အများအပြား လည်ပတ်ခဲ့သော်လည်း စစ်ကောင်စီ တင်းကျပ်လာမှုကြောင့် လက်ရှိတွင် လူမှုကူညီရေးလုပ်ငန်းများ သိသိသာသာကျဆင်းသွားခဲ့သည်။

လည်ပတ်နေသေးတဲ့ အသင်းအချို့မှာလည်း အလှူငွေနည်းပါးလာခြင်း၊ စက်သုံးဆီ ဈေးမြင့်တက်ခြင်းတို့ကြောင့် လုပ်ငန်းလည်ပတ်ရန် ခက်ခဲနေကြသည်။

စစ်တွေမြို့နယ်အတွင်း စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲများကြောင့် မြို့ခံများမှာ ရန်ကုန်အပါအဝင် မြို့ကြီးများသို့ တိမ်းရှောင်နေကြပြီး အခြေခံလက်လုပ်လက်စားများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများသာ မြို့တွင်း၌ ကျန်ရှိနေသည်။

■ AA ကို တိုက်ခိုက်ရန် မွတ်ဆလင်လက်နက်ကိုင်များ ဘင်္ဂလားဒေ့ရှ်၌ လူစုနေ

မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ အများအပြားသည် အာရက္ခတပ်တော် (AA)ကို တိုက်ခိုက်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းများတွင် လူသစ်စုဆောင်းနေကြောင်း နိုင်ငံတကာ အကျပ်အတည်းများလေ့လာရေးအဖွဲ့ (ICG)က ဇွန်လ ၁၈ ရက်နေ့က ထုတ်ပြန်ထားသည်။

ဒုက္ခသည်စခန်းများတွင် ဗိုလ်ကျစိုးမိုးနေသည့် မွတ်ဆလင်လက်နက်ကိုင် အဖွဲ့အစည်းများသည် ယခုအခါ အချင်းချင်းပူးပေါင်းထားကြပြီး ထိုပူးပေါင်းမှုကို ဘင်္ဂလားဒေ့ရှ် အေဂျင်စီများကလည်း ထောက်ခံကြကြောင်း ICG အစီရင်ခံစာက ဖော်ပြသည်။

ဤဖြစ်စဉ်များကြောင့် AA နှင့် ဘင်္ဂလားဒေ့ရှ်အကြား ဆက်ဆံရေးတွင် အဖုအထစ်များဖြစ်လာနိုင်ပြီး ဒုက္ခသည် နေရပ်ပြန်ရေး အစီအစဉ်များလည်း နောက်ပြန်ဆုတ်သွားနိုင်သည်ဟု ICG က သုံးသပ်ထားသည်။

ICG အစီရင်ခံစာနှင့် ပတ်သက်ပြီး ကော့ဘဇားရှိ မွတ်ဆလင်ဒုက္ခသည်စခန်းများတွင် မည်သည့် စစ်ရေးလှုပ်ရှားမှုမျိုးမှ မရှိဟု ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူများက ငြင်းဆိုလိုက်ကြောင်း ဒါကာထရီဗျူးန် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

■ လေးမျက်နှာက နယ်မြေရဲစခန်းတစ်ခုကို AA နှင့် ပူးပေါင်းတပ်များသိမ်း

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ သဲနုကုန်းကျေးရွာ နယ်မြေရဲစခန်းကို အာရက္ခတပ်တော် (AA)နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ထားကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

ပုသိမ် - မုံရွာလမ်းမရှိ သဲနုကုန်းရွာတွင် အခြေစိုက်ထားသည့် အဆိုပါ နယ်မြေရဲစခန်းကို AA နှင့် ပူးပေါင်းတပ်များက ဇွန်လ ၁၆ ရက် နံနက်ပိုင်းတွင် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

သဲနုကုန်းရဲစခန်းမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ လက်ရှိ ရေဖြူကျေးရွာတွင် တပ်စွဲထားကြောင်း သိရသည်။

လက်ရှိ ရေကြည်မြို့နယ်ရှိ အမှတ် (၃၄၄) အမြောက်တပ်ရင်းကိုလည်း AA နှင်ပူးပေါင်းတပ်များ ထိုးစစ်ဆင်နေ၍ တိုက်ပွဲများပြင်းထန်လျက်ရှိသည်။