ကိုဗစ် နှင့် စစ်ပွဲကြားက ရခိုင်ရွေးကောက်ပွဲ

တိုက်ပွဲဖြစ်ပွားမှုရှိနေသည့်မြို့နယ်များတွင် အစိုးရက အင်တာနက်အပြည့်အဝမပေးခြင်း၊ သတင်းမီဒီယာများကို လွတ်လွတ်လပ်လပ် ဝင်ခွင့်မပြုသည့်အခြေအနေတွင် မိမိမဲဆန္ဒနယ်တွင် မိမိတို့အားကိုးရမည့် လွှတ်တော်ကိုယ်စားလှယ်များ မရှိလျှင် လူထုအသံသည် ထင်သလောက်မပေါက်ဘဲ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပို၍ ရင်ဆိုင်နိုင်ရပေသည်။

18 Sep 2020

အယ်ဒီတာ့အာဘော် | DMG

နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးသည် တစ်ဖြည်းဖြည်း နီးကပ်လာပြီဖြစ်သလို မဲဆွယ်စည်းရုံးခွင့်လည်း ရရှိနေပြီဖြစ်သည်။ တိုက်ပွဲနှင့် ကပ်ဘေးဒဏ်ကို အလူးအလဲခံနေရသည့် ရခိုင်ပြည်နယ်တွင်ကား နိုင်ငံရေးပါတီများသည်လည်း မဲဆွယ်စည်းရုံးရန် အခွင့်မသာဘဲ အခက်အခဲရှိနေပြီး ပြည်သူလူထုကလည်း ရွေးကောက်ပွဲကို စိတ်ဝင်စားမှုနည်းပါးနေသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့၏ တိုက်ပွဲကြောင့် အသက်ဆုံးရှုံးရသူများ၊ ဒဏ်ရာရရှိသူများ၊ ဖမ်းဆီးခံရသူများနှင့် တစ်နေ့ထက်တစ်နေ့ များပြားလာသည့် နေရပ်စွန့်ခွာ စစ်ဘေးဒုက္ခသည် အရေးများကြောင့် ပြည်သူများသည် ဝမ်းနည်းမှု၊ ပူဆွေးမှုတို့မှအပ ရွေးကောက်ပွဲကို စိတ်ဝင်စားမှု မပြသနိုင်ခဲ့ပေ။

ရွေးကောက်ပွဲ နီးကပ်လာသည့်အချိန်တွင် ကိုဗစ်ကပ်ရောဂါကူးစက်မှုသည် ရခိုင်ပြည်နယ်အတွင်း ရုတ်တရက် ပေါ်ပေါက်လာသောကြောင့် တစ်ပူပေါ်နှစ်ပူဆင့် အခြေအနေ ဖြစ်သွားခဲ့ရသည်။ ကိုဗစ်ကို ထိန်းချုပ်ရန်ရည်ရွယ်ပြီး အစိုးရက ပြည်နယ်တစ်ခုလုံးကို မိမိနေအိမ်တွင် နေထိုင်ရန် အမိန့်ထုတ်ခြင်း၊ ညမထွက်ရအမိန့် ထုတ်ပြန်ထားခြင်းတို့ကြောင့် အခြေခံလူတန်းစားတို့အဖို့လည်း စားဝတ်နေရေးအခက်အခဲ ဖြစ်လာတော့သည်။ နဂိုကပင် တိုက်ပွဲများကြောင့် ရွေးကောက်ပွဲကို စိတ်ဝင်စားမှုမရှိခဲ့သည့် ပြည်သူများအဖို့ ပို၍ပင် အခြေအနေဆိုးသွားပေသည်။

လက်ရှိတွင် မဲဆွယ်စည်းရုံးခွင့် ရရှိနေပြီဖြစ်သော်လည်း ပြည်သူများ ထိုသို့အခက်အခဲဖြစ်ပေါ်နေသဖြင့် ရခိုင်နိုင်ငံရေးပါတီများသည် မဲဆွယ်စည်းရုံးရန် မဝံ့မရဲဖြစ်နေကြသည်။ ကိုဗစ်ကန့်သတ်ချက်များကြောင့် မဲဆွယ်ရန် အခက်အခဲရှိနေခြင်းလည်း ပါဝင်သည်။ ပို၍ဆိုးဝါးသည်မှာ တိုက်ပွဲများဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်တစ်ချို့တွင် ယခုရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလအထိ အင်တာနက်လိုင်းများ ပိတ်ပင်ထားဆဲမှာလည်း ပြည်သူများအား အွင်လိုင်းမှတစ်ဆင့် မဲဆွယ်စည်းရုံးရန် နိုင်ငံရေးပါတီများအတွက် အခက်ကြုံနေကြသည်။ မည်သို့ပင်ဆိုစေ ရခိုင်ပြည်သူများ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားလာရန် အရေးကြီးသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့၏ တိုက်ပွဲသည်လည်း တစ်နေ့ထက်တစ်နေ့ ပြင်းထန်လာခြင်း၊ တစ်ဖက်နှင့်တစ်ဖက် အခြေအနေတင်းမာလာမှုတို့ကြောင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာဦးမည့် အခြေအနေဖြစ်သည်။ တိုက်ပွဲဖြစ်ပွားလျှင် ပြည်သူများ အသက်အိုးအိမ်မလုံခြုံခြင်း၊ အမျိုးသမီးများ အဓမ္မပြုကျင့်ခံရခြင်း၊ သတ်ဖြတ်ခံရခြင်း၊ မတရားဖမ်းဆီးခံရခြင်းများ ဆက်တိုက်ရှိနေမည်ဖြစ်သည်။ ထိုအခြေအနေများကို ပြည်သူကိုယ်စားပြု၍ လွှတ်တော်ကိုယ်စားလှယ်များက တင်ပြကြရမည်ဖြစ်ပြီး အဖိနှိပ်ခံ ပြည်သူ့အသံများ ပေါ်လွင်ထင်ဟပ်အောင် တင်ပြကြရမည်ဖြစ်သည်။

