ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို ကာကွယ်ဖို့ အင်တာနက်ပြန်ဖွင့်ပေးခြင်းဖြင့် လူ့အသက်ပေါင်းများစွာကို ကယ်တင်ပါ

ကမ္ဘာတစ်ဝှမ်းတွင် ကိုရိုနာဗိုင်းရပ်စ်(COVID-19) ကူးစပ်ခံရသူ အရေအတွက် များပြားလာပြီး သေဆုံးသူလည်း တဖြည်းဖြည်း များပြားလာသည်။ မြန်မာနိုင်ငံတွင်လည်း မတ်လ (၃၀) ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစပ်ခံရသူ (၁၄)ဦးအထိ ရှိလာနေပြီဖြစ်သောကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မခံရရန်အတွက် ကြိုတင်ကာကွယ်မှုများကို အစိုးရက အချိန်အဟုန်မြှင့်တင်ပြီး ဆောင်ရွက်နေသည်ကို တွေ့ရသည်။

31 Mar 2020

ကမ္ဘာတစ်ဝှမ်းတွင် ကိုရိုနာဗိုင်းရပ်စ်(COVID-19) ကူးစပ်ခံရသူ အရေအတွက် များပြားလာပြီး သေဆုံးသူလည်း တဖြည်းဖြည်း များပြားလာသည်။ မြန်မာနိုင်ငံတွင်လည်း မတ်လ (၃၀) ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစပ်ခံရသူ (၁၄)ဦးအထိ ရှိလာနေပြီဖြစ်သောကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မခံရရန်အတွက် ကြိုတင်ကာကွယ်မှုများကို အစိုးရက အချိန်အဟုန်မြှင့်တင်ပြီး ဆောင်ရွက်နေသည်ကို တွေ့ရသည်။

သို့သော် ရောဂါကူးစက်မှုခံရသူ တဖြည်းဖြည်းများပြားလာပါက မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအနှံ့ ရောဂါကပ်ဆိုး ကူးစက်ပြန့်ပွားမှုကို ထိမ်းချုပ်နိုင်မှု အားနည်းချက်ရှိမည်ကို စိတ်မကောင်းစွာ တွေ့နေရပြီး တစ်တိုင်းပြည်လုံးအတွက် နောက်ဆက်တွဲ လူမှုရေးပြဿနာများလည်း ဆိုးဆိုးဝါးဝါး ဖြစ်လာနိုင်သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ကလည်း လက်ကိုစင်ကြယ်အောင် မကြာခဏ စနစ်တကျဆေးကြောပါ၊ နှာချေချောင်းဆိုးသည့်အခါ နှာခေါင်းနှင့်ပါစပ်ကို လုံခြုံအောင်ဖုံးအုပ်ပါ၊ လူထူထပ်သည့် နေရာများသို့ သွားလာခြင်းမှ တတ်နိုင်သမျှ ရှောင်ကြဉ်ပါ စသဖြင့် အမြဲတမ်း သတင်းထုတ်ပြန်ပေးနေသည်။

အလားတူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မခံရအောင် “စနစ်တကျ လက်ဆေးကြရန်”ကိုယ်တိုင်လက်ဆေးနည်းစနစ်ကို သရုပ်ပြလုပ်ပြထားပြီး အင်တာနက်၊ တီဗွီ၊ ရေဒီယိုတို့မှ တိုက်တွန်းထားသည်။

“ကျွန်မအနေနဲ့ နိုင်ငံတော်အစိုးရကို ကိုယ်စားပြုပြီး ပြည်သူတွေကို ပန်ကြားချင်တာကတော့ ကြောက်လန့်တုန်လှုပ်ခြင်း မရှိကြပါနဲ့။ ခေါင်းအေးအေးထားပြီး သတိကြီးစွာနဲ့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ အခြားအစိုးရဌာနများရဲ့ ထုတ်ပြန်ထားတဲ့ COVID-19နဲ့ ပတ်သက်တဲ့ ညွှန်ကြားချက်တွေကို လိုက်နာကြဖို့ပဲဖြစ်ပါတယ်” ဟု မတ်လ ၂၄ ရက်နေ့က ပြည်သူလူထုသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့သည်။

