စစ်ဘေး၊ စစ်ဒဏ် ခံစားနေရသူများကို အလေးထားကူညီပါ

ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်မတော်(AA) နှင့် မြန်မာ့တပ်မတော်တို့ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲသည် ယခုရက်ပိုင်းအတွင်း တဖြည်းဖြည်း စစ်ရေးတင်းမာမှု ရှိလာသည်။ စစ်ပွဲများကြောင့် နှစ်ဖက် ထိခိုက်ဒဏ်ရာရရှိမှုများ၊ အကျအဆုံးများ ရှိနေသည်။ တိုက်ပွဲများ၏ အကျိုးဆက်အဖြစ် ပြည်သူများမှာ စစ်ဘေးဒဏ်ကို ခံနေကြရသည်။

14 Dec 2018

ရခိုင်ပြည်နယ်တွင် ဖြေရှင်းရအခက်ခဲဆုံးသော ပြဿနာမှာ ဘင်္ဂါလီအရေးပင်ဖြစ်သည်။ ယခုကာလသည် ယင်းပြဿနာကို ဖြေရှင်းရန် ကြိုးပမ်းနေသည့် အချိန်ကာလတစ်ခုလည်း ဖြစ်သည်။ သို့သော် နောက်ထပ် ဖြေရှင်းရမည့် ပြဿနာတစ်ခု ပေါ်ပေါက်လာခဲ့သည်။

ယင်းမှာ ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်မတော်(AA) နှင့် မြန်မာ့တပ်မတော်တို့ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲသည် ယခုရက်ပိုင်းအတွင်း တဖြည်းဖြည်း စစ်ရေးတင်းမာမှု ရှိလာသည်။ စစ်ပွဲများကြောင့် နှစ်ဖက် ထိခိုက်ဒဏ်ရာရရှိမှုများ၊ အကျအဆုံးများ ရှိနေသည်။ တိုက်ပွဲများ၏ အကျိုးဆက်အဖြစ် ပြည်သူများမှာ စစ်ဘေးဒဏ်ကို ခံနေကြရသည်။

စစ်ရေးအရှိန် မြင့်မားလာသည်နှင့်အမျှ စစ်ဘေးဒုက္ခသည်များလည်း ပို၍များလာသည်။ စစ်ပွဲဖြစ်ပွားနေသည့် နေရာများတွင်နေထိုင်ကြသည့် ပြည်သူများသည် ဘေးလွတ်ရာသို့ အဝတ်တစ်ထည် ကိုယ်တစ်လုံးဖြင့် အိုးအိမ်များကိုစွန့်ခွာ၍ ထွက်ပြေးလာကြရသည်။ တချို့အရပ်သားများမှာ စစ်ပွဲကြောင့် ထိခိုက်ဒဏ်ရာရရှိမှုများ ရှိနေသည်။

ဘူးသီးတောင်မြို့နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် အရပ်သားတစ်ဦး သေနတ်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေရသည်။ ယင်းအပြင် ဘူးသီးတောင်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တို့မှ ဒေသခံ(၃၀၀)ကျော်ခန့်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ ယင်းမှာ စစ်ပွဲကြောင့် လက်ရှိဖြစ်နေသည့် ပကတိ အခြေအနေပင်ဖြစ်သည်။

ရခိုင်ပြည်သူလူထုများသည် အေးအေးချမ်းချမ်းဖြင့် နေထိုင်ချင်ကြသည်။ သို့သော် မငြိမ်းချမ်းသည့်အခါ စစ်ဘေးရှောင်ကာ နီးစပ်ရာကျေးရွာများတွင် ခိုလှုံကြရသည်။ သူတို့သည် ဒုက္ခရောက်၍ ထွက်ပြေးလာကြသူများ ဖြစ်သည့်အတွက် အဝတ်အထည်၊ အစားအသောက်များ ပါမလာပေ။

လက်ရှိအနေအထားအရ ခိုလှုံခွင့်ပေးထားသည့် ရွာသားများက ကျွေးမွေးထားကြသည်။ စစ်ဘေးရှောင်များသည် အစိုးရအဖွဲ့၊ လူမှုအဖွဲ့အစည်းများ အကူအညီများ ပေးလာမည့်နေ့ကို မျှော်လင့်ချက်များဖြင့် စောင့်မျှော်နေကြသည်။

ခိုလှုံခွင့်ပေးထားသည့် ဒေသခံများအဖို့လည်း များပြားလာသည့် ရွာသားများကို ကျွေးမွေးမည့်ကိစ္စ၊ အဝတ်အထည် ထောက်ပံ့ကူညီမည့် ကိစ္စများသည် မလွယ်ကူသည့်အရာဖြစ်သည်။ စစ်ဘေးဒုက္ခသည်များကို လူသားချင်းစာနာထောက်ထား၍ ကူညီရမည်ဖြစ်သည်။ ယင်းမှာ အုပ်ချုပ်သည့်အစိုးရတွင် အဓိကတာဝန်ရှိသည်။ ယင်းအပြင် အရပ်ဘက်၊ လူမှုအဖွဲ့အစည်းများကလည်း ကူညီထောက်ပံ့ရန် လိုအပ်သည်။

လက်ရှိအချိန်တွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများက ကူညီရန်စီစဉ်နေသည်ကိုသာ တွေ့ရသည်။ အစိုးရ၏ ကူညီဆောင်ရွက်နေသည့် အနေအထားကိုလည်း အနည်းငယ်တွေ့ရသည်။ အစိုးရအနေဖြင့် စစ်ဘေးရှောင်များကို အလျင်အမြန်ကူညီရန် အရေးကြီးလှသည်။

ရခိုင်အဖွဲ့အစည်းများ၊ ရခိုင်ပါတီများနှင့် အစိုးရအဖွဲ့၏ အခြေအနေသည် ဆက်ဆံရေးတင်းမာမှု အခြေအနေများ ရှိနေသည်။ ယခု ဒုက္ခသည်များကို ကူညီလိုက်လျှင် အစိုးရအပေါ်အမြင်တစ်မျိုး ပြောင်းသွားနိုင်ပြီး အစိုးရအဖွဲ့အနေဖြင့် အမှတ်ကောင်းရလိမ့်မည်။ သို့မဟုတ်ဘဲ စစ်ဘေးရှောင်များကို ကူညီရန် ပျက်ကွက်ခြင်း၊ ကြန့်ကြာခြင်းများရှိလျှင် အစိုးရအပေါ် ပြည်သူလူထုမှ ယုံကြည်မှု ပိုမိုပျက်စီးသွားလိမ့်မည်။

ထို့ကြောင့် ဒုက္ခရောက်နေကြသည့် ပြည်သူလူထုများကို အစိုးရအဖွဲ့၊ လူမှုအဖွဲ့အစည်းများအနေဖြင့် အချိန်မဆိုင်းဘဲ အမြန်ဆုံးကူညီကြရန် မိမိတို့ Development Media Group (DMG) က တိုက်တွန်းလိုက်ရပါသည်။

Editorial>>> ISSUE 99, DECEMBER 15, 2018, DEVELOPMENT NEWS JOURNAL

 

ဗီဒီယိုများ