ပြဿနာဖြစ်အောင် လှုံ့ဆော် ဖန်တီးသူများကို ဆန့်ကျင်ကြ

လူပုဂ္ဂိုလ်အချင်းချင်း ပဋိပက္ခဖြစ်ပွားလျှင် အချိန်ကြာလာသည်နှင့်အမျှ ညှိနှိုင်းလုပ်ဆောင်လျှင် ပြေလည်မှုရရှိနိုင်သော်လည်း ဘာသာရေးလူမျိုးရေးကို အကြောင်းပြု၍ ပဋိပက္ခဖြစ်ပေါ်လျှင် ကာလကြာသည့်တိုင် ပြေလည်ရန် ခက်ခဲလိမ့်မည်။

By အယ်ဒီတာ 06 Jun 2019


အမုန်ုးတရားကြီးထွားမှုသည် အလွန်ကြောက်စရာကောင်းသည်။ ယင်းအထဲတွင် ဘာသာတစ်ခုနှင့် တစ်ခု လူမျိုးတစ်မျိုးနှင့်တစ်မျိုး ပဋိပက္ခဖြစ်ပွားရာမှ စတင်၍ အမုန်းတရားကြီးထွားမှုသည် ကြောက်စရာ အကောင်းဆုံးဖြစ်သည်။

လူပုဂ္ဂိုလ်အချင်းချင်း ပဋိပက္ခဖြစ်ပွားလျှင် အချိန်ကြာလာသည်နှင့်အမျှ ညှိနှိုင်းလုပ်ဆောင်လျှင် ပြေလည်မှု ရရှိနိုင်သော်လည်း ဘာသာရေး လူမျိုးရေးကို အကြောင်းပြု၍ ပဋိပက္ခဖြစ်ပေါ်လျှင် ကာလကြာသည့်တိုင် ပြေလည်ရန် ခက်ခဲလိမ့်မည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည့် ကိစ္စရပ်တစ်ခုကြောင့် မွတ်ဆလင်နှင့် ရခိုင်တို့ကြားတွင် ဆက်ဆံရေးတင်းမာခဲ့ပြီး တစ်ဖက်နှင့်တစ်ဖက်ကြားတွင် သံသယအမြင်များဖြင့် ကြည့်ရှုမှုများရှိသည်။

ထိုကိစ္စရပ်များသည် ယနေ့တိုင် ပြေလည်မှု မရရှိသေးသော်လည်း တည်ငြိမ်သည့် အခြေအနေတစ်ခုသို့ ရောက်ရှိနေပြီဖြစ်သည်။တစ်ဖက်နှင့် တစ်ဖက်ကြား  ပဋိပက္ခ ယခုထက် ပိုမိုမကြီးထွားအောင် လုပ်ဆောင်ရန် နှစ်ဖက်စလုံးတွင် တာဝန်ရှိပေသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်လျက်ရှိသည်။ တိုက်ပွဲကြောင့် တည်ငြိမ်မှုပျက်ပြားနေသည်ကိုပင် ယခုထက် မငြိမ်မသက်ပိုမိုဖြစ်အောင် အစွန်းရောက်တချို့က မွတ်ဆလင်နှင့် ရခိုင်တို့ကြားတွင် တင်းမာမှု ဖြစ်စေမည့် ပြုမူဆောင်ရွက်မှုများကို လုပ်ဆောင်နေသကဲ့သို့ Facebook ကဲ့သို့သော အင်တာနက်လူမှုကွန်ရက်တို့တွင်လည်း ရေးသားမှုများရှိလာသည်။

မွတ်ဆလင်နှင့် ရခိုင်များကို ရန်တိုက်ပေးခြင်း မွတ်ဆလင်များကို လှုံ့ဆော်ပေးခြင်း ရခိုင်များကို သွေးထိုးပေးခြင်း စသည့် ရှက်ဖွယ်လုပ်ရပ်များကို လုပ်ဆောင်နေကြသည်။

ရခိုင်လူမျိုးများ ထောက်ခံမှုကို ရရှိနေသည့် ရက္ခိုင့်တပ်တော်(AA)နှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားကြရာ တစ်ချို့က AA သည် ရခိုင် လူမျိုးများကို ကာကွယ်စောင့်ရှောက်နေသည့် တပ်မတော်ကိုမှ တိုက်ခိုက်နေကြောင်း ယခုကဲ့သို့လုပ်ဆောင်နေပါက ရခိုင်ပြည်သည် "ကုလားပြည်" ဖြစ်သွားနိုင်သည်ဟု ပြောဆို ရေးသားနေကြသည်။

တပ်မတော်နှင့် AA တို့ တိုက်ခိုက်နေခြင်းမှာ လူမျိုးရေးကြောင့် တိုက်ခိုက်နေခြင်းမဟုတ်။ နိုင်ငံရေးကိစ္စရပ်များ မပြေလည်၍ တိုက်ပွဲများ ဖြစ်ပွားနေကြခြင်းဖြစ်သည်။ စစ်ရေးကို လူမျိုးရေး ဘာသာရေးများနှင့် မရောထွေးသင့်ပေ။ စစ်ရေးကို လူမျိုးရေး ဘာသာရေးကိစ္စများနှင့် ရောထွေးပါက မလိုလားအပ်သော ပြဿနာများ ဖြစ်ပေါ်လာစေနိုင်သည်။

