ဒုတိယစစ်ပွဲကို ရင်ဆိုင်နိုင်မည့်ခွန်အား

တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ တစ်ဖြည်းဖြည်းတိုးလာကာ လက်ရှိတွင် (၁၂)ဦးအထိရှိနေပြီဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးပြီးလျှင် ပိုးတွေ့လူနာအများဆုံး ဖြစ်နေသည်။

30 Jun 2020

အယ်ဒီတာ့အာဘော် | DMG

တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ တစ်ဖြည်းဖြည်းတိုးလာကာ လက်ရှိတွင် (၁၂)ဦးအထိရှိနေပြီဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးပြီးလျှင် ပိုးတွေ့လူနာအများဆုံး ဖြစ်နေသည်။

စစ်ပွဲကြောင့် ဒုက္ခရောက်နေသည့် ပြည်နယ်အတွက် တစ်ပူ‌ပေါ်နှစ်ပူဆင့် အခြေအနေ ဖြစ်နေသည်။ တစ်နည်းအားဖြင့် စစ်ပွဲနှစ်ခုကို တစ်ပြိုင်နက်တည်း ရင်ဆိုင်နေရသည့် ပြည်နယ်ဟုလည်း ဆိုနိုင်သည်။

ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာမှာ စစ်တွေဆေးရုံတွင် (၁) ဦး၊ မောင်တောဆေးရုံတွင် (၇) ဦး၊ ဘူးသီးတောင်ဆေးရုံတွင် (၂) ဦး၊ တောင်ကုတ်ဆေးရုံတွင် (၁) ဦးနှင့် သံတွဲဆေးရုံတွင် (၁) ဦး၊ စုစုပေါင်း ၁၂ ဦးဖြစ်သည်။ ထူးခြားချက်မှာ ပိုးတွေ့လူနာအများဆုံးသည် ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံမှ ဝင်လာသူများဖြစ်ပြီး တရားမဝင် ဝင်လာကြသူများဖြစ်ကြသည်။

တရားမဝင် ပြန်လာကြခြင်း

တရားမဝင်ပြန်လာသူများသည် ၂၀၁၇ ခုနှစ် မောင်တောဒေသတွင် တပ်မတော်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် ဘဂ်လား‌ဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားကြသူများ ဖြစ်သည်။ ၎င်းတို့သည် ယင်းနိုင်ငံတွင် ရောဂါဖြစ်ပွားမှု များပြားနေသောကြောင့် ပြန်ဝင်လာခြင်း စသည့်အကြောင်းပြချက် ရှိနိုင်သည်။

သို့သော် ယခုအချိန်သည် ကမ္ဘာတစ်ဝှမ်းတွင် ရောဂါဖြစ်ပွားနေသည့် အချိန်ဖြစ်သောကြောင့် မည်သည့် အကြောင်းပြချက်မျိုးဖြင့်မဆို ပြန်မလာသင့်ပေ။ ကိုရိုနာဗိုင်းရပ်စ်သည် လူမျိုးဘာသာမရွေး ကူးစပ်တတ်သောကြောင့် မိမိကြောင့် တစ်ခြားသူများအား ကူးစက်သွားမည်ကိုလည်း သတိပြုသင့်ပေသည်။ အလားတူ တရားမဝင် ပို့ဆောင်ပေးနေသူများကိုလည်း သက်ဆိုင်ရာက စိစစ်ဖော်ထုတ်ပြီး အရေးယူရန်လိုအပ်သည်။

တစ်ဖန် မွတ်ဆလင်များအပေါ် သြဇာလွှမ်းမိုးမှုရှိသည့် ပုဂ္ဂိုလ်များကလည်း မိမိတို့လူမျိုးများကို ယခုကာလတွင် ပြန်ဝင်လာခြင်း မလုပ်ကြရန် တိုက်တွန်းနှိုးဆော်မှုများ ပြုလုပ်ရန်လိုအပ်ပေသည်။ ပြန်ဝင်လာသူများတွေ့လျှင်လည်း နီးစပ်ရာကျန်းမာရေးဌာနများသို့ ချက်ချင်းသတင်းပို့ရန်လိုအပ်ပြီး အာဏာပိုင်များဘက်ကလည်း ချက်ချင်းစိစစ်ရှာဖွေရန်လိုအပ်သည်။ သို့မှသာလျှင် ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်မည် ဖြစ်သည်။

သတင်းအချက်အလက်အရေးကြီးမှု

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ထိန်းချုပ်မှုတွင် သတင်းအချက်အလက်သည် အရေးကြီးသော်လည်း ရခိုင်ပြည်နယ် နှင့် ချင်းပြည်နယ်က မြို့နယ်ရှစ်မြို့နယ်ကို အင်တာနက်ဖြတ်တောက်ထားသည်မှာ တစ်နှစ်ကျော်ပြီ ဖြစ်သည်။ ယင်းဒေသများတွင် စစ်ဘေးရှောင် မြောက်များစွာရှိနေပြီး စစ်ဘေးဒဏ်ခံစားနေရသည့် ပြည်သူများလည်း ဒုနှင့်ဒေးရှိနေသည်။ ၎င်းတို့မှာ ရောဂါအန္တရာယ်ထက် စစ်ပွဲကို ကြောက်လန့်နေရသော်လည်း ဗိုင်းရပ်စ်ရောဂါသည်လည်း ကြောက်စရာဖြစ်သည်။