ဝမ်းနည်းစရာကောင်းသည်မှာ ထိုသတင်းစကားများကို အင်တာနက်ဖြတ်တောက်ခံထားရသည့် ရခိုင် နှင့်ချင်းပြည်နယ်က ပြည်သူ တစ်သန်းကျော်မှာ မသိရှိနိုင်ပေ။ အထူးသဖြင့် စစ်ဘေးရှောင်စခန်းများတွင် အစုအလိုက်အပြုံလိုက် နေထိုင်နေရသည့် စစ်ဘေးဒုက္ခသည်များမှာ ပို၍ပင် မသိရှိနိုင်ပေ။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုရှိနေသည့် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြေပုံ၊ မြောက်ဦး၊ မင်းပြားနှင့် ချင်းပြည်နယ်က ပလက်ဝမြို့နယ်တို့ကို ၂၀၁၉ ခုနှစ် ဇွန်လ (၂၁)ရက်နေ့တွင် ကြိုတင် အသိမပေးဘဲ အင်တာနက်ဖြတ်တောက်ခဲ့သည်။

ထို့နောက် စက်တင်ဘာလ (၁)ရက်နေ့တွင် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြေပုံနှင့် ပလက်ဝ မြို့နယ်တို့ကို အင်တာနက်ပြန်ဖွင့်ပေးခဲ့သော်လည်း ဖေဖော်ဝါရီလ (၃)ရက်နေ့တွင် ယင်းမြို့နယ်များကို ထပ်မံဖြတ်တောက်ခဲ့သည်။

တိုက်ပွဲများကြောင့် အိုးအိမ်ကို စွန့်ခွာပြီး အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် ထွက်ပြေးလာရသည့် ဒုက္ခသည် များမှာ အစိုးရထုတ်ပြန်ပေးနေသည့် သတင်းများကို ကြည့်ရှုနားထောင်ရန်အတွက် တီဗွီ၊ ရေဒီယို၊ သတင်းစာ မရှိပေ။ အလားတူ အင်တာနက်က ကြည့်ရှုမည်ဆိုလျှင်လည်း အင်တာနက်ဖြတ်တောက်ခံထားရသဖြင့် ထိုသတင်းစကားများမှာ ၎င်းတို့၏ နားမျက်စိထဲသို့ မရောက်ရှိနိုင်ပေ။

၎င်းတို့နားမျက်စိထဲသို့ ရောက်လာသည်များမှာ စိုးရိမ်စရာများ၊ ကောလဟာလသတင်းစကားများနှင့် တနေ့တာ စားဝတ်နေရေးအတွက် မည်သို့ဖြေရှင်းရမည်နည်းဆိုသည့် နစ္စဓူ၀ စိန်ခေါ်များပင်ဖြစ်နေသည်။ DMG က စစ်ဘေးရှောင်စခန်းများကို ဆက်သွယ်မေးမြန်းရာတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ကြားသာကြားဖူးပြီး အသေးစိတ်မသိရှိဟု ဆိုကြသည်။ ထို့ပြင် ရောဂါကာကွယ်ရန်အတွက် မည်သို့ နေထိုင်ရမည်၊ မည်သို့ပြင်ဆင်ရ မည်ဆိုသည်ကိုလည်း မသိရှိဟုဆိုကြသည်။

