တရုတ်စီမံကိန်း ဒေသခံများအသံ အလေးထားစေလို

ကျောက်ဖြူမြို့နယ်တွင် တည်ဆောက်မည့် စီမံကိန်းများနှင့်ပတ်သက်ပြီး အစိုးရနှင့်ကုမ္ပဏီများက ဒေသခံများအတွက် ယနေ့အထိ လုံလောက်သော သတင်းအချက်အလက်များကို မျှဝေခြင်းမရှိ၊ ဆုံးရှုံးနစ်နာမှုများရှိမည့် ဒေသခံများအတွက် အလုပ်အကိုင်အသစ် ဖန်တီးပေးရန် ညှိနှိုင်းပေးခြင်းမရှိ

07 Feb 2020

တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်သည် မြန်မာနိုင်ငံသို့ ဇန်နဝါရီလ ၁၇ ရက်မှ ၁၈ ရက်နေ့အထိ လာရောက်ခဲ့ကာ နှစ်နိုင်ငံအစိုးရကြား ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်းစီမံကိန်းဆိုင်ရာ သဘောတူစာချုပ်နှင့် အစုရှယ်ယာများနှင့်သက်ဆိုင်သော သဘောတူစာချုပ်၊ ရွှေလီ-မူဆယ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် မူဘောင်သဘောတူစာချုပ်လုပ်ငန်းစဉ်များ လျင်မြန်တိုးတက်စေရေး နားလည်မှုစာချွန်လွှာ စသည့် နားလည်မှုစာချွန်လွှာပေါင်း ၃၃ ခုကို သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။

ကျောက်ဖြူမြို့နယ်တွင် တည်ဆောက်မည့် စီမံကိန်းများနှင့်ပတ်သက်ပြီး အစိုးရနှင့်ကုမ္ပဏီများက ဒေသခံများအတွက် ယနေ့အထိ လုံလောက်သော သတင်းအချက်အလက်များကို မျှဝေခြင်းမရှိ၊ ဆုံးရှုံးနစ်နာမှုများရှိမည့် ဒေသခံများအတွက် အလုပ်အကိုင်အသစ် ဖန်တီးပေးရန် ညှိနှိုင်းပေးခြင်းမရှိဟု ဆိုကြသည်။ ထို့ပြင် စီမံကိန်းတည်ဆောက်ရန်အတွက် လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာဆန်းစစ်မှု (SEA) ပြုလုပ်ရန် လိုအပ်သော်လည်း လက်ရှိအချိန်ထိ မပြုလုပ်သေးဟုလည်း အရပ်ဖက်အဖွဲ့အစည်းများ၏ ပြောဆိုမှုကို တွေ့ရသည်။

မစ္စတာရှီကျင့်ဖျင် မြန်မာနိုင်ငံသို့ မလာရောက်မီ ရက်ပိုင်းအလိုကပင် ရခိုင်ဒေသခံအများစုသည် ကျောက်ဖြူစီမံကိန်းများကို လက်မှတ်ရေးထိုးမည်ဆိုသည့် ကိစ္စနှင့်ပတ်သက်ပြီး စိုးရိမ်မှုများမြင့်တက်ခဲ့ကြသည်။ ထို့ကြောင့် စီမံကိန်းများကို လက်မှတ်မရေးထိုးမီ ဒေသခံများ မိရိုးဖလာပိုင်ဆိုင်လာသော မြေယာများကို ဥပဒေအရ တရားဝင် အသိအမှတ်ပြုပေးရန်နှင့် ဆုံးရှုံးနစ်နာမှုများအတွက် အစားထိုးလုပ်ငန်းများနှင့် ဒေသတွင်းလုံလောက်သော အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးရန် အရပ်ဖက်အဖွဲ့အစည်းများက တောင်းဆိုခဲ့သည်။

ကျောက်ဖြူစီမံကိန်းနှင့်ပတ်သက်ပြီး ဒေသခံများက ကန့်ကွက်မှုများရှိသော်လည်း နှစ်နိုင်ငံအစိုးရကြား သဘောတူ လက်မှတ်ရေးထိုးပြီဖြစ်သောကြောင့် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းတွင်  ရေနက်ဆိပ်ကမ်းစီမံကိန်း၊ စက်မှုဇုန်စီမံကိန်းနှင့် အိမ်ရာစီမံကိန်းတို့ပါဝင်ပြီး ရေနက်ဆိပ်ကမ်းစီမံကိန်းကို ကနဦး အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်သည်။

ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် ကျောက်ဖြူ၊ မဒေးကျွန်းတွင် ၃၇၀ ဧကနှင့် ရမ်းဗြဲကျွန်းတွင် ၂၃၇ ဧက စုစုပေါင်း မြေဧက ၆၀၇ ဧက အသုံးပြုမည်ဖြစ်သည်။ ထို့ကြောင့် မြေယာပြဿနာများပေါ်လာမည်ဖြစ်ကာ ဒေသခံများအတွက် လယ်ယာကိုင်းကျွန်းမြေများနှင့် ငါးဖမ်းလုပ်ကွက်များလည်း ပျောက်သွားနိုင်သည့် အလားအလာ ရှိနေသည်။

အစိုးရအနေဖြင့် ကျောက်ဖြူနှင့်အမ်းမြို့နယ်တို့အတွင်း ၂၀၁၀ ခုနှစ်တွင်တည်ဆောက်ခဲ့သော ဂစ်ပိုက်လိုင်းနှင့် ရေနံပိုက်လိုင်းတွင် မြေယာပြဿနာများကို ယခုအချိန်အထိ မဖြေရှင်းနိုင်းသေးသဖြင့် ဒေသခံများကြားဝေဖန်မှုများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေသည်ကိုလည်း သတိပြုရမည်ဖြစ်သည်။ ထိုကိစ္စများနှင့်ဆက်စပ်၍လည်း ယခုတည်ဆောက်မည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းအပေါ် စိုးရိမ်မှုများလည်း ရှိနေသည်။

ထို့ကြောင့် အစိုးရအနေဖြင့် စီမံကိန်းနှင့်ပတ်သက်ပြီး ဒေသခံများ၏ တောင်းဆိုချက်များနှင့် လိုလားချက်များကို လျစ်လျူမရှုသင့်ပေ။ ထို့နောက် စီမံကိန်းလုပ်ဆောင်ရာတွင် ပြည်သူများအကျိုးစီးပွားကို ရှေးရှုလုပ်ဆောင်ရန်နှင့် သဘာဝပတ်ဝန်းကျင်များကို မပျက်စီးရန်လိုအပ်ကြောင်း မိမိတို့ DMG က တိုက်တွန်းလိုက်ရပေသည်။

ဗီဒီယိုများ