တိုက်ပွဲကြားက မြေစာပင်များကို ကာကွယ်ပါ

ယခုရက်ပိုင်းအတွင်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ကြား ကျေးရွာအနီးတို့တွင်ပင် တိုက်ပွဲဆက်တိုက် ဖြစ်ပွားမှုရှိပြီး တိုက်ပွဲအနီးရှိ ပြည်သူလူထုများမှာ အထိနာကြရသည်။ အရပ်သားများ ထိခိုက်မှုရှိလျှင် မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းကမှ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ဖြေရှင်းမှု မရှိကြပေ။ တစ်ဖက်နှင့် တစ်ဖက်သာ စွပ်စွဲမှုများရှိကြသည်။

04 Mar 2019

ရခိုင်စစ်မီးကြီးသည် တဖြည်းဖြည်း ကြီးထွားလာသည်။ စစ်ပွဲများကြောင့် ပြည်သူလူထုများသည် မြေစာပင်ဖြစ်နေကြရပြီး အခက်အခဲများ၊ အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရကြသည်။ ယခုဆိုလျှင် ရခိုင်မြောက်ပိုင်းရှိ မြို့နယ်များတွင် စစ်ဘေးရှောင်ဦးရေ (၇၀၀၀)ခန့်မှာ မိမိနေရပ်ကို စွန့်ခွာပြီး ဒုက္ခသည်စခန်းများတွင် ခိုလှုံနေကြရသည်။

ယခုရက်ပိုင်းအတွင်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ကြား ကျေးရွာအနီးတို့တွင်ပင် တိုက်ပွဲဆက်တိုက် ဖြစ်ပွားမှုရှိပြီး တိုက်ပွဲအနီးရှိ ပြည်သူလူထုများမှာ အထိနာကြရသည်။ အရပ်သားများ ထိခိုက်မှုရှိလျှင် မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းကမှ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ဖြေရှင်းမှု မရှိကြပေ။ တစ်ဖက်နှင့် တစ်ဖက်သာ စွပ်စွဲမှုများရှိကြသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကဆိုလျှင် ရသေ့တောင်မြို့နယ်၊ မင်းဖူးကျေးရွာတွင် ဖြစ်ရပ်ဆိုးတစ်ခု ကြုံတွေ့ခဲ့ရသည်။ တပ်မတော် စစ်ကြောင်းတစ်ခုသည် မင်းဖူးကျေးရွာသို့ အိမ်ထောင်စုစာရင်း စစ်ဆေးရန် လာရောက်စဉ် ကျေးရွာအနီး မိုင်းပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့သဖြင့် တပ်မတော်က ကျေးရွာအတွင်းတွင် ပစ်ခတ်မှုပြုလုပ်ရာတွင်  အသက် (၁၉) နှစ်အရွယ် မရီရီစိုး ကျည်ဆန်ထိမှန်၍ သေဆုံးသွားခဲ့သည်ဟု မိသားစုဝင်များက ပြောကြသည်။

သို့သော်လည်း တပ်မတော်ဘက်ကမူ မိသားစုဝင်များ ပြောဆိုချက်ကို ပယ်ချလိုက်ပြီး မိမိတို့ပစ်ခတ်မှုကြောင့် သေဆုံးခြင်းမဟုတ်ကြောင်း၊ AA ပစ်ခတ်မှုကြောင့် သေဆုံးသွားခြင်းဖြစ်နိုင်ကြောင်း ပြောသည်။ အလားတူ ရက္ခိုင့်တပ်မတော် (AA)ကလည်း မိမိတို့ ပစ်ခတ်မှုကြောင့် သေဆုံးသွားခြင်းမဟုတ်၊ တပ်မတော်က ပစ်ခတ်မှုကြောင့် သေဆုံးသွားခြင်းဖြစ်သည်ဟု ပြောကြသည်။

ကျည်ဆန်ထိမှန်၍ သေဆုံးသွားသူများတွင် မရီရီစိုး တစ်ယောက်တည်း မဟုတ်ပေ။ ဇန်နဝါရီလ ၂၆ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ်၊ သမီးလှကျေးရွာက အသက် ၇ နှစ်အရွယ် မောင်နိုင်စိုးမှာ ကျည်ဆန်ထိမှန်၍ ဒဏ်ရာရရှိကာ သေဆုံးသွားသည်။ ကျည်ဆန်ထိမှန်မှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိသူများ အရေအတွက်လည်း များပြားလာသည်။ သို့သော် မည်သူပစ်ခတ်မှုကြောင့် ယခုကဲ့သို့ ဖြစ်ပေါ်ရခြင်းကို မည်သည့်အဖွဲ့ကမှ ဝန်ခံခြင်းမရှိပေ။ မည်သို့ပင်ဆိုစေ ယခုကဲ့သို့ ပြည်သူများ ထိခိုက်နစ်နာနေရခြင်းမှာ တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ဆိုသည်ကို မည်သူမှ ငြင်းချက်ထုတ်လို့ မရနိုင်ပေ။