အင်တာနက်ဖြတ်တောက်ထားသောကြောင့် ကျန်းမာရေးဌာနများက ကွင်းဆင်းပြီး ပညာပေးမည်ဆိုလျှင်လည်း မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းများနှင့် မြို့ပေါ်အနီးတွင်ရှိသည့် စစ်ဘေးရှောင်စခန်းများတွင်သာ အကောင်အ ထည်ဖော်နိုင်လိမ့်မည်။ မြို့နှင့်အလှမ်းဝေးကွာသည့် စစ်ဘေးရှောင်စခန်းများ၊ ကျေးရွာများကို သွားရောက်ပြီး ပညာပေးမည်ဆိုလျှင်လည်း တိုက်ပွဲဖြစ်ပွားနေသည့်အတွက် လုံခြုံရေးစိုးရိမ်ရ၍ သွားရောက်ပညာပေးရန် အလွန် အခက်အခဲရှိနေပေသည်။

တစ်ဖက်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရန်အတွက် လက်ကိုစင်ကြယ်အောင် ဆေးကြောရန် အစိုးရက တိုက်တွန်းနေသည်။ သို့သော် စစ်ဘေးရှောင်စခန်းတစ်ချို့တွင် လက်ဆေးရန်ရေ ရရှိဖို့နေနေသာသာ အသက်ရှင်ရပ်တည်ရေးအတွက် သောက်သုံးရန်နှင့် ချက်ပြုတ်လျှော်ဖွတ်ရန်အတွက်ပင် ရေအလုံအလောက် မရှိတော့ပေ။ အင်တာနက်သာ ဖွင့်ပေးပါက ထိုအခက်အခဲများကို လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် တင်ပြလျှင် ကူညီထောက်ပံ့မည့်သူများ ပေါ်ပေါက်လာမည်ဖြစ်ပြီး လက်ဆေးမည့်ရေအတွက်လည်း ထွေထွေထူးထူး စိတ်ပူစရာ မလိုအပ်တော့ပေ။

ရခိုင်ပြည်နယ်သည် အလုပ်အကိုင်ရှားပါးသည့် ဒေသဖြစ်သောကြောင့် နိုင်ငံရပ်ခြားများကိုသွားရောက်ပြီး အလုပ်လုပ်ကိုင်သူများပြားသည်။ ယင်းနိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်ဖြစ်ပွားနေခြင်း(သို့မဟုတ်) သင်္ကြန်နီးကပ်နေပြီဖြစ်သဖြင့် မိမိပြည်နယ်သို့ ဝင်ရောက်လာသူ များပြားနေသည်။ ထိုသူတစ်ဦးတစ်ယောက် ဗိုင်းရပ်စ်ကူးစက်ခံရလျှင် ဒေသတွင်းနေထိုင်သည့် ပြည်သူများနှင့် စစ်ဘေးရှောင်များအတွက် များစွာသက်ရောက်မှု ရှိမည်ဖြစ်သည်။

သို့ဖြစ်ပါ၍ အင်တာနက်ဖြတ်တောက်ခံထားရသည့် ဒေသများက ပြည်သူများသည် ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် ပတ်သက်ပြီး ရှောင်ရန်၊ ဆောင်ရန်များကို သိရှိနိုင်ရန်အတွက် အလွန်အရေးကြီးသည့်အချိန်ဖြစ်နေသည်။

ထို့ကြောင့် ရခိုင်နှင့်ချင်းပြည်နယ်တို့ က မြို့နယ် (၉)မြို့နယ်ကို အင်တာနက်အမြန်ဆုံးပြန်ဖွင့်ပေးရန်နှင့် သတင်းမီဒီယာများ အထူးသဖြင့် ရခိုင်ပြည်နယ်အခြေစိုက် သတင်းမီဒီယာများကို သတင်းကျင့်ဝတ်နှင့်အညီ သတင်းဖြန့်ေ၀ ထုတ်လုပ်နိုင်အောင် တားမြစ်ပိတ်ပင်မှုများမှ လျော့ချပေးရန် မိမိတို့ DMG က တိုက်တွန်းလိုက်ရပေသည်။

ဆက်စပ်ဖတ်ရှုန်ရန် - 

ဗီဒီယိုများ