တိုက်ပွဲဖြစ်ပွားမှုရှိနေသည့်မြို့နယ်များတွင် အစိုးရက အင်တာနက်အပြည့်အဝမပေးခြင်း၊ သတင်းမီဒီယာများကို လွတ်လွတ်လပ်လပ် ဝင်ခွင့်မပြုသည့်အခြေအနေတွင် မိမိမဲဆန္ဒနယ်တွင် မိမိတို့အားကိုးရမည့် လွှတ်တော်ကိုယ်စားလှယ်များ မရှိလျှင် လူထုအသံသည် ထင်သလောက်မပေါက်ဘဲ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပို၍ ရင်ဆိုင်နိုင်ရပေသည်။

နိုင်ငံရေးပါတီများက ထုတ်ပြန်သည့် လွှတ်တော်ကိုယ်စားလောင်း စာရင်းများအရ ရခိုင်နှင့် ရခိုင်မျိုးနွယ်စုများ၏ အကျိုးများ၊ ရခိုင်အကျိုးစီးပွားနှင့် ဒေသတွင်း လူမှုစီးပွားဖွံ့ဖြိုးရေးများအတွက် လုပ်ကိုင်ဆောင်ရွက်နိုင်သည်ဟု ယူဆရသည့် လွှတ်တော်ကိုယ်စားလှယ်များလည်း အများအပြားပါဝင်နေသည်ကို တွေ့ရသည်။ မိမိတို့မဲဆန္ဒနယ်၊ ရခိုင်ပြည်သူများ၏ အကျိုးစီးပွားအတွက် ဆောင်ရွက်နိုင်မည့် ပုဂ္ဂိုလ်များကို မဲပေးရွေးချယ်ကြရန် လိုအပ်ပေသည်။

တစ်ဖက်မှာ ထိုသို့ မဲပေးရွေးချယ်နိုင်ရန်အတွက် ပြည်သူများ ရွေးကောက်ပွဲကို စိတ်ဝင်စားလာရန် အထူးအရေးကြီးပေသည်။ လူမှုဘဝဖူလုံမှုရှိမှသာလျှင် ပြည်သူများသည် ရွေးကောက်ပွဲကို စိတ်ဝင်စားမည်ဖြစ်သဖြင့် ယခုကဲ့သို့ ကိုဗစ်ကာလတွင် အစိုးရအနေဖြင့် ပြည်သူလူထု စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ကူညီထောက်ပံ့မှုများပြု လုပ်ရမည်ဖြစ်သည်။ ထို့အပြင် အစိုးရ၊ ရွေးကောက်ပွဲကော်မရှင်၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများ အနေဖြင့်လည်း ပြည်သူလူထုများ ရွေးကောက်ပွဲစိတ်ဝင်စားလာအောင် တိုက်တွန်းနှိုးဆော်မှုများ ပြုလုပ်ရန်လိုအပ်ပေသည်။ ယနေ့အထိတော့ ထိထိရောက်ရောက် တိုက်တွန်းနိုးဆော်သည်ကို မမြင်တွေ့ရသေးပေ။

အလားတူ တိုက်ပွဲဖြစ်ပွားနေလျှင်လည်း ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် မလုံခြုံသောကြောင့် ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုလျှော့ကျနိုင်သည်ရှိသဖြင့် တိုက်ပွဲများရပ်တန့်ကြရန်လိုအပ်ပြီး အစိုးရအနေဖြင့် ပြည်သူများ၏ အသက်အိုးအိမ်လုံခြုံရေးကို ဦးစားပေးဆောင်ရွက်ပေးရန်လို အပ်ပါကြောင်း တိုက်တွန်းလိုက်ရသည်။

ဗီဒီယိုများ