တိုက်ပွဲများကြောင့် ကရင်နီဒေသတွင် သေဆုံးသူဒဏ်ရာရသူ ၂၇ ဦးနှင့် ဘာသာရေး အဆောက်အအုံနှင့် နေအိမ် ၁၀ ကျော် ပျက်စီးခဲ့

ကယား (ကရင်နီ) ပြည်နယ်အတွင်း ပြီးခဲ့သည့် ဇွန်လတွင် တိုက်ပွဲများကြောင့် ဒေသခံဦးရေ (၃၀) နီးပါး ထိခိုက်သေဆုံးခဲ့ပြီး ဘာသာရေး အဆောက်အအုံ နှစ်လုံး အပါအဝင်လူ နေအိမ် (၁၂) လုံး ထိခိုက်ပျက်စီး ခဲ့ကြောင်း ဇူလိုင် ၁ ရက်နေ့က ရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) မှ သတင်း ထုတ်ပြန်ခဲ့သည်။

07 Jul 2022

ပြီးခဲ့သည့် ဇွန်လက ဖရူဆို ဒေါညေးခူ ဘုရားကျောင်း အပါအဝင် နေအိမ်အချို့ပျက်စီးခဲ့စဉ်။ (ဓာတ်ပုံ-ကရင်နီအမျိုးသားကာကွယ်ရေးတပ်-KND)

DMG ၊ ဇူလိုင် ၇

ကယား (ကရင်နီ) ပြည်နယ်အတွင်း ပြီးခဲ့သည့် ဇွန်လတွင် တိုက်ပွဲများကြောင့် ဒေသခံဦးရေ (၃၀) နီးပါး ထိခိုက်သေဆုံးခဲ့ပြီး ဘာသာရေး အဆောက်အအုံ နှစ်လုံး အပါအဝင်လူ နေအိမ် (၁၂) လုံး ထိခိုက်ပျက်စီး ခဲ့ကြောင်း ဇူလိုင် ၁ ရက်နေ့က ရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) မှ သတင်း ထုတ်ပြန်ခဲ့သည်။

ထိုသို့ ထိခိုက်ပျက်စီးမှု၊ ဒဏ်ရာရသေခြင်းခြင်းတို့မှာ စစ်ကောင်စီတပ်က ကရင်နီဒေသသို့ ဇွန်လအတွင်း အင်အားအလုံးအရင်း ဖြည့်တင်းကာ စစ်ကြောင်းထိုးမှု ကြောင့် ကရင်နီ အမျိုးသား ကာကွယ်ရေးတပ် (KNDF) ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုတိုက်ပွဲများ၌ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှုနှင့် မီးရှို့ဖျက်ဆီးမှုများကြောင့် ဖရူဆိုနှင့် လွိုင်ကော်မြို့နယ်တို့မှ ခရစ်ယာန်ဘုရားကျောင်း နှစ်ကျောင်း အပါအဝင် ဒေသခံ နေအိမ် (၁၂) လုံး မီးလောင်ပျက်စီးမှုရှိခဲ့ကြောင်း KNDF သတင်းအရင်းအမြစ်ကပြောသည်။

“စစ်ကောင်စီ တပ်ဘက်က ကရင်နီဒေသကို ဇွန်လတစ်လလုံး အင်အားအလုံး အရင်းနဲ့ဖြည့်ပြီး စစ်ကြောင်း ထိုးမှု ရှိခဲ့ပါတယ်။ ဒီဘက် ပူးပေါင်းအဖွဲ့နဲ့ ထိပ်တိုက်တွေ့ခဲ့တာကနေ တိုက်ပွဲဖြစ်တာပေါ့။ စစ်ကောင်စီတပ် တွေက ရွာတွေထဲကို မီးရှိူ့ခဲ့တာရော လက်နက်ကြီးနဲ့ ပစ်တာကြောင့် နေအိမ် (၁၂) လုံး လောက်မီး လောင်ပျက်စီးတယ်။ ကက်သစ်လစ်ဘုရားကျောင်းနှစ် ကျောင်းပါ ပျက်စီးသွားတယ် ” ဟု KNDF တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထို့အပြင်စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒီးမော့ဆို၊ ဖရူဆိုနှင့် မိုးဗြဲမြို့နယ်အနီးကျေးရွာ (၅) ရွာ မှ ဒေသခံ (၂၂) ဦး ထိခိုက်ခဲ့ကာ (၅) သေဆုံးမှုရှိခဲ့ကြောင်း စစ်ရှောင်ကူညီရေး လုပ်ဆောင်သူများ ထံမှ သိ ရသည်။

“ဒီးမော့ဆို၊ ဖရူဆိုနဲ့ မိုးဗြဲကရွာ (၅) ရွာထဲကို လက်နက်ကြီး ထိမှန်သွားတယ်။ ထီးပေါ်ဆို၊ ဒေါညေးခူ၊ ကုန်းသာ၊ ပူဖားကျေးရွာနဲ့ သေးဆူလဲ ရွာကဒေသခံ ၂၀ ကျော်ထိခိုက်ခဲ့တယ်။ ၅ ဦး သေဆုံးခဲ့တယ် ” ဟု ကရင်နီ စစ်ရှောင်ကူညီရေး လုပ်ဆောင်သူတစ်ဦးက ဆိုသည်။

ထိုအရပ်သားထိ ခိုက်မှုဖြစ်စဉ်တွင် ကလေးသူငယ် ၄ ဦးနှင့် သက်ကြီး ရွယ်အိုအရွယ် နှစ်ဦး အထိ ပါဝင်ခဲ့ကြောင်းလည်း ကရင်နီလူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ပြောဆိုကြသည်။

“ သေဆုံးတယ့်အထဲမှာ လက်နက်ကြီးမှန်လို့ အသက် ၅၀ နှစ်ကျော် အရွယ်နှစ်ဦး ပါလာတယ်။ သူတို့ကနေ အိမ်ထဲမှာ ညအိပ်နေတုန်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ကျည်အိမ်ကို မှန်လို့သေဆုံးခဲ့တာ ဖြစ်ပါတယ်။ နောက်အသက်လေးနှစ် အရွယ်ကလေးတစ်ဦး၊ အသက် ၁၂နှစ်အရွယ်တစ်ဦး နဲ့ အသက် ၁၅ နှစ်အရွယ်တစ်ဦး ၊၁၈ နှစ်ကျော်အရွယ် တစ်ဦးပေါ့။ အကြောင်းမဲ့ ရည်ရွယ်ချက်ရှိ ရှိကို လက်နက်ကြီးနဲ့ ရွာထဲကို ပစ်ခတ်ခဲ့တာပါ ” ဟု ကရင်နီလူ့အခွင့်အရေး လှုပ်ရှားသူ တစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် ဇွန်လအတွင်း စစ်ကောင်စီတပ်နှင့် ကရင်နီ အမျိုးသား ကာကွယ်ရေးတပ် (KNDF) ပူးပေါင်း အဖွဲ့များ ကြား တိုက်ပွဲ အကြိမ် (၃၀) ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ဗိုလ်ကြီး အဆင့် အရာရှိ တစ်ဦးနှင့် တပ်ကြပ်ကြီး အဆင့် နှစ်ဦး အပါအဝင်ဒဏ်ရာရ သေဆုံးသူ (၂၅) ဦး အထိရှိခဲ့ပြီး KNDF ပူးပေါင်းအဖွဲ့က ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းလည်း မြေပြင်သတင်းရင်းမြစ်များက ပြောဆိုကြသည်။

ဗီဒီယိုများ