ယင်း‌ဒေသများတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသောကြောင့် အရပ်ဖက်အဖွဲ့အစည်းများနှင့် ကျန်းမာရေးဌာနက ကျန်းမာရေးအသိပညာပေးလုပ်ဆောင်ဖို့ သွားရောက်ရန်လည်း မဖြစ်နိုင်ပေ။ ထိုအခြေအနေကြားထဲတွင် ဒေသခံများအတွက် ရှောင်ရန်၊ ဆောင်ရန် စသည့် တိကျသေချာသည့် သတင်းအချက်အလက်များကို ရရှိရန်မဖြစ်နိုင်ပေ။ ထို့ပြင် စစ်ဘေးရှောင်စခန်းများတွင် တစ်ယောက်နှင့် တစ်ယောက် ပူးကပ်စွာ နေထိုင်နေရသောကြောင့် ရောဂါကူးစက်နိုင်ခြေ အလွန်များသည်။ ထိုစခန်းများတွင် ပြင်ပမှ ပြန်ဝင်လာသူများကိုလည်း တင်းတင်းကျပ်ကျပ် စောင့်ကြည့်ရန် လိုအပ်သည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ စစ်ပွဲသည် ပထမစစ်ပွဲဖြစ်ပြီး ယင်းစစ်ပွဲတွင် ပြည်သူအမြောက်အများ သေဆုံး၊ ဒဏ်ရာရရှိကြပြီး ဖြစ်သည်။ ဆိုရလျှင် ပထမစစ်ပွဲအတွင်း ပြည်သူများ အရှုံးနှင့်ရင်ဆိုင်နေရသည်။ ယခု ကိုရိုနာဗိုင်းရပ်စ်နှင့် ရင်ဆိုင်နေသည့်စစ်ပွဲသည် ဒုတိယစစ်ပွဲဖြစ်ပြီး ဒုတိယစစ်ပွဲတွင်လည်း ပြည်သူများမရှုံးရန် အရေးကြီးသည်။

မကြာသေးခင်က ပြုလုပ်ခဲ့သည့် တပ်မတော်သတင်းစာရှင်းလင်းပွဲတစ်ခုတွင် အင်တာနက်ပြန်ဖွင့်ပေးရန် အစီအစဉ် မရှိသေးကြောင်းနှင့် စစ်ရေးဆိုင်ရာလိျှု့ဝှက်ချက်များ အင်တာနက်ပေါ် တက်လာသောကြောင့် ပိတ်ထားရခြင်းဖြစ်သည်ဟု တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့သည်။

မည်သို့ပင်ဆိုစေ တိုက်ပွဲကြောင့်ဒုက္ခရောက်နေသည့် ပြည်သူများကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထပ်မံဒုက္ခမရောက်အောင် စွမ်းဆောင်ပေးရန် နိုင်ငံတော်အစိုးရမှာ တာဝန်ရှိပြီး သတင်းအချက်အလက်များ မြန်မြန် ဆန်ဆန်သိရှိနိုင်ရန်အတွက် အင်တာနက်အမြန်ဆုံးဖွင့်ပေးသင့်သည်။

ပြည်သူများလည်း မပေါ့နှင့်

ပြည်နယ်၏ မြို့တော်စစ်တွေမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ တစ်ဦးတွေ့ရှိထားသည်။ စတင်တွေ့ရှိသည့်နေ့ကဆိုလျှင် လူမှုကွန်ရက်စာမျက်နှာများတွင် လူထု၏စိုးရိမ်မှုများကို ထင်ထင်ရှားရှားမြင်ရသည်။ သို့သော် နောက်တစ်ရက် နံနက်ပိုင်းမှစတင်ကာ လူသွားလူလာမှာ ပုံမှန်အတိုင်းမြင်နေရသည်။ စစ်တွေမြို့၏ အစည်ကားဆုံးနေရာဖြစ်သည့် ကမ်းနားလမ်း၊ ပွိုင့်ကမ်းခြေတို့မှာလည်း လူသွားလူလာပုံမှန်၊ လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်များတွင်လည်း ယခင်အတိုင်းပင်ဖြစ်သည်။ Mask တပ်သူထက် Mask မတပ်သူများနေ သည်ကိုလည်း သတိပြုမိသည်။

လက်ရှိအချိန်တွင် မြန်မာအပါအဝင် ကမ္ဘာတစ်ဝှမ်းလုံးတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကို မထိန်းချုပ်နိုင်သေးပေ။ ထို့ကြောင့် ပြည်သူများအနေဖြင့်လည်း ကျန်းမာရေးဌာနက ထုတ်ပြန်ထားသည့် ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ နှိုးဆော်မှုများကို လိုက်နာရန်လိုအပ်ပြီး ကျန်းမာရေးဌာနအနေဖြင့်လည်း ရောဂါကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြင့် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း မိမိတို့ DMG က တိုက်တွန်းရေးသားလိုက်ရပေသည်။

ဗီဒီယိုများ