ဤသို့ ပဋိပက္ခဖြစ်ပေါ်စေနိုင်သည့် ရေးသားမှုများကို အာဏာပိုင်များအနေဖြင့် စောင့်ကြည့်တားဆီးရမည်ဖြစ်ပြီး တားဆီးမရလျှင် ပြင်းထန်စွာ အရေးယူရမည်။ ထို့အပြင် သက်ဆိုင်ရာ လူမှုကွန်ရက်များကလည်း အမုန်းစကားများကို ဖယ်ရှားသုတ်သင်ရမည် ဖြစ်သည်။

ရခိုင်ပြည်နယ်သည် လက်ရှိအချိန်တွင် အခက်အခဲ အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရကာ ပညာရေး ကျန်းမာရေး စီပွားရေး နိမ့်ကျနေသည်။ တစ်ဖက်တွင် ဘာသာရေး လူမျိုးရေးနှင့်ပတ်သက်ပြီး နိုင်ငံတကာ၏ အာရုံစိုက်မှုကို ခံနေရသည်။ ထိုကဲ့သို့ အချိန်တွင် ပြဿနာများပေါ်ပေါက်လာပါက ပြည်နယ်အတွက် ကောင်းကျိုးမဆောင်ဘဲ အနှုတ်လက္ခဏာသာ ဆောင်မည်ဖြစ်သည်။

မေလ ၁၅ ရက်နေ့က ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်တွင် ဖြစ်ပွားခဲ့သော ဘာသာရေးဆူပူမှုသည် နိုင်ငံ တဝှမ်းတွင်ရှိသော ပြည်သူများအတွက် သတိထားစရာ တစ်ခုဖြစ်သည်။ ထိုနေ့က အစ္စလာမ်ဘာသာဝင်တို့၏ ရာမဇန်ဥပုသ်လကာလ ယာယီဝတ်ပြုဆောင်များကို အစွန်းရောက် လူအုပ်စုများက အတင်းပိတ်သိမ်းခိုင်းခဲ့ရာမှ စတင်ကာ ဆူပူမှုဖြစ်ပွားခဲ့သည်။ သို့သော် ထိုဆူပူမှုကို အချိန်မီထိန်းသိမ်းနိုင်ခဲ့သည်။ သို့မဟုတ်ပါက ဖြစ်ပွားလာမယ့် အကျိုးဆက်ကို မတွေးဝံ့စရာပင်။

ပြည်သူလူထုသည် ဘာသာရေး လူမျိုးရေး နိုင်ငံရေး ပဋိပက္ခထောင်ချောက်ထဲသို့ မဝင်မိစေရန် ဂရုစိုက်ကြစေလိုသည်။ လှုံ့ဆော် ဖန်တီးမှုများကိုလည်း စိတ်ခံစားမှုဖြင့်မတုန့်ပြန်မိကြရန် သတိရှိကြစေလိုသည်ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဧပြီလ ၁၇ ရက်နေ့ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားတွင် ထည့်သွင်း၍ ကြိုတင်သတိပေးခဲ့သည်။

တချို့ပုဂ္ဂိုလ်တို့သည် နိုင်ငံရေး၌လည်းကောင်း စီးပွားရေးအတွက်လည်းကောင်း ကိုယ်ကျိုးစီးပွားအတွက် ဘာသာရေး လူမျိုးရေး ပြဿနာဖြစ်အောင် ဖန်တီးတတ်ကြသည်။ ထိုပြဿနာများတွင် ပါဝင်သူများကိုပင် "မျိုးချစ်စိတ်ရှိသူ"ဟု သူတို့အချင်းချင်း ခေါ်ဝေါ်သမုတ် ကြသေးသည်။

မိမိနိုင်ငံ မိမိလူမျိုး မိမိဘာသာသနာကို အစစ်အမှန်ချစ်လျှင် ထိုသို့ ရုပ်ပျက်ဆင်းပျက် သိက္ခာကျမည့် အလုပ်ကို လုပ်မည်မဟုတ်ပေ။ ထိုလုပ်ရပ်များသည် မည်သည့် ရှုထောင့်ဘက်ကကြည့်ကြည့် ကောင်းသည်ဟူ၍မရှိ။ နောက်ဆက်တွဲ ဆိုးကျိုးများ ရေမတွက်နိုင်အောင်ပင် ဖြစ်ပေါ်လာစမြဲဖြစ်သည်။ မိမိအမျိုးကိုချစ်၍ သူတပါး အမျိုးကိုမုန်းရန် မလိုအပ်ပေ။ မိမိအမျိုးကိုလည်း ချစ်ပြီး သူတပါးအမျိုးကိုလည်း လေးစားတန်ဖိုးထားရန် လိုသည်။

ဘာသာရေး လူမျိုးရေး ပြဿနာများ မဖြစ်ပေါ်အောင် ယင်းကဲ့သို့ ထောင်ချောက်ထဲသို့ မဝင်မိအောင် မွတ်ဆလင်ရော ရခိုင်လူမျိုးတို့ပါ သတိပြုရမည်ဖြစ်သည်။ ပြဿနာဖြစ်အောင် ဖန်တီးကြိုးစားသူများ လှုံ့ဆော်သူများကို ဝိုင်းဝန်းဆန့်ကျင်ကြရန် မိမိတို့ Development News Journal က တိုက်တွန်းလိုက်ပါသည်။

ဗီဒီယိုများ