မြန်မာ့နိုင်ငံတွင် ပြည်တွင်းစစ် ဖြစ်ပွားနေသည်မှာ နှစ်ပေါင်း(၇၀)ရှိနေပြီဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင်များကလည် မိမိလူမျိုးလွတ်မြောက်ရေး၊ တန်းတူအခွင့်အရေးရရှိရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး စသည်တို့အတွက် တိုက်ပွဲဝင်နေခြင်းဟု ဆိုသည်။ အလားတူ တပ်မတော်ဘက်ကလည်း ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက် ကာကွယ်တိုက်ခိုက်နေရခြင်းဟု ဆိုသည်။

နိုင်ငံရေးအရ မပြေလည်မှုများကြောင့် တိုက်ခိုက်ရာတွင် ပြည်သူများ ဝန်ထုတ်ဝန်ပိုးမဖြစ်အောင် ပြုလုပ်ရန် အရေးကြီးသည်။ အထူးသဖြင့် အရပ်သားပြည်သူများ ထိခိုက်နစ်နာမှုများ မရှိအောင် ထိန်းထိန်းသိမ်းသိမ်း ပြုလုပ်ရန် အရေးကြီးသည်။ တိုက်ပွဲများကြောင့် အရပ်သားများ ထိခိုက်စေမည့်အရေးကို မည်သည့် လက်နက်ကိုင်တပ်ဖွဲ့ကမျှ မလုပ်ရန်လိုအပ်ပြီး တိုက်ပွဲကြားတွင်ရှိနေသည့် မြေစာပင် ပြည်သူများကို ကာကွယ်ရန် အရေးကြီးပေသည်။

ပြည်သူလူထုများသည် စစ်မက်ဖြစ်ပွားနေခြင်းကို မလိုလားပေ။ ငြိမ်းငြိမ်းချမ်းချမ်းဖြင့်သာ မိမိတို့နေရပ်တွင် နေထိုင်ချင်ကြသည်။ ပြည်သူလူထုများကဲ့ပင် မည်သည့်လက်နက်ကိုင်တပ်ဖွဲ့မှ တိုက်ခိုက်ချင်လိမ့်မည် မဟုတ်ပေ။ သို့သော် မပြေလည်မှုများ ရှိနေသောကြောင့် တိုက်ခိုက်၍ ဖြေရှင်းနေရခြင်း ဖြစ်သည်။

တပ်မတော်က တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဆွေးနွေးရန်အတွက်ဟုဆိုကာ လေးလကျော်ကြာ အပစ်ရပ်စဲထားသည်။ ယခုဆိုလျှင် အပစ်ရပ်စဲမှု နှစ်လပြည့်နေပြီဖြစ်သော်လည်း ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးမှုမှာ ရေရေရာရာ မရှိသေးပေ။ ရခိုင်ပြည်နယ်အတွင်းတွင် ပြင်းထန်နေသည့် တိုက်ပွဲသည် လည်း ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးမှု မပြေလည်မှုကြောင့် ပြင်းထန်နေခြင်းဖြစ်သည်။ ထို့ကြောင့် တိုက်ပွဲများကိုရပ်စဲပြီး စားပွဲဝိုင်းတွင် ဆွေးနွေးရန်  အရေးကြီးပေသည်။ နိုင်ငံရေးကိစ္စကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် လိုအပ်သည်။

လတ်တလော အနေအထားအရ ရခိုင်ပြည်နယ်အတွင်းတွင် တိုက်ပွဲရပ်တန့်မည့်အနေအထား မမြင်တွေ့ရသေးပေ။ တိုက်ပွဲ ပိုမိုပြင်းထန်လာမည့် အလားအလာကိုသာ တွေ့မြင်နေရသည်။ ထို့ကြောင့် နှစ်ဘက်တိုက်ပွဲဖြစ်ပွားရာတွင် အရပ်သားပြည်သူများ မထိခိုက်အောင် ဆောင်ရွက်ကြရန် မိမိတို့  Development Media Group က တိုက်တွန်းလိုက်ရသည်။

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ထွက်ရှိသော Development News Journal အမှတ် (၁၀၄) မှ အယ်ဒီတာ့အာဘော်ကို ဖော်ပြခြင်းဖြစ်သည်။

 

 

ဗီဒီယိုများ